www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 26, 2017

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဒုတိယနေ့မှ တပ်မတော်သားများ၏ ငြိမ်းချမ်းရေးစကားသံများ



နေပြည်တော် ၂၆-၅-၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဒုတိယနေ့ကို မေ ၂၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ဆက်လက်ကျင်းပရာ အဆိုပါညီလာခံသို့ တက်ရောက်လာသည့် တပ်မတော်သားကိုယ်စားလှယ်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-


ဗိုလ်ချုပ်နေလင်း

ပင်လုံညီလာခံရဲ့ အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ် ဆိုရင်တော့ ရပါလိမ့်မယ်။ မရစရာအကြောင်းမရှိပါဘူး။ ဥပမာ သစ်ပင်ပေါ်မှာ သရက်သီးသီးနေတယ်။အသီးကို တက်ခူးရင်ရမယ်။ တက်မခူးရင်မရဘူး။ အရင်တုန်းက ငြိမ်းချမ်းရေးတွေ မဆွေးနွေးခဲ့ဘူး။ အခုကနေစပြီး ခြေလှမ်းလှမ်းတဲ့ သဘောပါပဲ။ အဲဒါကြောင့် ခြေလှမ်းတွေဆက်လှမ်းရင် အောင်မြင်မယ်လို့ ကျွန်တော်ထင်ပါတယ်။


ဗိုလ်မှူးကြီးဇော်မင်းထွန်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံညီလာခံ (ဒုတိယအစည်းအဝေး) မှာအရင်က မတက်ခဲ့ဘူးတဲ့ အဖွဲ့တွေလည်း တက်လာတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ပိုမိုကြီးမားလာပါတယ်။ တပ်မတော်ရဲ့ မျှော်လင့်ချက်ကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောသွားသလိုပါပဲ။ အများကြီးမျှော်လင့်ထားပါတယ်။ ပြီးတော့တပ်မတော်ရဲ့ မူဝါဒသဘောတရားအရ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးဆိုပြီးမူဘောင် (၃) ရပ်ချမှတ်ကာဆောင်ရွက် နေပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆုံးစွန်အထိ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ရပ်တည်ထားတာက ပြည်ထောင်စုမှာ မည်သည့် နိုင်ငံမှာမဆို တပ်မတော်ဆိုတာ တစ်ရပ်ပဲရှိတယ်။ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ပဲသွားသွား၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်နဲ့ ပဲသွားသွား ကျွန်တော် တို့ကတပ်မတော် တစ်ရပ်ပဲထားမှာ။ တပ်မတော်တစ်ရပ်ပဲ ထားတဲ့နေရာမှာ တပ်မတော်ဖွဲ့စည်းပုံ ကလည်းပြည်ထောင်စု တပ်မတော်ပုံစံပါပဲ။ ကျွန်တော်တို့ တပ်မတော်ထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ကျွန်တော်တို့က ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်တဲ့ ဖက်ဒရယ်မျိုးကို လက်ခံပါတယ်။ ဖက်ဒရယ်ပုံစံ အမျိုးမျိုးရှိတယ်။ အားလုံးကတော့ တစ်ပုံစံတည်းမဖြစ်နိုင်ပါဘူး။ တပ်မတော်ကတော့ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်တဲ့ ဆွေးနွေးချက်မှန်သမျှကို လက်ခံပါတယ်။


ဒုတိယဗိုလ်မှူးကြီးစန္ဒာမြင့်

ကျွန်မတို့ တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးကိုအလိုချင်ဆုံး လူတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေမှာ ကျွန်မတို့ တပ်မတော်သားတွေက ရှေ့ဆုံးကမားမားမတ်မတ် ရပ်တည်ပြီးပြည်သူနဲ့လူမျိုးအတွက် အသက်ပေးဆပ်ရသူ တွေဖြစ်လို့ပါ။ ဒီညီလာခံကို ကျွန်မကတော့ ကျေနပ်တယ်။ ရှေ့လျှောက်လှမ်းရမယ့် လမ်းကြောင်းတွေလည်း မြင်ရပြီဆိုတော့ အားရကျေနပ် မိပါတယ်။ 


ဗိုလ်မှူးသက်ဝေထွန်း

ငြိမ်းချမ်းရေးရမှ တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ပြည်သူတွေနဲ့ အတူတူပါပဲ။ စစ်မှန်တဲ့ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ အရင်ထက်စာရင် နီးစပ်လာပါပြီ။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးရဖို့ အမှန်တကယ်ဆန္ဒရှိတဲ့ အတွက်ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ပြောထားတာရှိပါတယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူများ အတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့အမြဲတမ်း ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပါတယ်။ တဖြည်းဖြည်းနဲ့တော့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာပါ။ အရင်ကထက်စာရင် တိုးတက်မှုတွေ အများကြီးရှိနေပါပြီ။


ဗိုလ်ခင်မွန်မွန်သော်

နိုင်ငံရေးကဏ္ဍမှာ UPDJC ကနေ အဆိုပြုထားတဲ့ အချက် (၂၁) ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ ဒီလိုဆွေးနွေးမှုအပေါ်မှာ ကျေနပ်အားရမှုရှိပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးကနေ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တပ်မတော်အနေနဲ့အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ကျွန်မတို့တပ်မတော်သားတွေဟာ ပိုပြီးတော့ ငြိမ်းချမ်းရေးရချင်ပါတယ်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger