www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 24, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအကြိမ်) အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှုတ်ခွန်းဆက်အမှာစကား ပြောကြား



နေပြည်တော် ၂၄-၅-၂၀၁၇

ဒီကနေ့ စတင်ကျင်းပ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအကြိမ်) အစည်းအဝေးကို ယုံကြည်ချက်အပြည့်နဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေကြောင်းဦးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ပြည်ထောင်စုကြီး အတွင်းရှေးနှစ်ပေါင်း များစွာကတည်းက တစ်စုတစ်စည်းတည်း အတူတကွ နေထိုင်လာကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို အတူပေါင်းစည်း တည်ဆောက်ခဲ့ကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအကြားမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ အထင်အမြင်လွဲမှားမှု၊ နားလည်မှု လွဲမှားမှုများနဲ့ အဲဒီလွဲမှားမှု များကနေ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခများကို အပြီးတိုင်ဖယ်ထုတ်ပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုတွေကို ရယူနိုင်ဖို့ အဲဒီတည်ငြိမ်အေးချမ်းမှု များမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်တက်လှမ်းနိုင်ဖို့ ယခုညီလာခံကြီးကို ကျင်းပပြုလုပ်ရခြင်း ဖြစ်တယ်လို့ ယုံကြည်ကြောင်း ဦးစွာပြောကြား လိုပါတယ်။ 

လုပ်ငန်းစဉ်တစ်ခု၊ တည်ဆောက်မှုတစ်ခုကို လုပ်ဆောင်ရာမှာ အခြေခံအုတ်မြစ် (Foundation) ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ အခြေခံအုတ်မြစ် ကောင်းမွန်မှ တောင့်တင်း ခိုင်မာမှလည်း လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်များ၊ တည်ဆောက်မှု များဟာတိုးတက် အောင်မြင်မှုရရှိနိုင်မှာ ဖြစ်ပါတယ်။ ယခုညီလာခံ ကြီးကိုတက်ရောက် လာကြသူများအနေနဲ့ ကျွန်တော်တို့ နိုင်ငံအတွက် ပကတိလိုအပ်နေတဲ့ ငြိမ်းချမ်းရေး အုတ်မြစ်ကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တနေတဲ့ လိုအင်ဆန္ဒကို ပြည့်ပြည့်ဝဝ ဖော်ဆောင် ဖြည့်ဆည်းပေး နိုင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဖွံ့ဖြိုးတိုးတက် နေတဲ့နိုင်ငံ တွေကိုလေ့လာ ကြည့်တဲ့အခါမှာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရှိခြင်း ဆိုတာကို အရေးကြီးတဲ့အခြေခံ အချက်တစ်ချက် အနေနဲ့တွေ့မြင်ရ မှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံလို လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံအတွက် တည်ငြိမ်အေးချမ်းဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်မနေ ချုပ်ငြိမ်းဖို့ လိုအပ်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း ကျွန်တော်တို့ အားလုံးတူညီတဲ့ ဆန္ဒနဲ့ တက်ညီလက်ညီ လျှောက်လှမ်း နေကြတဲ့ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး ကိုဦးစားပေး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ 

ပါတီစုံဒီမိုကရေစီ ခေတ်ကာလ ပထမ ၅ နှစ် သက်တမ်းမှာ ယခင်အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ် ခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေး အရဆွေးနွေး အဖြေရှာရမယ့် နိုင်ငံရေးပြဿနာ အဖြစ်ခံယူပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအကြားမှာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာနဲ့ ကာလကြာရှည်စွာ စိတ်ရှည်လက်ရှည် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုများရဲ့ ရလဒ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ 

NCA ကို စတင်ဆွေးနွေးစဉ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ ကြတာဖြစ်ပြီး လက်မှတ်ရေးထိုးတော့ မယ့်အချိန်မှာ အကြောင်း အမျိုးမျိုးကြောင့် အဖွဲ့ ၈ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA မှာပါဝင်တဲ့ အကြောင်းအရာ အချက်အလက်များ ဟာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သဘောတူညီထားတဲ့ အချက်များလို့ ဆိုရမှာဖြစ်ပါတယ်။NCA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက စတင်အဆိုပြုခဲ့တဲ့ အယူအဆနှစ်ရပ် အပေါ်အခြေ ပြုပြီးပေါ်ပေါက် လာတာဖြစ်ပါတယ်။ ပထမအယူအဆ ကတော့အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြားမှာ တစ်ဖွဲ့ချင်းနဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေ သာရှိတဲ့အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေစတင်နိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ် သဘောတူညီချက် တစ်ခုရှိသင့်တယ်ဆိုတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဒုတိယအယူအဆ အနေနဲ့ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြတဲ့ အပစ်ရပ် သဘောတူညီ ချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတဲ့ အဆင့်မှာသာ ရှိပြီး အပစ်ရပ်ပြီး တဲ့နောက် သဘောတူညီ ချက်များကို စောင့်ကြည့်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက် ဖို့အတွက်အာမခံ ချက်များ၊ သဘောတူညီမှုများ တိကျစွာမရှိသဖြင့် အပစ်ရပ်လုပ်ငန်းများ ပြန်လည်ပျက်ပြားခဲ့ရသည့် ဖြစ်စဉ်ဖြစ်ရပ် များကြောင့် ၎င်းအချက်အလက် များကို အချိန်ကာလ သတ်မှတ်ချက်များနဲ့ တိတိကျကျ အကောင်အထည်ဖော်ရန် လိုအပ်မှုအယူအဆပဲ ဖြစ်ပါတယ်။ 

အဲဒါကြောင့် NCAမှာ အဲဒီယူဆချက် တွေကိုအပြည့်အဝ အာမခံချက်ပေးထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် ယုံကြည်မှုရှိဖို့ လွန်စွာ အရေးကြီးပြီး အဲဒီ ‘‘ယုံကြည်မှု”ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုအတွက် ကြီးမားတဲ့ တွန်းအားတစ်ရပ်လည်း ဖြစ်စေပါတယ်။ NCA မှာ အဲဒီယုံကြည်မှုတွေကို ဖော်ဆောင်နိုင်တဲ့ နိုင်ငံရေးအာမခံ ချက်၊ တိုင်းရင်းသားရေး အာမခံချက်၊ ဘာသာရေး အာမခံချက်၊ လုံခြုံရေးအရ အာမခံချက်တွေ ပါဝင်သလို ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရေး လမ်းစဉ်ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ‘‘ယုံကြည်မှု” ရဲ့ဆန့်ကျင်ဘက် ကတော့‘‘စိုးရိမ်ပူပန်မှု” ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ ကြီးမားတဲ့ဟန့်တား နှောင့်ယှက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ NCA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်း ကိုလည်း ရှင်းလင်းစွာ ထပ်မံအသိပေး လိုပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး NCA အခန်း (၁) မှာပါရှိတဲ့ အခြေခံမူတွေထဲမှာ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ် နိုင်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေ ရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှု သစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာဆောင်ရွက်ဖို့ ရှင်းလင်းစွာဖော်ပြ ထားရှိပါတယ်။ သို့သော်လည်း ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ လက်နက်စွဲကိုင်ပြီး နိုင်ငံရေးအခွင့်အရေး တောင်းဆိုတာတွေကို ခွင့်မပြုတဲ့အတွက် NCA မှာပါရှိတဲ့ နိုင်ငံရေးလမ်းပြ မြေပုံနဲ့အညီ နိုင်ငံရေး ဆွေးနွေးမှု ရလဒ်များကနေ တိုးတက်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အရ DDR, SSR လုပ်ငန်းများကိုတော့ပြုလုပ်ကြရမှာဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုပြီး ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်း ကြမယ်ဆိုရင် အရာအားလုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ မည်သည့် ဒီမိုကရေစီ နိုင်ငံမှာမဆို ဒီမိုကရေစီစနစ် ကျင့်သုံးရာမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး နိုင်ငံရေးအရ ဆွေးနွေးမှုတွေနဲ့ ဆောင်ရွက်ခဲ့ကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA မှာပါရှိတဲ့ အာမခံချက်တွေကို ရယူပြီး လုပ်သင့်လုပ်ထိုက် တာတွေကို ယုံယုံကြည်ကြည် ရဲရဲရင့်ရင့် လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးခရီး ဖြောင့်ဖြူးနိုင်မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်နဲ့ ပြည်သူအပေါ်ထားရှိတဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကို အသိပေး ပြောကြားလိုပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး၊ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတွေ၊ ပြည်သူကရွေးချယ် ပေးထားတဲ့ပြည်သူ့ ကိုယ်စား လှယ်တွေက လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ကတော့ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး မူဘောင်သုံးရပ်ချမှတ်ပြီး နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ ဥပဒေနဲ့အညီ ပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်တဲ့ NCA လမ်းကြောင်းပေါ်မှာ မသွေမဖည် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ NCA လမ်းကြောင်းကို လျှောက်လှမ်းရာမှာလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ(၆)ရပ်နဲ့အညီ ခိုင်မာစွာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကပြုလုပ်ခဲ့တဲ့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားမှာလည်း ကျွန်တော်ထည့်သွင်း ပြောကြားခဲ့ပါတယ်။ တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူ(၆)ရပ်ဟာ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်းတွေက ရရှိလာတဲ့ တပ်မတော်ရဲ့ “အသိတရား” ဖြစ်သလို လက်ရှိငြိမ်းချမ်းရေး တည်ဆောက်မှုအတွက်“အရှိတရား” ဖြစ်ကြောင်း ထပ်လောင်းပြောကြား လိုပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များ ချုပ်ငြိမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဟာ တပ်မတော်ရဲ့ အလိုလားဆုံး ဆန္ဒလည်း ဖြစ်ပါတယ်။ NCA ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ပါအတိုင်း ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး လက်ကမ်းကြိုဆို လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ယနေ့ ကြုံတွေ့နေရတဲ့ ကိစ္စတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတစ်ခုတည်း သာမကဘဲ ပြည်ပက အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်များ ရှိနေတာကို တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းအဓိက အင်အားစုကြီး တွေဖြစ်တဲ့ အစိုးရ၊လွှတ်တော်၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ကျစ်လျစ်ခိုင်မာတဲ့ စုစည်းညီညွတ်မှု၊ ရေပက်မဝင်နိုင်တဲ့ ချစ်ကြည်စည်းလုံးမှုများ အဓိကလိုအပ် နေချိန်လည်း ဖြစ်ပါတယ်။နိုင်ငံတော်ကို ကာကွယ်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီအတွက် တပ်မတော်အပါအဝင် တိုင်းပြည်ကိုကာကွယ်နိုင်တဲ့ အင်အားတွေ တိုးပွားသည်ထက်တိုးပွားအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။တချို့တချို့ သောလုပ်ဆောင်ချက် တွေဟာတိုင်းပြည်ရဲ့ ကာကွယ်ရေး စွမ်းအားတွေကို ထိပါးယုတ်လျော့ စေတာကိုလည်း တွေ့ရှိနေရပါတယ်။ စည်းလုံးညီညွတ်မှုဟာ‘‘အား”ကို တိုးပွားစေသလို စည်းလုံးညီညွတ်မှု ထိခိုက်ပျက်ပြားမှု များဟာ လည်းစုစည်း ခိုင်မာတဲ့‘‘အား”ကို ယုတ်လျော့စေမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အင်အားဟာ ပြည်တွင်းမှာသာ ရှိတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးရဲ့ စုစည်းညီညွတ်သောအားကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းများသာမက နိုင်ငံတော်အစိုးရက ဖွဲ့စည်းဆောင်ရွက်လျက်ရှိတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းတွေမှာပါ တက်ကြွစွာ ပူးပေါင်းပါဝင်လုပ်ဆောင် လျက်ရှိကြောင်း ထည့်သွင်း ပြောကြားလိုပါတယ်။NCA ချုပ်ဆိုပြီးနောက်ပိုင်းမှာ NCA ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်များနဲ့ နိုင်ငံရေးလမ်းပြမြေပုံပါအတိုင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ ဖွဲ့စည်းခြင်းများကို ပြည်ထောင်စုအစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ အလားတူပဲ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို နှစ်ဖက်ပေါင်းစပ် ညှိနှိုင်းရေးဆွဲ ထုတ်ပြန်ခဲ့ပြီး လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိပါ တယ်။ယနေ့ ပါတီစုံဒီမိုကရေစီ ခေတ်မှာ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိဖို့ အတွက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ရက်နေ့ကရေတွက် ရင်ယနေ့အထိ လပေါင်း ၆၉လ၊ ရက်ပေါင်း ၂၀၀၀ ကျော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ပထမ ၅ နှစ်သက်တမ်းကာလ လွန်မြောက်ပြီး ယခု ဒုတိယ ၅နှစ် သက်တမ်းကာလကို ဝင်ရောက်လာသည့်တိုင် ကျွန်တော်တို့တစ်တွေ အကြိမ်ကြိမ်အခါအခါ တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့ပြီး NCA ပါအတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်တာတွေ၊ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာကိစ္စရပ်များ တိုးတက်လုပ်ဆောင်တာ တွေကိုတစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက် ခဲ့ကြပြီး ဖြစ်ပါတယ်။

NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ နေထိုင်ရာဒေသတွေဟာ ယခင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေဖြစ်ပေမယ့် စာချုပ်လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ ဒေသဖွံ့ဖြိုးတိုးတက် လာတာဟာ NCA ရဲ့ ထင်ရှားတဲ့ရလဒ်ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကို မရှိသလောက် ဖြစ်အောင် လျှော့ချနိုင်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းသာမက ဒေသခံပြည်သူလူထုနဲ့ပါ သုံးဦးသုံးဖလှယ်ယုံကြည်မှု၊ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ဒီတိုးတက်မှုရလဒ်ကို အရှိန်အဟုန်မပျက် တည်ဆောက်သွားဖို့ လိုအပ်သလို အခြားအဖွဲ့အစည်းများအပေါ် ပြန့်နှံ့သွားဖို့လည်း လိုအပ်ပါတယ်။ဒီလိုဖြစ် နိုင်ဖို့ NCA မှာပါရှိတဲ့ ကြားကာလ အတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များကို ဦးစားပေးအလေးထားဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ကြားကာလအတွင်း ဆောင်ရွက်ရမည့်အစီအစဉ်တွေမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေနဲ့ မိမိတို့နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကောင်အထည်ဖော် နေသည့်ကာလအတွင်း တည်ဆဲစည်းမျဉ်း ဥပဒေများနဲ့အညီ ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ညှိနှိုင်း လုပ်ဆောင်နိုင်ဖို့ တံခါးဖွင့်ပေးထားတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲနေတဲ့ကာလ ပဋိပက္ခရပ်စဲနေတဲ့ ဒေသတွေမှာဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ပူးပေါင်းပြီး တည်ဆဲ စည်းမျဉ်း၊ စည်းကမ်းဥပဒေ တွေနဲ့အညီ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှ နယ်မြေခံလူထုဟာ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကို လက်တွေ့အကျိုးခံစားခွင့်ရပြီး ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အင်အားပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ချိန်ကာလမှာ ငြိမ်းချမ်းရေးထက်အရေးကြီးတာ ဘာမှမရှိပါဘူး။ ဒီအတွက် ဒီကြားကာလမှာ နားလည်မှုလွဲမှားစေနိုင်တဲ့ ကိစ္စရပ်မျိုး တွေကို ရှေ့တန်းတင်ခြင်း၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ် အပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ ကျော်လွန်လုပ်ဆောင်ခြင်းစတဲ့ ကိစ္စရပ်တွေကိုလည်း စောင့်ထိန်းကြဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်တဲ့နေရာမှာ NCA စာချုပ်ပါ“နိုင်ငံရေးလမ်းပြမြေပုံ”ဟာအခိုင်အမာ သဘောတူပြဋ္ဌာန်း ထားပြီးတိကျစွာလျှောက်လှမ်းရမယ့် ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်းပဲ ဖြစ်ပါတယ်။လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ သို့သော် လက်တွေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာနေရာမှာ NCA ပါ အခြေခံမူတွေ၊ လမ်းပြမြေပုံ အစီအစဉ်တွေကိုကျော်လွန်ပြီး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ ပင်ကိုယ်စိတ်၊ အဖွဲ့အစည်းအသီးသီးဟာလည်း ငြိမ်းချမ်းရေးကို တပ်မတော်လိုပဲ လိုလားနေမှာပဲဆိုတဲ့ ယုံကြည်နားလည်စိတ်၊ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးကို မြေပြင်မှာလက်တွေ့ခံစားနေရတဲ့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဒေသခံပြည်သူ လူထုအပေါ် စာနာစိတ်တွေအပေါ် အလေးထား ပြီးအဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းညှိနှိုင်း ဆွေးနွေး အဖြေရှာခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၀ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ ပဏာမသဘောတူညီချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ယခုလို နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်ချက်တွေ၊ တိုင်းရင်းသားများရဲ့လိုလားမှုတွေကို သဘောတူညီချက် ရရှိခြင်းဟာ အဖွဲ့အစည်းအသီးသီးရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တက်ကြွစွာပါဝင်မှု၊ စစ်မှန်တဲ့ စေတနာထားမှု တို့ကြောင့်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့တွေဟာ ပုထုဇဉ်လူသားများဖြစ်လို့ လိုအင်ဆန္ဒတွေ အသီးသီးရှိနေကြမှာ ဖြစ်ပါတယ်။ မိမိဆန္ဒတွေကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်နဲ့နိုင်ငံသား များအတွက် ပကတိလိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ရာသက်ပန်စောင့်ထိန်းလိုစိတ်၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနဲ့ ရာသက်ပန်စောင့်ထိန်းလိုစိတ်များကို ခြေခံလုပ်ဆောင်သွားဖို့လိုအပ်ကြောင်းပြော  ကြားလိုပါတယ်။အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြရာမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့်တရား မျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အခွင့်အရေးများ၊ အာမခံချက်များအပြည့်အဝရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဆို
ပြီး NCA မှာ သဘောတူညီခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒါဟာ NCA လမ်းကြောင်းရဲ့ ပန်းတိုင်ပဲဖြစ်ပြီး တိုင်းရင်းသားများ ယနေ့တောင်းဆိုနေတဲ့ အချက်အားလုံးအတွက် ခြုံငုံမိပြီးဖြစ်တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ ဒါကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေးလမ်းစဉ် နဲ့ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ် တို့ကိုသာ ဦးတည်နေကြောင်း ယူဆရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းခဲ့တဲ့စာတမ်း ၇၂ စောင်ကို လေ့လာတဲ့အခါမှာ အချို့တိုင်းရင်းသား အဖွဲ့များရဲ့ ဆွေးနွေးချက်၊တင်ပြချက်၊ လုပ်ဆောင်ချက်နဲ့ အခြေခံအယူအဆ တွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံ တောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ချက် မျိုးတွေဟာ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်
ကြီးမား စွာထားရှိနေတဲ့တိုင်းရင်း သားပြည်သူတွေရဲ့ ဆန္ဒနဲ့အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတဲ့ အဖွဲ့အစည်း ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကိုဆန့် ကျင်ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် မိမိတို့ရဲ့တာဝန်နဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာ ဖြစ်တဲ့ NCA နဲ့ တပ်မတော်ရဲ့ ငြိမ်ချမ်းရေးမူဝါဒ(၆)ရပ်တို့အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လျက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger