www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 23, 2017

သင်္ကြန်ကာလအပြီး ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာ



ပုသိမ် ၂၃-၄-၁၀၁၇

သင်္ကြန်ကာလ အပြီးတွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေ လာရောက်ကြသည့် ခရီးသွား ဧည့်သည်များ ပြန်လည် ဝင်ရောက်လာသည့် အတွက် လက်ရှိတွင် ခရီးသွားဧည့်သည်သုံးသိန်းခန့် ရှိကြောင်း ချောင်းသာ ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်ခိုင်ထံမှ သိရသည်။

ယခုနှစ် သင်္ကြန်တွင်း ကာလတွင် မာရသာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက် ဧည့်သည် တချို့မှာ ချောင်းသာ ကမ်းခြေမှ အတက်နေ့တွင် ပြန်လည်ထွက်ခွာ သွားကြသော်လည်း သင်္ကြန်အပြီးတွင် ဧည့်သည်အများ အပြား ပြန်လည် ဝင်ရောက်လာ ကြခြင်း ဖြစ်သည်။

အဆိုပါ ချောင်းသာ ကမ်းခြေ၌ မုန်တိုင်း ကျရောက်မည့် အခြေအနေ ရှိပါက မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သက်ဆိုင်ရာ အဖွဲ့အစည်း များက သတိပေးချက် များထုတ်ပြန်ပေးလေ့ရှိသည်။

ယခုနှစ်သင်္ကြန်တွင် ချောင်းသာ ကမ်းခြေသည် မုန်တိုင်း အန္တရာယ် မရှိနိုင်သည့် အတွက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြောင်းကြား ချက်မရှိ သော်လည်း ဧည့်သည်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မုန်တိုင်းကျရောက် မည်ကို စိုးရိမ်သည့် အတွက် ပြန်သွားကြ သော်လည်း သင်္ကြန်ကာလ အပြီးတွင် ဧည့်သည်များ ပြန်လည် စည်ကားလာကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်တွင် မုန်တိုင်းကြောင့် ခရီးသွားဧည့်သည် တချို့ ပြန်သွားသည့် အတွက် သင်္ကြန်တွင်း ကာလတွင် အရောင်းအဝယ် ပါးသော်လည်း သင်္ကြန်ကာလ အပြီးတွင် ဧည့်သည်များ ပြန်လည် စည်ကားလာသည့်အတွက် ချောင်းသာ ကမ်းခြေရှိ စားသောက် ဆိုင်များနှင့် တခြားပစ္စည်း အရောင်းဆိုင်များ အရောင်းအဝယ် ကောင်းလျက် ရှိကြောင်းချောင်းသာ ကမ်းခြေရှိ Happy Top စားသောက်ဆိုင် ပိုင်ရှင် ဦးဖက်တီးက ပြောသည်။

ချောင်းသာ ကမ်းခြေ၌ ခရီးသွား ဧည့်သည်များ အန္တရာယ်ကင်းစွာ အပန်းဖြေနိုင်ရန် မြေပြင် သက်ကယ်အဖွဲ့ ခုနစ်ဖွဲ့ ဖွဲ့စည်းထားပြီး ဧည့်သည်များ ကမ်းခြေ၌ ရေချိုးရမည့် အချိန်ကိုလည်း သတ်မှတ် ထားကြောင်းနှင့်သတ်မှတ်ထားသည့် စည်းမျဉ်း အတွင်းမှ အပြင်ထွက်ပါက အန္တရာယ်ရှိနိုင်သည့် နေရာ၌ ဘောလုံးလေးများ ကိုချထားသည့် Save Water Line ကိုလည်း ချထားပေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger