www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 19, 2017

ဟင်္သာတမြို့နယ် ၊ ဥယျာဉ်စုကျေးရွာရှိ လေဘေးသင့်ပြည်သူများနှင့် ပုသိမ်-ငရုတ်ကောင်း - ဂေါ်ရင်ဂျီကျွန်းသွား ကားလမ်း လမ်းချော်မှုတို့အား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်


နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ပုသိမ်-ငရုတ်ကောင်း- ဂေါ်ရင်ဂျီကျွန်း 
သွားကားလမ်း လမ်းချော်မှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁၉-၄-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အတွင်း ဧပြီ ၁၆ ရက် ညနေပိုင်းတွင် လေပြင်း တိုက်ခတ်မှုများကြောင့် ပဲကြီးကျွန်းအုပ်စု၊ ဥယျာဉ်စုကျေးရွာ ရှိ လူနေအိမ် ငါးလုံးနှင့် ဝိဇိတရာမ ဘုန်းတော်ကြီးကျောင်း မှ ဓမ္မာရုံတို့၌ အမိုးများပျက်စီး ခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့ ကုက္ကိုပင် လဲကျသဖြင့် အိမ်ပိုင်ရှင်တစ်ဦး သစ်ကိုင်းပိ သေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါနေရာသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း နှင့် နေအိမ်အမိုးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းပိတ်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ပျက်စီးသွားသည့် နေအိမ် များမှ မိသားစုများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ကူညီရွှေ့ပြောင်း ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် လေဘေးသင့် ပြည်သူများအား နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပြီး ဒေသခံပြည်သူ များအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့ က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ငရုတ်ကောင်းမြို့နယ် အတွင်း ဧပြီ ၁၆ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကြွေချိုင့်ကျေးရွာ အနီးရှိ ပုသိမ်- ငရုတ်ကောင်း- ဂေါ်ရင်ဂျီကျွန်း သွားကားလမ်း ချော်ကာ မော်တော်ယာဉ် ၄၂ စီးခန့် ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ရွှံ့စေးမြေများ ခြစ်ထုတ်ခြင်း၊ ကျောက်များခင်း၍ မြေသားထည့်ခြင်းများ ဆောင်ရွက်ပေးရာ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လမ်းချော်နေသည့် မော်တော်ယာဉ် ၁၁ စီးနှင့် ညနေ ၃ နာရီခန့်တွင် မော်တော်ယာဉ် ၃၁ စီးတို့သည် အဆိုပါနေရာမှ ဆက်လက် ထွက်ခွာနိုင် ခဲ့ကြောင်းနှင့် ငရုတ်ကောင်းတောင် နှင့် ဂေါ်ရင်ဂျီကျွန်းသွား ကားလမ်းတစ်လျှောက် တွင် ရပ်တန့်ပိတ်ဆို့ နေသော ခရီးသွားယာဉ်များ မရှိတော့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger