www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 9, 2017

ခေါင်းချွေးထွက်ရောဂါ


ခေါင်းချွေးထွက်ရောဂါ

ကြည်လွင်မြင့် (မုဒြာ)

အနောက်တိုင်း  ဆေးပညာ အယူအဆတွင် အသက် ၄ဝ ကျော်သူတို့မှာ အဖြစ်နှင့်အပျက် တွင် Cells ခေါ် ကလာပ်စည်းများ ပျက်စီးမှုသည် တစ်နေ့လျှင် ဆဲလ်တစ်သန်းကျော် သေသည်ဟု ဆိုသည်။ (ဆရာကြီး သိပ္ပံမှူးတင် ၏ ကျန်းမာရေး ဟောပြောချက် တစ်ခုတွင် ကြားသိရခြင်း ဖြစ်ပါသည်။) ထို့ကြောင့်ပင် အသက် ၄ဝ ကျော်လျှင် ငယ်ရုပ်ပျောက်ပြီး ကြီးရုပ် ပေါက်လာသည် ဟု ရှေးလူကြီး သူမများ ဆိုကြခြင်း ဖြစ်သည်။

ဗုဒ္ဓဒေသနာ အခြေခံသော မြန်မာ့ဆေးပညာ တွင်ကား ခန္ဓာကိုယ်ကို ပဉ္စဘုတ်ခေါ် ဘုတ်ငါးပါးဖြင့် တည်ဆောက်ထားပြီး ကျန်းမာနေသည့် အရွယ်တွင် ထိုငါးပါးတို့ ညီညွတ်နေကာ ဒုတိယအရွယ် ဝင်သည်နှင့် ဖောက်ပြန်ခြင်းများ စတင်ဖြစ်ပေါ် လာသည်။ ပထ၀ီ ဓာတ်ပျက်သဖြင့် အသားအရေ လျော့ကျခြင်း၊ တွန့်ခြင်း၊ ကျုံ့ခြင်းတို့ ဖြစ်လာသည်။ ထိုတွန့်သည့်၊ ကျုံ့သည့်နေရာတွင် အာပေါဓာတ်က တိုးပြီးဝင်ရောက် လာသဖြင့် ဝမ်းဗိုက်ကဲ့သို့ နေရာများတွင် ဖောင်းကားခြင်း ဖြစ်လာသည်။ ဗိုက်ဖောင်းလာခြင်း၊ ကုပ်ပိုးဖောင်း လာခြင်းတို့သည် ပထဝီပျက်သည့် နေရာတွင် အာပေါဓာတ်နှင့် ဝါယောဓာတ်တို့ တိုးဝင်ပြီး နေရာယူ လာခြင်း ဖြစ်သည်။

အာပေါဓာတ် လွန်လျှင် အာကာသ ပျက်သည်ဟူသော အယူအဆရှိသည်။ အာကာသ ရစေသည့် (အခိုး ထွက်စေမည့်) အပေါက်ကို အရည်နှင့် အဆီဓာတ်က ပိတ်လိုက်ခြင်း ဖြစ်သည်။ ထိုအခါ အရေပြား တွင်ရှိသော မွေးညင်းပေါက် များမှ ထွက်ရမည့် အခိုးတို့သည် အထက်သို့ တက်သွားသည်။ မွေးစဉ်ကပါလာ ခဲ့သော ငယ်ထိပ်ပေါက်သည် အာကာသ ထွက်လမ်း ဖြစ်သည်။ ဆံပင်အစ လည်ကုပ်ပိုင်းနှင့် ငယ်ထိပ်တစ်ဝိုက် ဆံပင်များကြား ဦးရေပြားမှ ချွေးများ ထွက်လာတော့သည်။

လူအများကို လေ့လာ ကြည့်သောအခါ အသက် ၄ဝ မတိုင်မီက လှုပ်ရှားသွားလာလျှင် တစ်ကိုယ်လုံး ချွေးအညီအမျှ ထွက်လေ့ ရှိသော်လည်း အသက် ၄ဝ ကျော်၊ ၅ဝ အတွင်း ရောက်လာသောအခါ ချွေးထွက်မညီ တော့ပေ။ 

အောက်ပိုင်းချွေး ထက် အထက်ပိုင်းချွေး က ပိုများလာသည်။ အထက်ဆန်ခြင်း များလာသော အခါ အလိုအလျောက် သွေးတိုးရောဂါ ဝင်လာတော့သည်။ အခန့်မသင့်လျှင် မသိလိုက်ဘဲ ဆီးချိုရောဂါ ပါဝင်လာ တော့သည်။ တစ်ခါတစ်ရံတွင်လည်း ချွေးထွက်မညီ ခြင်းသည် အသက်အရွယ်ကြောင့် မဟုတ်ဘဲ အနေအထိုင် ပြောင်းလဲမှု ကြောင့်လည်း ဖြစ်တတ်သည်။ ဥပမာတစ်ခု တင်ပြရလျှင် စာရေးသူ မိတ်ဆွေတစ်ဦး၏ ခေါင်းချွေးထွက် ရောဂါ အကြောင်း ပြောလိုသည်။ ထိုမိတ်ဆွေသည် အလုပ်ကိုကြိုးစား လုပ်ကိုင်ရာမှ အောင်မြင်လာသူ ဖြစ်သည်။ အောင်မြင်လာသည့် အခါမှ သူ့တွင် ရောဂါအချို့ ဝင်ရောက်လာသည်။ လူဝလာသည့် အချိန်မှစ၍ ကုပ်ချွေးထွက်သည်။ 

ချွေးမညီ။ ညအိပ်ပျော်လျှင် ခေါင်းချွေးများ ရွှဲနေအောင် ထွက်သည်။ တစ်ခါတစ်ရံ ကိုယ့်ချွေးနှင့်ကိုယ် အအေးပတ်ပြီး နံနက်ထလျှင် နှာစေးပြီး ခေါင်းအုံ နေတော့သည်။ သူ၏ဖြစ်ပုံကို ဆန်းစစ်ကြည့်သော အခါ အသက် ၄ဝ မကျော်မီက သူ့ဘဝမှာ ခက်ခဲသည်။ နေ့စဉ်သွားလာ လှုပ်ရှားရုန်းကန် ရသည်။ နေအိမ်မှ အလုပ်ရှိရာသို့ တော်တော်ဝေးဝေး လမ်းလျှောက်တစ်လှည့်၊ ဘတ်စ်ကားတစ်လှည့် သွားရသည်။ အလုပ်ရှိရာ တိုက်ဖြစ်သော လေးထပ်သို့ လှေကားထစ် များစွာကို တက်ခြင်း၊ ဆင်းခြင်း နေ့စဉ်အကြိမ်များစွာ ပြုလုပ်ရသည်။ သို့သော် ပြန်တွေးကြည့်လျှင် ထိုစဉ်အခါက သူ့ကျန်းမာရေးသည် ဒေါင်ဒေါင်မြည်အောင် ကောင်းခဲ့သည်။

ယနေ့အချိန်ခါတွင် သူအောင်မြင် နေသည့် အချိန်ကျမှ ကျန်းမာရေးက ဖောက်လာသည်။ ဘာ ကြောင့် ဤသို့ ဖြစ်ရသည်ကို ဆန်းစစ်မိသည်။ အလုပ်များ အောင်မြင်၊ စီးပွားရေး ကောင်းလာသော အခါ ခရီးဝေး လမ်းမလျှောက် ရတော့ပေ။ သူ့အလုပ်နှင့် နီးသော နေရာတွင်ပင် အဆင့်မြင့် ကွန်ဒိုတိုက်ခန်း ဝယ်သည်။ လှေကားထစ်များစွာ နေ့စဉ် အတက်အဆင်း မလုပ်ရတော့ပေ။ ဓာတ်လှေကားဖြင့် အဆင်သင့် ခလုတ်နှိပ်ပြီး ရပ်နေလိုက်ရုံဖြင့် လိုရာအထပ်သို့ ရောက်နိုင်သည်။ ပူအိုက်ခြင်း ဒဏ်ကြောင့် ချွေးပြန်ပြီး နေရသောဘဝ၊ ချွေးတလုံးလုံးဖြင့် အလုပ်ရှုပ်သော ဘဝမှ ကင်းဝေးအောင် အဲကွန်းအပြည့် ဖွင့်ထားသော ကွန်ဒိုတိုက်ခန်း ကြီးဖြင့် နေနိုင်ပြီ။ သို့သော် ထိုအဆင်ပြေခြင်းမှာ တစ်နှစ်ကျော်လာ သောအခါ ကျန်းမာရေး အတွက် အဆင်မပြေ ခြင်းများ ဖြစ်လာသည်။ လူပိုဝလာသည်။ ကုပ်ပိုးအဆီ တက်လာသည်။ အကြောတက် ညောင်းကိုက်ခြင်း များလာသည်။ ဝမ်းဗိုက် စူလာသည်။ အောက်ပိုင်း ချွေးမထွက်။ လည်ကုပ်ချွေး၊ ခေါင်းချွေးများ ထွက်လာသည်။ ပို၍ဆိုးသည်မှာ ညအိပ်ပျော်လျှင် ခေါင်းချွေးများ ထွက်ပြီး အအေးပတ်ခြင်းပင် ဖြစ်သည်။ သူ့မှာ နေထိုင်မကောင်း တော့မှ ဆင်ခြင် လာမိသည်။

ချမ်းသာခြင်းသည် လူတိုင်း မက်မောသော လာဘ်ကြီးတစ်ပါးဟု ဆိုလျှင် ကျန်းမာခြင်းသည် ထို့ထက် ပိုပြီး ကြီးမားသော လာဘ်ကြီး ဖြစ်မည်ဟု ထင်သည်။  ချမ်းသာခြင်းကြောင့် ကျန်းမာခြင်း ပျောက်သွားလျှင် ထိုချမ်းသာခြင်း သည် လာဘ်ကြီး မဟုတ်နိုင် တော့ချေ။ ထိုမိတ်ဆွေ၏ ခေါင်းချွေးထွက် ရောဂါမှာ ယခု ပျောက်ကင်းသွားပြီ ဖြစ်သည်။ ပျောက်ကင်းပုံမှာ သူလည်း ခေတ်ပညာတတ် တစ်ဦးဖြစ်သဖြင့် ကျန်းမာရေး ဆိုင်ရာ စာအုပ်များ ဝယ်ဖတ်သည်။ လေ့လာသည်။ ခန္ဓာကိုယ် အတွင်း အပူအအေး မညီမျှ၍ ဖောက်ပြန်မှုများ အကြောင်းကို လေ့လာရင်း မြန်မာ ဆေးဆရာကြီး တစ်ဦးနှင့် တွေ့ဆုံရသည်။ ထိုဆရာကြီး၏ အကြံပြုချက် များကို လိုက်နာသည်။

ခေါင်းချွေးထွက် ရောဂါအတွက် အရေးကြီးသော အချက်မှာ ခန္ဓာကိုယ်တစ်ခုလုံး အညီအမျှ ချွေးထွက်ရန် လိုသည်။ လမ်းများများ လျှောက်ရန်လည်း လိုသည်။ လမ်းလျှောက် ရာတွင်လည်း လေကောင်းလေသန့် ရသည့်နေရာ တွင် လျှောက်ရန်လိုသည်။ ရန်ကုန်မြို့ကြီးတွင် ထိုကဲ့သို့နေရာမှာ အလွန်ရှားသည်။ ကန်တော်ကြီးစောင်း တွင် နေ့စဉ် သွားလျှောက်ရန်လည်း အချိန် မပေးနိုင်ခဲ့။ ထို့ကြောင့် သူသည် အားကစား ပစ္စည်းများ ရောင်းသည့်ဆိုင်သို့ သွားပြီး တိုက်ပေါ်မှာပင် ကစားနိုင်သည့် ကိရိယာများကို လေ့လာသည်။ နောက်ဆုံးတွင် လမ်းလျှောက်၊ အပြေးလေ့ကျင့်သည့် စက်တစ်လုံးကို ငွေကျပ်နှစ်သိန်းကျော် ပေးပြီး ဝယ်လိုက်သည်။ လမ်းလျှောက် လျှင်လည်းရ၊ အပြေး လေ့ကျင့်လျှင် လည်းရ၊ လျှောက်သည့်နှုန်း သာမက လျှောက်နိုင်သည့် အကွာအဝေးကိုပါ ပြနိုင်သည့် ထိုစက်၏ ကျေးဇူးကြောင့် အဆင်ပြေသည်။ ညနေရုံးဆင်းချိန် ဝန်ထမ်းများ ပြန်သွားသည်နှင့် သူအလုပ် စတော့သည်။ 

ပထမတော့ နာရီဝက်၊ နောက်တွင် တစ်နာရီထိ ရလာပြီး ချွေးတပြိုက်ပြိုက် ထွက်ပြီးမှသာ အနားယူသည်။ ရေအေးတစ်ခွက် သောက်လိုက်သည်။ ပြီးသည်နှင့် ရေချိုးခန်း အတွင်းဝင်ပြီး ရေချိုးသည်။ အားရပါးရ ခေါင်းမှလောင်း ချိုးသည်။ ထိုလေ့ကျင့်ခန်းနှင့် အဆင်ပြေပြီး စားကောင်း သောက်ကောင်းသည့် အပြင် ညအိပ်ပျော်သောအခါ သူဖြစ်နေကျ ခေါင်းချွေး ထွက်ခြင်းသည်လည်း သိသိသာသာ လျော့ကျ ပျောက်ကင်းသွား ခဲ့သည်။

သို့သော် ခေါင်းချွေးထွက် ခြင်းသည် ရပ်တန့်သွားပြီးမှ တစ်ကျော့ပြန်ထွက် ခဲ့သေးသည်။ ဖြစ်ပုံမှာ ဆောင်းတွင်း ရောက်လာသည်။ ကစားစဉ်မှာတော့ ချွေးထွက်သော်လည်း ရေချိုးလျှင် အအေးမိလာသည်။ တစ်ရက်တွင် အအေးပတ်၍ ဖျားချင်သလို ဖြစ်လာသဖြင့် တိုက်ခန်းအောက်မှ နီးစပ်ရာဆေးခန်းတွင် ဆရာဝန်ပြသည်။ ဆေးနှစ်ရက် ထိုးရသည်။ အသက် ၅ဝ ခန့်တွင် လေဖြတ်သူများ သဖြင့် ဆရာဝန်က ညနေဘက် ခေါင်းမှ ရေလောင်းမချိုးရန် မှာလိုက်သည်။

နေကောင်းပြီးသည့် နောက်ပိုင်း ညနေရုံးဆင်းချိန်တွင် ပုံမှန်အတိုင်း ချွေးထွက်မည့် ပြေး၊လျှောက် အားကစားနည်းကို သူက ပြန်လုပ်ခဲ့သည်။ သို့သော် ဆရာဝန်မှာကြား သည့်စကားရှိသဖြင့် ရေချိုးသောအခါ ကိုယ်လုံးသာ ချိုးပြီး ခေါင်းမှရေလောင်း မချိုးတော့။ သတိထားမိသမျှ ခေါင်းရေမလောင်း ချိုးသည့်ရက် များတွင် ညအိပ်သောအခါ လည်ပင်းနှင့် ကုပ်ဆက်များ ချွေးပြန်ထွက်လာသည်။ တစ်ခါတစ်ရံ နေ့မှာပင် ခေါင်းချွေးထွက် လာသည်။ 

ခေါင်းချွေးထွက်ရောဂါ ပြန်စလာပြီလား ဟု ဆင်ခြင်မိသည်။ ကိုယ်တွင်းမှ ငုပ်နေသော အခိုးအငွေ့နှင့် အပုပ်ဓာတ်များသည် ချွေးအဖြစ် ထွက်ပြီးနောက် ဦးခေါင်းငယ်ထိပ် ပေါက်မှလည်း ထွက်လေ့ရှိသည်။ ဦးခေါင်း ငယ်ထိပ်တွင် ကြေးညှော်နှင့် အသစ်လဲမည့် အရေပြားပေါ်မှ ပိတ်ဆို့နေသော အရေပြားဟောင်းများ ရှိနေလျှင် အခိုးမထွက် ဆိုသည်ကို သူသတိရမိသည်။

ဆောင်းတွင်းဖြစ်၍သာ ခေါင်းမှရေလောင်း မချိုးခြင်းဖြစ်သည်။ လေဖြတ်မည်စိုး၍ မချိုးခြင်းဖြစ်သည်။ သို့သော် ခေါင်းမကြည်သဖြင့် စိတ်ထဲက ချိုးချင်နေသည်။ ခေါင်းလျှော်ရေချိုး လိုက်လျှင် ပေါ့သွားမည်ထင် မိသည်။ ထို့ကြောင့် တစ်နေ့တွင် အေးနေသည့်ကြားမှပင် အားကစားလုပ်ပြီး သည့်နောက် ခေါင်းလျှော်ရေချိုး လုပ်ပစ်လိုက်သည်။ ထူးခြားစွာပင် ခေါင်းလျှော် ရေချိုးသည့်နေ့တွင် ညအိပ်သောအခါ ခေါင်းချွေး၊ လည်ကုပ်ချွေးများ မထွက်တော့သည်ကို တွေ့ရသည်။ 

လူ၏ခန္ဓာကိုယ်သည် အပူအအေးတို့၏ တိုက်ပွဲဖြစ်ရာ စစ်တလင်းပြင်ကြီး သဖွယ် ဖြစ်နေသည်။ အနိုင်အရှုံးသည် နေ့စဉ်ရှိနေသည်။ ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း ကိုပင် အပူခြမ်းနှင့် အအေးခြမ်း ဟူ၍ ရှေးက နှစ်တစ်ရာကျော်က ပေါ်သော ဒေသနာနယ ဆေးပညာတွင် ခွဲခြားထားသည်။ ဘယ်ခြမ်းတင်းလျှင် အပူနာ၊ ညာခြမ်းတင်းလျှင် အအေးနာ စသည်ဖြင့် တောင်သာ ခြောက်လုံးကောက် ဆေးပညာကလည်း ဆိုပြန်သည်။ 

မြန်မာ့ဆေးပညာ သာမက အယူသည်း မှုမရှိ၊ သိပ္ပံနည်းကျသည် ဆိုသော အနောက်တိုင်း ဆေးပညာတွင်လည်း လူ့ခန္ဓာကိုယ်၏ ညာဘက်အခြမ်း နှင့် ဘယ်ဘက်အခြမ်း သည် မတူဟု ဆိုသည်။ နှလုံးသည် ဘယ်ဘက်အခြမ်းတွင် ရှိသဖြင့် အဆုတ်သည် နှလုံးကို နေရာပေးရင်း ဘယ်ဘက်တွင် အားနည်းသွား ရသည်။ ထို့ကြောင့် အသက်ရှူသံကို နားကြပ်ဖြင့် နားထောင်လျှင် ညာဘက်ရင်အုံတွင် နားထောင်ပြီး နှလုံးခုန်သံကို နားထောင်လျှင် ဘယ်ဘက်ရင်အုံမှ နားထောင်သည်ဟု ရှေးခေတ်ဆေးပညာတွင် ဖတ်ရှုရသည်။

ပြင်သစ်နိုင်ငံသည် လူ့ခန္ဓာကိုယ် ရုပ်ကြွပန်းချီ၊ ပန်းပုများ ထုလုပ်ရေးဆွဲရာတွင် အလွန်တော်သော ပညာရှင်များ ထွက်သည့် နိုင်ငံဖြစ်သည်။ ထိုပန်းချီ ပညာရှင်များသည် ဆရာဝန် မဟုတ်သော်လည်း လူ၏ ခန္ဓာဗေဒကို အသေးစိတ် လေ့လာပြီးမှ ရေးဆွဲသည်ဟု ဆိုသည်။ ပြင်သစ် ပန်းချီပညာရှင် တစ်ဦး၏ ထုတ်ဖော် တွေ့ရှိချက်များအရ အမျိုးသမီးများ၏ ရင်သားကို ရေးဆွဲသောအခါ ဘယ်ဘက် ရင်သားကို ညာဘက်ရင်သားထက် အနည်းငယ်ပို၍ ကြီးပြီး ရေးဆွဲရသည်ဟု ဆိုသည်။

ခန္ဓာကိုယ်ကြီး အတွင်း လှည့်လည်သွားလာ နေသောဓာတ်များ ရှိသကဲ့သို့ ငုပ်လျှိုးနေသော ဓာတ်များလည်း ရှိသည်။ ငုပ်လျှိုးနေသော ဓာတ်များကို ဆွဲမထုတ်နိုင်လျှင် တစ်နေ့တွင် အပုပ်ဓာတ် ဖြစ်သွားကာ လူကို ပြန်ဒုက္ခပေး တတ်သည်။ အပုပ်အခိုး တို့၏ အဓိက ထွက်ပေါက်မှာ ဦးခေါင်းပိုင်းရှိ ဒွါရပေါက်များ ဖြစ်သော ပါးစပ်ပေါက်၊ မျက်စိပေါက်၊ နားပေါက်နှင့် သိသိသာသာ ထင်ရှားစွာ မမြင်ရသော ငယ်ထိပ်ပေါက် တို့ဖြစ်လေသည်။ ခေါင်းချွေးထွက် ခြင်းသည် ကိုယ်တွင်းမှ အပုပ်အခိုးများ ငယ်ထိပ်ထိ တက်သွားပြီး ထွက်ပေါက် ရှာခြင်းပင် ဖြစ်သည်။ အသက် ၄ဝ ကျော်၊ ၅ဝ ကျော်အရွယ်များတွင် ကြုံတွေ့ရသော ဤရောဂါ ကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ ပျောက်ကင်းအောင် သတိထား ကုသသင့်သည်။ အသက် ၄ဝ ကျော် လာပြီးနောက် ခေါင်းချွေးထွက် သူများနှင့် ညအိပ်ရာ ဝင်ချိန်တွင် ခေါင်းချွေး၊ လည်ကုပ်ချွေး ထွက်သူများ အတွက် အကြံပေး လိုသည်မှာ-
  • (၁) အပုပ်စာ၊ တက်စာများကို ရှောင်ကြဉ်ပါ။ (ငံပြာရည်၊ ငါးပိကောင်၊ အနီရောင် အသားများ၊ ရက်လွန် အစားအစာများ၊ လက်လုပ်ချဉ်များ၊ ယမ်းစိမ်းနှင့် ရက်ကြာခံ ဆေးသုံးထားသည့် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ငါးအူချောင်း စသည်များ။)
  • (၂) နေ့စဉ် လမ်းလျှောက်ခြင်း သို့မဟုတ် အားကစား ပြုလုပ်ခြင်းဖြင့် ကြွက်သားများ လျော့အောင်လုပ်ပါ။
  • (၃) ခေါင်းချွေး အထွက်များလျှင် ညနေပိုင်းနှင့် ညစာမစားမီ လေ့ကျင့်ခန်းဖြင့် ချွေးထွက်အောင် ပြုလုပ်ပါ။
  • (၄) ချွေးထွက်အောင် ကစားပြီးလျှင် ရေချိုးပါ။ (အေးလျှင် ရေနွေးစပ်ချိုးပါ။)
  • (၅) ရေချိုးလျှင် ငယ်ထိပ်မှ အခိုးထွက်စေရန် ရေကိုခေါင်းမှ လောင်းချိုးပါ။ ငယ်ထိပ် အခိုးပွင့်အောင်၊ ကြေးညှော် ကင်းအောင် ခေါင်းလျှော်ရည် သုံးသင့်လျှင် သုံးပါ။ (မိရိုးဖလာ တရော်ကင်ပွန်းနှင့် လျှော်လျှင် ပိုကောင်းပါသည်။)
  • (၆) ညအိပ်ရာဝင်လျှင် ရေမတ်ခွက် တစ်ခွက်သောက်ပါ။ ဆောင်းဥတုတွင် ရေနွေးကျိုပြီး မှ အအေးခံ ထားသော ရေကျက်အေး သောက်လျှင် ပိုကောင်းပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page