www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 26, 2017

ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုမှ အခြေခံပညာကျောင်းပေါင်း ၅၃၂ကျောင်းကို ယာယီပိတ်ထား


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ရေများဝင်ရောက်နေမှုကို တွေ့ရစဉ်။

နေပြည်တော် ၂၆-၇-၂၀၁၇

ယခုလအတွင်း စတင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုမှ အခြေခံပညာ ကျောင်းပေါင်း ၅၃၂ကျောင်းကို ယာယီပိတ်ထားခဲ့ရကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှသိရသည်။

မိုးဆက်တိုက်ရွာသွန်းမှု နှင့်အတူ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ရေ မြင့်တက်မှုတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ အခြေခံပညာကျောင်းပေါင်း ၅၃၂ ကျောင်းကို ယာယီပိတ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၄ရက် ညနေ ၅နာရီအထိ စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြည်၊ သာပေါင်း၊ ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ မြန်အောင်၊ လေးမျက်နှာ၊ အင်္ဂပူ၊ညောင်တုန်း၊ ဓနုဖြူ၊ပန်းတနော်မြို့တို့တွင် အခြေခံပညာကျောင်း ၁၂၃ကျောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေတောင်၊ မင်းလှ၊အုတ်ဖို၊ အုတ်ကျင်း၊ ပဲခူးမြို့တို့တွင် ၈၃ ကျောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် စဥ့်ကူး၊ ပုသိမ်ကြီး၊ အမရပူရ၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်မြို့တို့တွင် ၈၃ကျောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူနှင့် ရေစကြိုမြို့နယ်အပါအဝင် ၁၂မြို့နယ်တွင် အခြေခံပညာကျောင်း ၂၂၅ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်မြို့နယ်တို့တွင် အခြေခံပညာ ကျောင်း ၁၃ကျောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် လှိုင်းဘွဲမြို့တို့တွင် အခြေခံ ပညာကျောင်း ငါးကျောင်း ပိတ်ထားရကြောင်း သိရသည်။

''အခုလက်ရှိ စာရင်းတွေက လက်ရှိမနေ့ကထိ ရေကြီးလို့ ပိတ်ထားရတဲ့ ကျောင်းစာရင်းတွေပါ။ ဒီနေ့ဆို ရေပြန်ကျလို့ပြန်ဖွင့် တဲ့ကျောင်းတွေလဲ ရှိမှာပါ။ ရေထပ်တက်လို့ ထပ်ပိတ်ရတဲ့ ကျောင်းတွေလဲ ရှိလာနိုင်ပါတယ်''ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရေမကျသေးသည့် ဒေသများရှိ စာသင်ကျောင်းများကို ရေကျပြီးချိန် သန့်ရှင်းရေးများ ပြုလုပ်ပြီးမှသာ ပြန်လည်ဖွင့်လှစ် မည်ဖြစ်ပြီး အပတ်စဉ် ကျောင်းပိတ်ရက်များ၊ ပြင်ပအချိန်တို့တွင် အစားထိုးသင်ကြားမှုများ ပြန်လည်ပြုလုပ် မည်ဖြစ်ကြောင်း၊ ရေပြန်လည်ကျသည့် ဒေသများတွင် ပိတ်ရက်များအတွက် စာသင်ချိန်များ အစားထိုးသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများ နှင့်ကျောင်းသွားရာလမ်းတွင် ရေကြီးနစ်မြုပ်ပါက ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည် မိဘဆရာအသင်းဝင်များ၊ အကျိုးတော်ဆောင်များက အစည်းအဝေးခေါ်ယူပြီး ကျောင်းပိတ်ရန် သင့်၊ မသင့် ဆုံးဖြတ်ကာ ကျောင်းပိတ်မည့်ရက်ကို မိဘနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပေးရန်၊ ကျောင်းသား၊ ကျောင်းသူများကို မိဘများထံအပ်နှံပြီးမှ ပြန်လွှတ်ရန် အခြေခံပညာဦးစီး ဌာနက ညွှန်ကြားထားကြောင်းသိရသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger