www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 4, 2017

အရှေ့အလယ်ပိုင်း ယမ်းပုံအနီး မီးနှင့်ကစားနေသည့် ဒေါ်နယ်ထရမ့်



ဘာသာပြန်ဆောင်းပါး

ကမ္ဘာ့ပထဝီနိုင်ငံရေးတွင် မဟာဗျူဟာအရ အချက်အချာကျလှသည့် အရှေ့အလယ်ပိုင်းဒေသသည် ၂ဝရာစုအစပိုင်းမှ ယနေ့တိုင် အေးချမ်းတည်ငြိမ်၍ သာယာဝပြောသော ကာလဟူ၍မရှိသလောက်ရှားလှသည်။ ၁၉ဝဝ ပြည့်နှစ် လွန်အစောပိုင်း နှစ်များတွင် အော်တိုမန် အင်ပါယာ ပြိုကွဲမှုနှင့်အတူ အရှေ့အလယ်ပိုင်း၌ ယမ်းငွေ့များဝေခဲ့သည်။

ပထမကမ္ဘာစစ် အပြီးတွင် အရှေ့အလယ်ပိုင်းမှ ရေနံစွမ်းအင်၏ အရေးပါမှုကြောင့် အော်တိုမန်အင်ပါယာ လောင်းရိပ်အောက်မှ လွတ်မြောက်လာပြီး မကြာမီမှာပင် ရေနံလိုအပ်နေသော အနောက်အုပ်စု ကိုလိုနီနိုင်ငံများ၏ ကာကွယ် စောင့်ရှောက်မှု အောက်သို့ အာရပ်နိုင်ငံများ ကျရောက်ခဲ့ရပြန်သည်။ ဒုတိယကမ္ဘာစစ်တွင် ရေနံကြောင့် အာဖရိကမြောက်ပိုင်း၌ စစ်တလင်းဖြစ်ခဲ့ရသည်။ ဒုတိယကမ္ဘာ စစ်အပြီးတွင် စစ်အေးတိုက်ပွဲ၏ နောက်ဆက်တွဲ ကိုယ်စား စစ်ပွဲအဖြစ် အာရပ်-အစ္စရေးစစ်ပွဲများ ဖြစ်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်လွန် နှောင်းပိုင်းနှင့် ၁၉၈ဝ ပြည့် နှစ်များတွင် အီရန်-အီရတ်စစ်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်တွင်လည်း ၁၉၉ဝ ပြည့် နှစ်များတွင် ပင်လယ်ကွေ့ စစ်ပွဲများ ပေါ်ပေါက်လာခဲ့သည်။

ယင်းမှာအရှေ့အလယ်ပိုင်း နိုင်ငံရေးတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ရေးအရ မဟာအင်အားကြီး အမေရိကန်နိုင်ငံ ပါဝင်လာခဲ့ခြင်း ဖြစ်၏။သို့သော်ထိုစဉ်က အမေရိကန်၏ မဟာဗျူဟာရည်မှန်းချက်မှာ အရှေ့အလယ်ပိုင်း၌ ရှေ့သို့ ချွန်ထွက်၊ ကျွံထွက်လာမည့် ဒေသတွင်း အင်အားကြီးနိုင်ငံဟူ၍ ရှိမလာစေဘဲ အင်အားပြိုင်နိုင်ငံ အချင်းချင်း(ဆော်ဒီအာရေဗျ၊ အီရတ်၊ အီရန်)အင်အားထိန်းညှိ၍ တည်ငြိမ်သော အခြေအနေကို ရှိမြဲအတိုင်း ထိန်းထားရန် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ကွေ့ စစ်ပွဲကာလတွင် အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်ကိုသိမ်းပိုက်၍ သမ္မတဆက်ဒမ်ဟူစိန်ကို ဖြုတ်ချဖယ်ရှား နိုင်သော်လည်း ထိုစဉ်ကအမေရိကန်သမ္မ တဂျော့ခ်ျဒဗလျူဘုရှ်က ဆက်ဒမ်ကို မဖယ်ရှားဘဲဦးနှိမ် ထိန်းချုပ်မှုသာ ပြုလုပ်ခဲ့သည်။

ဤနည်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသကို အနည်းဆုံးအားဖြင့် ဖရိုဖရဲမပြိုကွဲရအောင် ထိန်းထားနိုင်ခဲ့၏။ ဤအခြေအနေကို ပြောင်းပြန် လှန်ပစ်ခဲ့သည်မှာ ၂၁ ရာစုတွင် အာဏာရရှိလာခဲ့သည့် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူ ဘုရှ် (ဘုရှ်အငယ်) နှင့် ၎င်း၏နောက်မှ တက်လာသည့် သမ္မတဘားရက်အိုဘားမား တို့ဖြစ်သည်။ သမ္မတနှစ်ဦးကို ခေါင်းတပ်၍ ပြောရသော်လည်း နောက်ကွယ်မှ အဓိကလက်သည်များမှာ ရီပတ်ဘလစ်ကန်ဘက်မှ ရှေးရိုးစွဲ လက် သစ်ဝါဒီ (Neoconservative) အုပ်စုနှင့် ဒီမိုကရက်ဘက်မှ စိတ်ကူးယဉ် လစ်ဘရယ်ဝါဒီ (Liberal Idealist) အုပ်စုတို့ ဖြစ်ကြသည်။ စစ်အေးတိုက်ပွဲအပြီး လက်ဝဲအုပ်စု ပြိုလဲမှုကြောင့် အောင်ပွဲခံ မာန်တက် နေကြသော ယင်းအုပ်စု နှစ်စုသည် မိမိတို့၏ အမြင်ရှုထောင့် အသီးသီးမှ ကမ္ဘာကြီး၏ အနေအထားကို ပုံစံအသစ်ဖြင့် ပြောင်းလဲပစ်လိုကြသည်။ အထူးသဖြင့် ထိုကာလတွင်စစ်ပန်း၍ ယိုင်နဲ့နဲ့ဖြစ်နေသော အရှေ့အလယ်ပိုင်း ဒေသကို ခပ်ပြင်းပြင်းဝင်မွှေလိုက် လျှင်ဒီမိုကရေစီ မဟာအရှေ့အလယ်ပိုင်း ပုံစံသစ်ကို အလွယ်တကူ ပုံသွင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

ထိုသို့ ယုံကြည်သည့် အတိုင်းလည်း သမ္မတဂျော့ခ်ျဒဗလျူဘုရှ် လက်ထက်တွင်၂ဝဝ၃ ခုနှစ် အီရတ်လွတ်မြောက်ရေး စစ်ပွဲမှစ၍ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပုံအောသုံးစွဲကာ ဝင်ရောက် စွက် ဖက်ခဲ့သည်။ ရလဒ်ကား အာဏာရှင်ဆက်ဒမ် လက်ထက်က အတန်အသင့် တည်ငြိမ်ဖွံ့ဖြိုးခဲ့သော အီရတ်သည် ပြာပုံဘဝသို့ ရောက်ရှိသွားခဲ့သည်။ လူများစုရှီးယိုက်နှင့် လူနည်းစုဖြစ်သော်လည်း အစဉ်အလာအရ သြဇာကြီးသည့် ဆွန်နီအုပ်စုတို့ကြား မဆုံးနိုင်သော တိုက်ခိုက်မှုများ ဖြစ်လာခဲ့သည်။

ယင်းတိုက်ခိုက်မှုများမှ ယနေ့လူမုန်းများလှသော အစွန်းရောက် အကြမ်းဖက်အဖွဲ့ ပေါက်ဖွားလာခဲ့သည်။ လူမျိုးရေးလူနည်းစု ကာ့ဒ်များကလည်း တစ်စင်ထောင်၍ ခွဲထွက်ရန်ကြိုးပမ်း ခဲ့ကြသည်။ သမ္မတဘုရှ်အငယ်၏ သက်တမ်း ကုန်ဆုံးသွားချိန်တွင် အီရတ်သည် ပြိုကွဲကျရှုံးလုနီးပါး ဖြစ်နေခဲ့လေသည်။

ဤအခြေအနေကို ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် အတူသမ္မတအိုဘားမားက ဆက်ခံခဲ့ရသည်။ အိုဘားမားလက်ထက်တွင် ၂ဝ၁၁ ခုနှစ်မှစ၍ကမ္ဘာ့ စီးပွားပျက်ကပ်၏ ဘေးထွက်ဆိုးကျိုး ဖြစ်သော အာရပ်နွေဦး လှုပ်ရှားမှုများ ပေါ်ထွက်လာပြန်သည်။ အာဖရိက မြောက်ပိုင်းမှ အစပြုသည့် လူထုအုံကြွမှုများ ဖြင့်အာဏာရှင်နိုင်ငံ ခေါင်းဆောင်များ တစ်ဦးပြီးတစ်ဦး ပြုတ်ကျသွားခဲ့ ကြသောအခါ အိုဘားမား၏ လစ်ဘရယ်ဝါဒီ လက်ထောက်များက အစဉ်အလာအရ မဟာမိတ်ဖွဲ့ခဲ့သော အမေရိကန်၏ မိတ်ဆွေဟောင်းနိုင်ငံ ခေါင်းဆောင်များကို စွန့်ခွာ၍ ဒီမိုကရေစီလှုပ်ရှားမှုဟု ၎င်းတို့ယုံကြည်သော အင်အားစုများဘက်သို့ ကူးပြောင်း ထောက်ခံခဲ့သည်။

အကျိုးဆက်မှာကား အဆိုးဆုံးအခြေအနေတွင် လစ်ဗျားနိုင်ငံ ပျက်သွားသည်။ ဆီးရီးယား၌ ပြည်တွင်းစစ်မှသည် နိုင်ငံတကာပါဝင်သော ပဋိပက္ခတစ်ခု ဖြစ်လာခဲ့သည်။ ယီမင်၌လည်း ထိုနည်းတူပင် ဖြစ်သည်။ အသက်သာဆုံး အနေ အထားဟု ဆိုနိုင်သည့် အီဂျစ်နိုင်ငံ၌ပင် ဒီမိုကရေစီ မျက်နှာဖုံးဖြင့် တက်လာသော ဘာသာရေး အခြေခံဝါဒီများကို စစ်အာဏာ သိမ်းခြင်းဖြင့် ဖြုတ်ချမှု ဖြစ်ပွားခဲ့သေးသည်။

အိုဘားမား၏ သမ္မတသက်တမ်း အဆုံးတွင် ပွဲပျက်နေသော အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းမှ ထွက်ပြေးလာကြသော စစ်ပြေးဒုက္ခသည်များမှာ ဥရောပတိုက် အတွင်းသို့ သန်းနှင့်ချီ၍ အလုံးအရင်းဖြင့် ဝင်ရောက် လာခဲ့ ကြသည့် လူဝင်မှုပြဿနာ ကြီးဖြစ်ပေလာခဲ့သည်။ ဘေးထွက်ဆိုးကျိုးအဖြစ် ဥရောပတစ်ဝန်း၌ ဘာသာရေး အခြေခံသော အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဆင့်ကဲ ဖြစ်ပေါ်နေခဲ့သည်မှာ ယနေ့တိုင်အဆုံးမသတ် နိုင်သေးပေ။ ဥရောပနိုင်ငံ ခေါင်းဆောင်များ အတွက်လည်း ယင်းပြဿနာကို အမှန်တကယ် ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းရှိပုံ မရပေ။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လိုက်၊ နှုတ်အားဖြင့် ပြစ်တင်ရှုတ်ချလိုက်၊ လုံခြုံရေး တပ်ဖွဲ့များ တိုးချထားလိုက်၊ ခဏကြာလျှင် နောက်တစ်ကြိမ် တိုက်ခိုက်မှုဖြစ်လိုက်နှင့်သာ သံသရာလည်နေသည်။

ဤအနေအထားတွင် သမ္မတဒေါ်နယ်ထရမ့် တက်လာခြင်း ဖြစ်သည်။ အစဉ်အလာနိုင်ငံ အာဏာကို စွဲမြဲစွာဆုပ်ကိုင်ထားသည့် အုပ်စု (Establishment) ကို ဆန့်ကျင်၍ အာဏာရလာသည့် ထရမ့်လက်ထက်တွင် ပြည်တွင်းရေး ရှေးရှု သည့် (Inward Looking) မူဝါဒ၊ရုရှားနှင့် သင့်မြတ်စွာဆက်ဆံလိုသည့် နိုင်ငံခြားရေးဝါဒ၊ ပြည်ပရေးရာများတွင် အင်အားသုံးစွက်ဖက်လိုမှု ထက်သီးခြားရပ်တည် နေထိုင်လိုသည့် မူဝါဒတို့ကို ကျင့်သုံးလိမ့်မည်ဟု မှန်းဆခဲ့ကြသည်။

သို့သော်လည်း အာဏာရပြီး ခြောက်လပင်မပြည့်သေး သောကာလတွင်  ထရမ့်၏လုပ်ရပ်များမှာ အထက်ပါ မှန်းဆချက်များနှင့် ကွာဟသည်ထက် ကွာဟလာသည်ကို တွေ့ရ၏။ ရွေးကောက်ကာလက မဟာမိတ်သဖွယ် ဖြစ်ခဲ့သော ရုရှားနှင့်ထိပ်တိုက် တွေ့လာခဲ့သည်။ ဆီးရီးယားတွင် ရုရှားထောက်ခံ အားပေးသည့် သမ္မတအာဆတ် အစိုးရ၏ လေတပ်စခန်းနှင့် တိုက်ခိုက်ရေး လေယာဉ်တို့ကို တိုက်ခိုက်ပစ်ချမှုများ ပြုလုပ်လာခဲ့သည်။ အရှေ့အလယ်ပိုင်း၌ ကမ္ဘာ့ ရန်ဖြစ်နေသည့် ဆွန်နီအုပ်စုခေါင်းဆောင် ဆော်ဒီအာရေဗျနှင့် ရှီးယိုက်အုပ်စုခေါင်းဆောင် အီရန်တို့ကြားတွင် ဆော်ဒီဘက်မှ သိသိသာသာရပ်တည်ကာ အီရန်နှင့်အမေရိကန် တို့ကြား အိုဘားမားလက်ထက်က ပျိုးထောင်ခဲ့သည့် ဆက်ဆံရေးကို ပြောင်းပြန်လှန်၍ အီရန်အပေါ် ဖိအားပေးလျက် ရှိသည်။ဆော်ဒီိကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁ဝ တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးခြင်းဖြင့် စစ်အင်အား ဖြည့်တင်း ပေးခဲ့သည်။

တခြားတစ်ဖက်၌လည်း ဆော်ဒီအာရေဗျနှင့် အပေါင်းပါ အာရပ်နိုင်ငံတချို့က ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ကာ ဖိအားပေးနေသည့် ကာတာကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီ ယံတန်ဖိုးရှိ ခေတ်မီတိုက်လေယာဉ်များ ရောင်းချ ပေးခဲ့ခြင်းဖြင့် နှစ်ဖက်ခွ၍ နိုင်ငံရေး ကစားခဲ့ပြန်သည်။ ဤသို့ဖြင့် အရှေ့အလယ်ပိုင်းတွင် ထရမ့်၏နိုင်ငံရေး ကစားကွက်များမှာ ဒေသတွင်း၌ ရှိပြီးဖြစ်နေသည့် ဆီးရီးယားပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ်နှင့် ရှီးယိုက်-ဆွန်နီ ပဋိပက္ခ များကို ပြေလျော့ငြိမ်းအေးစေနိုင်မှု မရှိသည့်အပြင် ရှိရင်းစွဲမီးလျှံကို ရေနံလောင်စာ ဖျန်းပေးနေသကဲ့သို့ ရှိကြောင်းတွေ့မြင် ရပေသည်။

ထရမ့်အနေဖြင့် အဘယ်ကြောင့် ထိုကဲ့သို့မီးနှင့်ကစားသည့် လုပ်ရပ်များကို ယမ်းပုံကြီးနှင့်တူသည့် အရှေ့အလယ်ပိုင်းဒေသ၌ လုပ်ဆောင်နေရပါသနည်း။ သာမန်အားဖြင့် စဉ်းစားနိုင်ရန် ခက်လှသည်။ သို့သော်လည်း နိုင်ငံတကာ ဆက်ဆံရေးနှင့် နောက်ကွယ်မှ အကျိုးစီးပွားများ ရှိနေတတ်ပေရာ ယင်းအကျိုးစီးပွားများကို ရှာဖွေလေ့လာခြင်းဖြင့် ထရမ့်၏လုပ်ရပ်များကို နားလည်နိုင်ဖွယ် ရှိသည်။

ပထမအကျိုးစီးပွားမှာ အမေရိကန်ပြည်တွင်း နိုင်ငံရေးအကျိုးစီးပွား ဖြစ်သည်။ ပြည်တွင်း၌ နိုင်ငံရေးအရ ဖိအားအမျိုးမျိုး ဒဏ်ခံနေရသည့် ထရမ့်သည် သူရဲကောင်းဝါဒကို နှစ်သက်ကြလေ့ရှိသော အမေရိကန်လူထု အတွက် အရှေ့ အလယ်ပိုင်းဒေသ၌ လူဆိုးကြီး ပုံဖော်ထားသော အာဆတ်၏လေတပ်ကို ပဲ့ထိန်းဒုံး/ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ပြခြင်းဖြင့် မဟာအမေရိကန် အင်အားကြီးပုံရိပ်ကို ဖော်ဆောင်ပြကာ ပြည်တွင်း ထောက်ခံမှုကို ပြန်လည် တည်ဆောက်ရန် ကြိုးစားခြင်းဖြစ်၏။ ဒုတိယအကျိုးစီးပွားမှာ စီးပွားရေး အကျိုးစီးပွားဖြစ်သည်။ ရေနံသူဌေး နိုင်ငံများဖြစ်သော ဆော်ဒီနှင့်ကာတာတို့ကို ဒေါ်လာဘီလီယံရာနှင့်ချီ တန်ဖိုးရှိသည့် စစ်လက်နက်များ ရောင်းချခြင်းဖြင့် တုံ့နှေးနေသော အမေရိကန်စီးပွားရေးကို ဆွဲတင်ကာပြည်တွင်း အလုပ်အကိုင်များလည်း ဖန်တီးပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌လက်နက်အများဆုံး ရောင်းချသောနိုင်ငံဖြစ်သည့် အမေရိကန်အတွက် လက်နက်တင်ပို့ ရောင်းချရသည့် ဝင်ငွေသည်နိုင်ငံ၏ စီးပွားရေးအတွက် များစွာအရေးပါလှသည်။

တတိယအကျိုးစီးပွားမှာ အမေရိကန်၏မွေးစားသားသဖွယ်ဖြစ်သည့် အစ္စရေး၏ အကျိုးစီးပွားဖြစ်သည်။ အရှေ့အလယ်ပိုင်း၌ အစ္စရေးအတွက် အဓိကရန်သူမှာ အီရန်ဖြစ်သည်။ ဆော်ဒီအာရေဗျနှင့် တခြားဆွန်နီအာရပ်နိုင်ငံများမှာ အစ္စရေးနှင့် များစွာသင့် မြတ်လှခြင်း မရှိသော် လည်း အမေရိကန်နှင့်စပ်လျဉ်း၍ မတည့် အတူနေနိုင်သေး သည်။ဖြစ်နိုင်ပါက အရှေ့အလယ်ပိုင်း၌ ရှီးယိုက်အုပ်စု(အီရန်ခေါင်းဆောင်)နှင့် ဆွန်နီအုပ်စု (ဆော်ဒီခေါင်းဆောင်) တို့ အချင်းချင်း မသင့်မမြတ်ဖြစ်ကာ တိုက်ခိုက်နေပါလျှင် အစ္စရေးအတွက် ယာလည်းညက် ကြက်လည်းပန်းကာ အေးအေးချမ်းချမ်း နေနိုင်မည်ဖြစ်သည်။

ဤအချက်က ဆီးရီးယားတွင် ရှီးယိုက်ခေါင်းဆောင် အီရန်က အားပေးထောက်ခံသည့် အာဆတ် အစိုးရကို ထရမ့်က ပစ်မှတ်ထားလာခြင်းနှင့် ယီမင်၌ အီရန်အားပေးထောက် ခံသော ဟူသီသူပုန်များကို တိုက်ခိုက်နေသည့် ဆော်ဒီကို စစ်လက်နက်များ ပုံအောရောင်းချပေး နေခြင်းကို ရှင်းပြနိုင်ဖွယ်ရှိသည်။ ဤကိစ္စတွင် နောက်ကွယ်မှ ထရမ့်၏မိသားစု ဆက်နွှယ်မှုလည်းပါနိုင်သည်။ ထရမ့်၏ ညာလက်ရုံးသဖွယ် အားကိုးရသော သမက်ဖြစ်သူ ဂျာရက်ကုရှ်နာမှာ ဂျူးလူမျိုးဖြစ်ပြီး အမေရိကန်၌ သြဇာကြီး လှသော ဂျူးလော်ဘီအုပ်စု၏ အမာခံတစ်ဦးဖြစ်သည်။


ဤသို့သော အခြေအနေများကို ခြုံငုံသုံးသပ်ကြည့်ပါက ထရမ့်အစိုးရအနေဖြင့်ပြီးခဲ့သည့် အမေရိကန်အစိုးရများနည်းတူအရှေ့ အလယ်ပိုင်းဒေသအရေး ကိစ္စများတွင်နောက်ကွယ်မှ အကျိုးစီးပွားများကြောင့် ဆက်လက်၍ ပါဝင် ပတ်သက် နေဖွယ်ရှိသည်။

အဆုံးအဖြတ် ကိစ္စများတွင် လောင်းကြေးထပ်စွန့်စားတတ်သည့် စီးပွားရေးသမားဗီဇအရ အရဲကိုး လုပ်ဆောင်တတ်သည့်ထရမ့်၏လုပ်ရပ်များသည် တွေးတွေးဆဆလုပ် တတ်သည့် ရှေ့နေ ဗီဇရှိသော အိုဘားမား အုပ်ချုပ်စဉ်က ကာလထက် အရှေ့အလယ်ပိုင်းဒေသ၌ အန္တရာယ်များသော အခြေအနေများပေါ်ပေါက် လာနိုင်ကြောင်း မှန်းဆရသည်။ အထူးသဖြင့် ရှီးယိုက်နှင့် ဆွန်နီအုပ်စုတို့ ကြားတင်းမာမှုများ ပိုမိုမြင့်တက်လာဖွယ်ရှိသည်။ ဆီးရီးယားသမ္မတ အာဆတ်သည်ပင်လျှင် စစ်ရေးပစ်မှတ် တစ်ခုဖြစ်လာနိုင်သည်။ ထို့ပြင်စစ်သွေးကြွနေသော သြဇာထက်လှသည့် ဆော်ဒီအိမ်ရှေ့မင်းသား သစ်၏လက်ထက်တွင် အီရန်နှင့် ဆော်ဒီကြား စစ်ရေးအရ ထိပ်တိုက်တွေ့မှုများပင်ဖြစ်လာ နိုင်ကြောင်း သုံးသပ်ရသည်။

အရှေ့အလယ်ပိုင်းမှ ရှိရင်းစွဲစစ်ပွဲနှင့် ပဋိပက္ခများမှာလည်း အဆုံးသတ်ဖွယ် မရှိသည့်အပြင် ရှီးယိုက်-ဆွန်နီအားပြိုင်မှုနှင့် ရောသမမွှေကာ ပို၍ပင်ဆိုးလာနိုင်သလို ဘာသာရေးအစွန်းရောက် အကြမ်းဖက် လုပ်ရပ်များမှာ လည်း အများထင်သလို အလွယ်တကူ ချုပ်ငြိမ်းဖွယ်မရှိဘဲ ပုံစံအမျိုးမျိုးဖြင့် နေရာဒေသအမျိုးမျိုး၌ တိုးပွားပေါ်ပေါက် လာနိုင်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page