www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 17, 2017

သိန္နီမြို့နယ်အတွင်းရှိ စော်ဘွားကြီးနှင့် ဆွေမျိုးများ၏ အုတ်ဂူများကို ရှေးမူမပျက်ထိန်းသိမ်း သွားမည်



သိန္နီ ၊ ၁၇-၃-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်အတွင်းရှိ စော်ဘွားကြီးများနှင့် ပတ်သက်သော အဆောက်အဦးများ၊ စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တို့အား မြုပ်နှံထားသော အုတ်ဂူများကို ရှေးမူမပျက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

“ဒါတွေကို ဒီအတိုင်း ရှေးမူမပျက် ထိန်းသိမ်းသွားမှာပါ။ နိုင်ငံခြားခရီးသွားတွေ လာပြီး လည်ပတ်ရင် သိန္နီမြို့က ရှမ်းရိုးရာတွေကို လေ့လာလို့ရမယ်။ ရိုးရာ အစားအသောက်တွေ စားရမယ်။ သီပေါထက်စာရင် သိန္နီမြို့မှာက လေ့လာစရာနေရာ အများကြီးရှိပါတယ်။ သဘာဝ ရေတံခွန်လည်း ရှိပါတယ်။ စော်ဘွားတွေ နေခဲ့တဲ့ ဟော်နန်း လည်းရှိပါတယ်။” ဟု သိန္နီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က ပြောသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ရှမ်းမြောက်ဇုန်) မှ ကြီးမှူးကာ ဒေသတွင်း ခရီးသွားလုပ် ငန်းဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့မှ ဒေသတွင်းဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေရာမှ သိန္နီမြို့နယ်တွင် ရှိသော စော်ဘွားကြီးများနှင့် ပတ်သက်သည့် အဆောက်အဦးများ၊ စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တို့အား မြုပ်နံထားသော အုတ်ဂူများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

သိန္နီစော်ဘွားကြီး နေထိုင်ခဲ့သော ဟော်နန်းကို တည်ဆောက်ထားသည့် သံပေါင်များမှာ ဂုဏ်ထိပ်တံတားအား တည်ဆောက်ထားသည့် သံပေါင်များနှင့် တူညီနေပြီး ဂုတ်ထိပ်တံတားမှာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ နေပြီဖြစ်ကြောင်း သိရသည်။

သိန္နီစော်ဘွားကြီး သတိုးမဟာသရေစည်သူ စဝ်ဟုံဖ မှာ ၁၃၂၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း ၅ ရက်တွင် နတ်ရွာ စံကာ အနိစ္စရောက်သည် ဟူသော စာတမ်းရှိသည့် ဂူနှင့် ဆွေမျိုးများ၏ ဂူများကို တွေ့ရှိခဲ့ရပြီး စော်ဘွားကြီးဂူကို အုတ်တံတိုင်းဖြင့် ကာရံထားကာ အတွင်း အုတ်နံရံများကို ရှေးဟောင်းလက်ရာ များဖြင့် ရုပ်ထွင်းထားသည့် အစောင့်ပုံမျိုးစုံ ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့က ကိုယ့်မြို့နယ် အတွင်းမှာ ဒါတွေရှိနေတာ တွေကို လိုက်ရှာပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ဆောင် နေတာပါ။ လားရှိုးမြို့ ဝန်းကျင်မှာလည်း ရှာတွေ့ခဲ့တယ်။ ပြီးတော့ သိန္နီမြို့မှာ ဆိုရင်လည်း လေ့လာစရာတွေ အများကြီး ရှိပါတယ်။’’ ဟု ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့ဝင် ကိုသိန်းမင်းထွန်း က ပြောသည်။

သိန္နီမြို့၌ စော်ဘွားကြီး စဝ်ဟုံဖ ကိုးကွယ်ရန် ဆောက်လုပ်ထားသော နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ စဝ်မိန်ခေါက် ဘုရားကျောင်းဆောင် နေရာကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ရှင်းလင်းခဲ့ခြင်း ကြောင့် လက်ရှိတွင် သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘုံ(၅)ဆင့် (ရှမ်းဘာသာဖြင့်-ကျောင်းဟရွက်) ဟုခေါ်သည့် ရှေးဟောင်း အဆောက်အအုံကိုလည်း တွေ့ ရှိခဲ့ကာ အဆိုပါ ဘုံ(၅)ဆင့် ကျောင်းဆောင် အတွင်းရှိသည့် အမြင့်၊ အကျယ်(၂)ပေခွဲ ဝန်းကျင်ရှိကန်မှာ ရေခမ်းသွားခြင်း မရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger