www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 1, 2017

နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ တပ်မတော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲသို့ 
တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်

နေပြည်တော် (၁-၃-၂၀၁၇)

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်၊ မောင်တောဒေသ တွင်ဖြစ်ပွား ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ ဖြစ်ပွားခဲ့သည့် မုံးကိုးဒေသတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ နိုင်ငံခြားသတင်းထောက် များအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်တို့မ အဖွဲ့ဝင်များ၊ ပြည်တွင်းသတင်း ဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာန များမှ သတင်းထောက်များ တက်ရောက်ခဲ့ ကြသည်။

ပထမဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် မုံးကိုးဖြစ်စဉ်နှင့် ပတ်သက်၍ မုံးကိုးဒေသ၏ နောက်ခံ အခြေအနေများ ဖြစ်သည့် ၁၉၆၇ ခုနှစ်မှစ၍ ဗကပတို့၏ အရှေ့မြောက် စစ်ဒေသအဖြစ် ဝင်ရောက် လှုပ်ရှားခဲ့မှု၊ ၁၉၈၆ ခုနှစ် စီစီဝမ်တာပန် တိုက်ပွဲကြီးတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် ဗကပ တို့စစ်ရေးရှုံးနိမ့်မှု၊ ၁၉၈၉ ခုနှစ် တွင် ကိုးကန့်အုပ်စုမှ သိမ်းပိုက်ခဲ့မှု၊ ၁၉၉၂ ခုနှစ်တွင် မုံးကိုး၌ ''ဖုန်'' အုပ်စုနှင့် ''ရန်'' အုပ်စု ပြဿနာဖြစ်ပွားခဲ့မှု၊ ၂ဝဝဝ ပြည့်နှစ်တွင် အထူးဒေသ(၁) မုံးကိုးကာကွယ်ရေး တပ်ဖွဲ့အတွင်း အာဏာလု တိုက်ပွဲများ ဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ၂ဝဝ၉ ခုနှစ် လောက်ကိုင် အရေးအခင်း ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ၂ဝ၁၅ ခုနှစ်တွင် လောက်ကိုင်ဒေသ အား KIA/ MNDAA/ TNLA /AA နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့များ စုပေါင်းတိုက်ခိုက် လာခြင်းကြောင့် တပ်မတော်မှ တန်ပြန်တိုက်ခိုက် ချေမှုန်းခဲ့ရသည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လအတွင်း KIA/MNDAA/ TNLA အကြမ်းဖက် သောင်းကျန်းသူ စုစုပေါင်းအင်အား ၁ဝဝဝ ဦးခန့်ဖြင့် တပ်ပေါင်းစု အမည်ခံ၍ ကိုးကန့်ဒေသအတွင်း ပြန်လည်အခြေချ နိုင်ရန်နှင့် မုံးကိုး၊ ဖောင်းဆိုင်နယ်မြေ အတွင်း အခြေခံနယ်မြေ တည်ဆောက်ရန် လှုပ်ရှား ဆောင်ရွက်လာသည့် အခြေအနေများ၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်တွင် မုံးကိုး၊ ဖောင်းဆိုင်၊ မန်ကန်၊ ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းများနှင့် မူဆယ် တပ်စခန်း၊ ရဲကင်းစခန်းနှင့် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် တို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး၍ အချိန်အငိုက်ရယူ တိုက်ခိုက် ခဲ့သည့် အခြေအနေများ၊ တစ်ဆက်တည်းတွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား ဖြတ်တောက် ပိတ်ဆို့ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာ ရရှိမှု အခြေအနေများ၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ပိတ်ဆို့ ခြင်း များကြောင့် နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ခေတ္တရပ်ဆိုင်း ခဲ့ရပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ ဆုံးရှုံးနစ်နာရမှု အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ကာကွယ်ရန်၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ ဒေသခံပြည်သူ များ၏ ဘဝလုံခြုံစိတ်ချမှု ရှိစေရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများမထိ ခိုက်စေရေး တို့အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်များကို ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နိုဝင်ဘာ ၂၆ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို ပြန်လည်ထိန်းချုပ်၍ နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ပုံမှန်လုပ်ဆောင် နိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် မုံးကိုးတွင် သာလွန်အင်အားဖြင့် ဝိုင်းပတ်တိုက်ခိုက် နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ချေမှုန်း ခဲ့မှုအခြေအနေ များ၊ တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလနှင့် တိုက်ပွဲများပြီးဆုံးချိန် တို့တွင် ဒေသခံပြည်သူ များအား တပ်မတော်မှ ကူညီဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ မုံးကိုးမြို့အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မုံးကိုးဒေသတွင် လက်ရှိတည်ငြိမ် အေးချမ်းနေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ငြိမ်းချမ်းရေး ရလိုစိတ် အပြည့်ဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်တွင် လက်နက်ကိုင် ပဋိပက္ခများ၊ လက်နက်ကိုင်စွဲ၍ အကြမ်းဖက်မှု များကို လက်မခံကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး၊ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (CNA) ကို လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေး အတွက် ငြိမ်းချမ်းရေး တံခါးများအစဉ် ဖွင့်ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေး ဖိတ်ခေါ်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ တရားဝင် ကျောက်စိမ်း သယ်ဆောင်လာသည့် ကားများ၏ အောက်ကြမ်းခင်းနှင့် ရေတိုင်ကီ များအတွင်း တရားမဝင် ကျောက်စိမ်း (ခန့်မှန်း ၂၁ တန်ကျော်) သိုဝှက်သယ်ဆောင် လာသည်ကို တပ်မတော်နှင့် တာဝန်ရှိသူ များက ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက် နှင့် ၁၈ ရက်တို့တွင် ကင်းထောက် လေယာဉ်များ၏ ထောက်လှမ်းမှုဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်စပ်နယ်မြေတွင် ရွှေလီမြစ်အနီး စုပုံထားသည့် သစ်များ၊ သစ်တင်ယာဉ်များ တွေ့ရှိရသောကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ရာတွင် တရားမဝင် သစ်မျိုးစုံ ၄၂၇ တန်၊ သစ်တင်ယာဉ် မျိုးစုံ ၇၅ စီး၊ သစ်စက် ရှစ်လုံး၊ စက်လှေလေးစင်း တို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အနေဖြင့် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဆေးခြောက် နှင့် စိတ်ကြွရူးသွပ် ဆေးပြားများ တန်ဖိုးအားဖြင့် ငွေကျပ် ၁၆၃ ဒသမ ၆၃ ဘီလီယံကျော် အားလည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ တွင်လည်း ဘိန်းဖြူ ၅ ဒသမ ၃၉ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁ ဒသမ ၉ ကီလိုဂရမ်၊ ဘိန်းဆီ သုည ဒသမ ဝ၃ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၃ သိန်းပြား တန်ဖိုးအား ဖြင့် ငွေကျပ် ၁ ဒသမ ၂၂ ဘီလီယံ ကျော်အား လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဟဲဟိုးမြို့နယ်၊ ဘဝသံသရာ တံတားအနီး၌ စိတ်ကြွရူးသွပ် ဆေးပြား ၆ဝ ဒသမ ၅ သိန်းပြား တန်ဖိုးအားဖြင့် ငွေကျပ် ၆ ဒသမ ဝ၅ ဘီလီယံခန့် အားလည်းကောင်း တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ကူးသန်း ရောင်းဝယ်မှု များကို တားဆီးနှိမ်နင်းခြင်း များအား အလေးထား လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် ၊ မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ဗြိတိသျှကိုလိုနီ ခေတ်ကာလ မှစတင်၍ ဘင်္ဂလားနယ်၊ စစ်တကောင်းမှ ဘင်္ဂါလီလူမျိုးများ ရခိုင်ပြည်နယ် အတွင်း တရားမဝင် ဝင်ရောက်လာခဲ့မှု၊ ၁၈၆၉ ခုနှစ်တွင် လယ်ယာလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန် အတွက် ဘင်္ဂလားနယ်မှ ဘင်္ဂါလီများ အလုံးအရင်းဖြင့် ထပ်မံ ဝင်ရောက်ခဲ့မှု၊ ၁၈၆၁ ခုနှစ်၊ ဘူးသီးတောင် မောင်တော မီးရထားလမ်း ဖောက်လုပ်ရန် အတွက် စစ်တကောင်း ဘင်္ဂါလီများအား ခေါ်ယူရာမှ ပြန်လည် ထွက်ခွာခြင်းမရှိဘဲ အခြေချ နေထိုင်မှု များရှိလာခဲ့မှု၊ ဒုတိယကမ္ဘာစစ် ပြီးခါနီးအချိန် ဗြိတိသျှများ ရခိုင်ဒေသမှ တစ်ဆင့် ဘင်္ဂလားနယ် သို့ထွက်ခွာစဉ် ရခိုင်ဒေသရှိ ဘင်္ဂါလီများအား မိမိကိုယ်ကို ကာကွယ်ရန် အကြောင်း ပြချက်ဖြင့် လက်နက်များ ပေးအပ်ခဲ့မှု၊ ၄င်းလက်နက် များကိုင်ဆောင်ပြီး ဘင်္ဂါလီများက ရခိုင်တိုင်းရင်းသား ကျေးရွာများအား တိုက်ခိုက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့မှု၊ ၁၉၄၂ ခုနှစ်တွင် အလယ်သံကျော် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ရခိုင် တိုင်းရင်းသား ၂ဝဝဝဝ ကျော် အသတ်ခံရကာ ကျန်တိုင်းရင်းသား များလည်း ဘူးသီးတောင်၊ မောင်တော နယ်မြေမှ စစ်တွေ စသည့်မြို့ပေါ်များသို့ လက်လွတ် ထွက်ပြေးခဲ့ရမှု၊ ဒုတိယကမ္ဘာစစ်ပြီး ကာလ အိန္ဒိယ၊ ပါကစ္စတန် ခွဲခြား တည်ထောင်ရေး ကာလတွင် အရှေ့ပါကစ္စတန် ထူထောင်ရာ၌ အိန္ဒိယနိုင်ငံမှ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံမှ ဘူးသီးတောင်၊ မောင်တော (မေယုဒေသ) တို့ကို ထည့်သွင်းရန် ဘင်္ဂါလီ နိုင်ငံရေးသမား များက ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်ပြီး ရခိုင်ဒေသတွင် ဘင်္ဂါလီ လူဦးရေ တိုးတက်လာမှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် ကိုလိုနီခေတ် ဗြိတိသျှ လက်ထက် သန်းခေါင်စာရင်း များအရ ၁၈၇၂ ခုနှစ်တွင် ၅၈၂၂၅ ဦး၊ ၁၉ဝ၁ ခုနှစ်တွင် ၁၉၃၈၈၄ ဦး၊ ၁၉၃၁ ခုနှစ်တွင် ၂၁၇၈ဝဝ ဦး အထိ တိုးတက် လာကြောင်း၊ လက်ရှိတွင် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ရခိုင်ပြည်နယ် ၏လူဦးရေ ၃၁၈၈၈ဝ၇ ရှိရာ ဘင်္ဂါလီ ၁ဝ၉ဝဝဝဝ ပါဝင်ပြီး လူဦးရေ၏ ၃၄ ရာခိုင်နှုန်း ရှိကြောင်း၊ ဘူးသီးတောင် ဒေသတွင်လူဦးရေ ၏ ၉ဝ ရာခိုင်နှုန်း၊ မောင်တော ဒေသတွင် လူဦးရေ၏ ၉၇ ရာခိုင်နှုန်းမှာ ဘင်္ဂါလီများ ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ဒေသရှိ ဘင်္ဂါလီများ အနေဖြင့် ၁၉၄၇ ခုနှစ်က စတင်ပြီး မူဂျာဟစ် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ပါလီမန်အစိုးရ လက်ထက် ၁၉၅၁ ခုနှစ်တွင် မောင်တောမြို့နယ်၊ အလယ်သံကျော် ရွာတွင် မွတ်စလင်ညီလာခံ ကျင်းပ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းကို လွတ်လပ်သော မွတ်ဆလင်ပြည်နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်း ပေးရန် အစိုးရ အဖွဲ့ထံသို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ ခဲ့ကြောင်း၊ ၁၉၆၆ ခုနှစ်တွင် ဘင်္ဂါလီများ၏ မူဂျာဟစ် လှုပ်ရှားမှုများ ပြန်လည် လုပ်ဆောင်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များ၏ အနောက်ဘက်ခြမ်း တစ်ခုလုံးကို အာကစ္စတန် (Arkistan) အမည်ဖြင့် နိုင်ငံထူထောင်ရန် ကြံရွယ် ဆောင်ရွက်ခဲ့ သော်လည်း တပ်မတော်က ထိုးစစ်ဆင်မှု ကြောင့် ၁၉၇၄ ခုနှစ်တွင် ပြိုကွဲပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သပြေချောင်း ကျေးရွာနေ မသီတာထွေး၊ ရခိုင်/ဗုဒ္ဓအား ဘင်္ဂါလီလူမျိုး သုံးဦးက အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကြောင့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ် များတွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ အကြား ဆူပူအကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက် ၁ နာရီခွဲတွင် ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်အား လည်းကောင်း၊ နံနက် ၃ နာရီခွဲတွင် ရသေ့တောင်မြို့နယ် ရှိ ကိုးတန်ကောက် ရဲကင်းအား လည်းကောင်း၊ နံနက် ၄ နာရီခွဲတွင် ငါးခူရ ရဲကင်းအား လည်းကောင်း၊ ဘင်္ဂါလီ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၁၈ဝ ဦးခန့်က သေနတ်၊ ဓား၊ လှံ၊ ဂျင်ကလိများ အသုံးပြု၍ အင်အားသုံး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး၊ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ဇနီးတစ်ဦး၊ အရပ်သားတစ်ဦး ဒဏ်ရာရရှိပြီး လက်နက်မျိုးစုံ ၆၇ လက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်း၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးရမိရေး၊ ၄င်းတို့ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ ပြန်လည်သိမ်းဆည်း ရမိရေးအတွက် နယ်မြေရှင်းလင်း ဆောင်ရွက်မှု များနှင့် အကြမ်းဖက်သမား များက လူစုလူဝေးဖြင့် စောင့်ကြို တိုက်ခိုက်မှု၊ ဝိုင်းပတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အပြင် အကြမ်းဖက် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူ များအား အစိုးရ သတင်းပေးဟု စွပ်စွဲသတ်ဖြတ်ခြင်း များကြောင့် ကျေးရွာပေါင်း ၁၇ ရွာတွင် အဆောက်အအုံ ၉၆၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံး၍ အပြစ်မဲ့ ပြည်သူ ၁၈ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများမှာ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin အဖွဲ့၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ ပါကစ္စတန်နိုင်ငံ ရှိ တာလီဘန်များ ထဲတွင် ၆ လ သင်တန်းတက်ရောက် ခဲ့သူ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာနေ ဟာမစ်ကူဟာရ် (၄၅) နှစ်ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် လူမှုကွန်ရက်များမှ တစ်ဆင့် မောင်တောဒေသ အတွင်း အကြမ်းဖက်မှုများ ဆက်လက် ပြုလုပ်ရေး ဗီဒီယိုဖိုင်များဖြင့် လှုံ့ဆော်ဝါဒဖြန့် ခဲ့ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ရာတွင် ပါဝင်သူ ဘင်္ဂါလီစုစုပေါင်း ၇၄၄ ဦးဖမ်းဆီးရမိပြီး ဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိသူ ၆၈ ဦးအား ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း၊ ယင်းတို့အနက် ပြစ်ဒဏ် ချမှတ်ပြီးသူ ၁၂၇ ဦး၊ ထိန်းသိမ်း စစ်ဆေး မေးမြန်းဆဲ ၅၄၁ ဦး၊ ရောဂါကြောင့် သေဆုံးသူ ရှစ်ဦး ရှိခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အကြမ်းဖက် ဘင်္ဂါလီများက ပိတ်ဆို့ တိုက်ခိုက်မှု များကြောင့် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များအတွင်း တာဝန် ထမ်းဆောင်လျက် ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင် ၃၈၆ ဦးတို့အား တပ်မတော် ရဟတ်ယာဉ်များဖြင့် ဘူးသီးတောင် သို့ စုစည်းပို့ဆောင်၍ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံ ပြည်သူများ၊ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် ဌာနေအဖွဲ့ဝင် များအား တွေ့ဆုံ အားပေးစကား ပြောကြား၍ စားသောက်ကုန် နှင့်လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အဆိုပါ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပ သတင်းမီဒီယာ နှင့် အဖွဲ့အစည်းများက တစ်ဖက်သတ် စွပ်စွဲဖော်ပြမှုများ ရှိနေကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ဘင်္ဂါလီများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ပြုလုပ်နေကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများ ကလည်း ဘင်္ဂါလီများ ခံစားနေရသည့် ဘေးဒုက္ခများ အတွက် အာမခံ ပေးနိုင်သော လွတ်လပ်စွာ သွားရောက်ခွင့်နှင့် စုံစမ်း စစ်ဆေးခွင့် များကို အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြောဆို သည့်အပြင် ပြည်ပနိုင်ငံ အချို့မှ အစိုးရအဖွဲ့၊ ပါတီအဖွဲ့ အစည်းများ၊ ပြည်ပရောက် ဘင်္ဂါလီများ ဦးဆောင်ဆန္ဒ ဖော်ထုတ်မှု၊ မြန်မာသံရုံးရှေ့ တွင် ဆန္ဒပြမှုများ လုပ်ဆောင် နေသည်ကို တွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နောက်ခံ အခြေအနေနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတရုံးမှ ဒုတိယသမ္မတ(၁) ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် အပါအဝင် မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်များဖြင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်မှု၊ တပ်မတော် အနေဖြင့်လည်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ဦးစီးသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရဲရေးချုပ် ဦးစီးသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေများနှင့် လက်ရှိစုံစမ်း စစ်ဆေးချက် များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် စွပ်စွဲချက်များမှာ မှန်ကန်မှု မရှိကြောင်း တွေ့ရှိသည့် အကြောင်းအချက် များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အကြမ်းဖက်သူ များ၏ လက်ဝယ်တွင် ရဲစခန်းများက ယူဆောင်သွားသည့် လက်နက်များ ရှိနေသည့်အပြင် လက်လုပ်မိုင်းများ၊ လုပ်သေနတ်များ၊ အခြားလက်နက်များ ဖော်ထုတ်ဖမ်းဆီး ရရှိမှုများ ရှိနေသေးကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၄ ကြိမ်တွင် တန်ဖိုးငွေကျပ် ၁၁ ဒသမ ၁ ဘီလီယံခန့်ရှိပြီး ၂ဝ၁၆ ခုနှစ် တစ်နှစ်တည်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၁ ကြိမ်ရှိပြီး တန်ဖိုးငွေကျပ် ၅၄ ဒသမ ၅၆ ဘီလီယံခန့် ရှိသောကြောင့် ဒေသတွင်း မူးယစ်ဆေးဝါး အန္တရာယ် လွန်စွာကြီးမား လာကြောင်း၊ ရပ်ရွာတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အချိန်ယူ လုပ်ဆောင်ရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒေသန္တရအဆင့် တည်ငြိမ်မှု ထိန်းသိမ်းရေး စစ်ဆင်ရေး (Stability Operation) ကို အဆင့်လိုက် ဆောင်ရွက်ခဲ့ကြောင်း၊ ၄င်းအပြင် ဥပဒေအရ လိုအပ်သည့် အတိုင်းအတာ ဆောင်ရွက်ခြင်း (Legitimacy)  ၊ လိုအပ်သလောက်သာ ဆောင်ရွက်ခြင်း (Necessity) ၊ ပြစ်မှု၏ အတိမ်အနက် နှင့် အချိုးညီစွာ အရေးယူ ဆောင်ရွက်ခြင်း (Proportionality နှင့် နှိမ်နင်းတားဆီး တိုက်ဖျက်ရာတွင် အသုံးပြုသည့် လူ/လက်နက် အင်အားညီမျှမှု ရှိစေခြင်း (Use of Force and Firearms) တို့ကို တည်ဆဲဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) နှင့် အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာ ဥပဒေ (International Humanitarian Law- IHL) တို့နှင့်အညီသာ ဆောင်ရွက် နေကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းမှုအပေါ် မူတည်ပြီး ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ (Stability Operation) ကို ဒုတိယအဆင့် (Stage-2 Level) သို့ လျှော့ချခဲ့ပြီး နယ်မြေ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၊ အစိုးရအဖွဲ့အစည်း ယန္တရားများနှင့် စာသင်ကျောင်း၊ ဆေးရုံ စသည့်လူထု အထောက်အကူပြု လုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့/ကျေးရွာ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူ များက အဓိက ဆောင်ရွက်လျက် ရှိပြီး တပ်မတော်က ဝန်းရံပေးကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရခိုင်ပြည်နယ် အရေး ဒေသန္တရ အဆင့် (Stability Operation) အား ရပ်ဆိုင်း ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးတာဝန် အား ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့် မညီသော ပြစ်မှုများကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ပါက ထုတ်ပြန်ထားသော ဥပဒေများ အရ လည်းကောင်း၊ စစ်စည်းကမ်း အရ လည်းကောင်း ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

၎င်းနောက် တက်ရောက်လာ ကြသည့် သတင်းဌာန အသီးသီးတို့မှ သိရှိ လိုသည်များ မေးမြန်းမှုအပေါ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြန်လည် ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger