www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 2, 2017

တိုင်းပြည်၏ နိုင်ငံရေးပုံစံ၊ နိုင်ငံရေးလမ်းကြောင်းများ မည်သို့ပင်ပြောင်းလဲ စေကာမူ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ
 ကျောက်ဆည်တပ်နယ် ၊ မိုင်းမောရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား 
ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂-၂-၂၀၁၇

နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် မိမိသဘောဆန္ဒ အလျောက် စစ်မှုထမ်းအဖြစ် စစ်သားဘ၀ကို ခံယူခဲ့ကြသူများဖြစ်ပြီး စစ်သားဘ၀တွင် အဆုံးစွန်ဆုံး အသက်စွန့်လွှတ် ရသည်အထိ ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင် ရကြောင်း၊ ခေတ်အဆက်ဆက် စွန့်လွှတ်စွန့်စားသည့် ပေးဆပ်မှုများစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင် ခဲ့သည့် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးအပေါ် ထားရှိသည့် သဘောထား ကိုလည်း သိရှိဂုဏ်ယူကြ ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကျောက်ဆည်တပ်နယ်၊ မိုင်းမောရှိ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါ၍ ကျောက်ဆည် တပ်နယ်၊ မိုင်းမောရှိ နယ်မြေခံတပ် အားကစားခန်းမ ၌ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထိုသို့ ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့နိုင်ငံ ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး လမ်းကြောင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရရှိချိန်မှ ၁၉၆၂ ခုနှစ်အထိ  ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့မှု အခြေအနေများ၊ ယင်းကာလ အတွင်း လွတ်လပ်ရေး နှင့်အတူ ပေါ်ပေါက်ခဲ့သည့် ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှုများ၊ မြန်မာပြည် အရှေ့ခြမ်းတွင် တရုတ်ဖြူ များ၏ ကျူးကျော်မှုနှင့် မြန်မာပြည် အနောက်ခြမ်း မူဂျာဟစ် သောင်းကျန်းသူ များကြောင့် နိုင်ငံ လွတ်လပ်ရေး မဆုံးရှုံးစေရန် တပ်မတော် က ရှိသည့် အင်အားဖြင့် စွန်လွှတ်စွန့်စားစွာ ကာကွယ် ထိန်းသိမ်းခဲ့ရမှု အခြေအနေများ၊ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို မထိန်းသိမ်း နိုင်၍ တပ်မတော်က အိမ်စောင့် အစိုးရအဖြစ် ခေတ္တတာဝန်ယူ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေး ကောင်စီက နိုင်ငံတော်၏ အာဏာကို ရယူထိန်းသိမ်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၁၉၆၇ ခုနှစ်တွင် တရုတ်-မြန်မာ အရေးအခင်း ဖြစ်ပွားခဲ့ပြီး ၁၉၆၈ ခုနှစ်မှစတင်၍ ဗကပ များ အရှေ့မြောက် ဒေသသို့ ထိုးဖောက် ၀င်ရောက်လာ၍ တပ်မတော်က အသက်ခန္ဓာ ပေးဆပ်မှု များစွာဖြင့် စစ်ဆင်ရေးကြီး များဖြင့် တိုက်ခိုက်ချေမှုန်း ခဲ့ရမှု၊ ပဲခူးရိုးမနှင့် ဧရာဝတီတိုင်း တို့တွင် သောင်းကျန်းသူ များ၏ ထကြွ သောင်းကျန်းမှု များကို တပ်မတော်မှ ဦးဆောင်၍ ပြည်သူနှင့် လက်တွဲပြီး ဖြတ် ၄ ဖြတ် စနစ်ဖြင့် အမြတ်ပြတ် ချေမှုန်းခဲ့ရမှု အခြေအနေများ၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီ နိုင်ငံရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့ရာ ပြည်သူလူထု၏ ဒီမိုကရေစီ တောင်းဆိုမှု များကြောင့် တစ်နိုင်ငံလုံးဆူပူအုံကြွမှု ဖြစ်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်ကို ဦးဆောင်နိုင်မည့် အဖွဲ့အစည်း မရှိတော့သဖြင့် တပ်မတော်က တိုင်းပြည်ကို ၀င်ရောက် ထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊ ထိုအချိန်က ပါတီစုံစနစ် ကျင့်သုံးနိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိခြင်း၊ နယ်စပ်ဒေသ များတွင် လက်နက်ကိုင် သောင်းကျန်းသူ များက တိုက်ပွဲကြီးများ အချိန်ကိုက် ဆင်နွှဲလာခြင်း ကြောင့် တပ်မတော် အစိုးရအနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းပြည် တည်ဆောက်ရေး တို့ကို အချိန်ယူ ဆောင်ရွက်၍ ၂၀၁၁ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်ရန် လုပ်ဆောင်ပေးခဲ့မှု များအား ရှင်းလင်း ပြောကြား၍ တိုင်းပြည်၏ နိုင်ငံရေးပုံစံ၊ နိုင်ငံရေး လမ်းကြောင်းများ မည်သို့ပင် ပြောင်းလဲစေကာမူ ယင်းဖြစ်စဉ်ဖြစ်ရပ် တိုင်းတွင် တပ်မတော်အနေဖြင့် မည်သည့် တိုက်တွန်းချက်မှ မပါဘဲ နိုင်ငံတော် ကာကွယ်ရေးတာဝန် များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ မှုအား ဂုဏ်ယူရန် မှာကြားသည်။

ဆက်လက်ပြီး တပ်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် ၁၉၈၈ ခုနှစ်မှစ၍ တပ်မတော် အင်အားတောင့်တင်း ခိုင်မာစေရေး အတွက် တပ်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သော်လည်း တပ်မတော် အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင် နေရခြင်းကြောင့် အားနည်းခဲ့ ရကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမို ကရေစီစနစ် ကျင့်သုံး ချိန်တွင် တပ်မတော်အား Standard Army ဖြစ်စေရေးအတွက် တပ် တည်ဆောက်ရေး လုပ်ငန်းများအား အလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်သား များနှင့် မိသားစုဝင်များ အနေဖြင့် မိမိခြေထောက် ပေါ်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ပြီး ပြည်သူလူထုနှင့် နိုင်ငံတော်က အားကိုးအားထား ပြုနိုင်ရေး ကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်တွင် ရှိပြီးဖြစ်သည့် အစဉ်အလာကောင်းများ အပေါ်တွင် အခြေခံပြီး စားရေး၊ ၀တ်ရေး၊ နေရေး၊ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအ၀၀တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်၍ တိုးတက်သည်ထက် တိုးတက်အောင် လုပ်ဆောင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်တွင် တာဝန် ထမ်းဆောင်စဉ် အကြောင်း အမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ စစ်မှုထမ်းဟောင်း များနှင့် ပတ်သက်၍လည်း နေရေးအတွက် စစ်မှုထမ်းဟောင်း အိမ်ယာများ၊ စစ်မှုထမ်းဟောင်း ဘိုးဘွား ရိပ်သာများ ဆောက်လုပ် ပေးလျက် ရှိကြောင်း၊ ဘ၀ရပ်တည်မှု နှင့် အလုပ်အကိုင် အခွင့်အလမ်း အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သင်ကြား လေ့ကျင့်ပေး လျက် ရှိကြောင်း၊ စစ်မှုထမ်းဟောင်း များအနေဖြင့် တပ်မတော်မှ အငြိမ်းစား ယူချိန်တွင် ခံစားခွင့်များ ပိုမိုရရှိ စေရေးအတွက် ဆောင်ရွက်ပေး ခဲ့ကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ယာများတွင် မိသားစုဝင် များ၏ ကျန်းမာရေး၊ ပညာရေး အတွက်ပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ တပ်မတော်တွင် အသက်ပြည့် သည်အထိ မိမိတာဝန် ထမ်းဆောင်နိုင် သလောက် တာဝန်ထမ်းဆောင် စေလိုကြောင်း၊ တပ်မတော်တွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း မိမိတို့ သားသမီးများ ပညာတတ်များ ဖြစ်စေရန် ပညာရေးအား အလေးထား အားပေး လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အဓိက ကာကွယ်ရေး အင်အားစု ဖြစ်သည့် တပ်မတော် အနေဖြင့် လက်ရှိ လျှောက်လှမ်း နေသည့် နိုင်ငံရေးစနစ် တည်ငြိမ်စွာဖြင့် ခိုင်ခိုင်မာမာ ရှိရေး၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးအရ၊ စစ်ရေးအရ နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ရေး တို့အား အောင်မြင်အောင် ကြိုးပမ်း လုပ်ဆောင်လျက် ရှိရာ မိမိတို့ တတ်စွမ်းသရွေ့ ပါဝင် လုပ်ဆောင်ကြ ရန်နှင့် အရာရှိ၊ စစ်သည် မိသားစုများ အနေဖြင့် ညီအစ်ကိုမောင်နှမ စိတ်ထား၍ တစ်ဦးအပေါ် တစ်ဦး ကူညီ စောင့်ရှောက်မှု၊ ညီညွတ်မျှတသည့် အုပ်ချုပ်မှုများဖြင့် တပ်တွင်းစည်းလုံး ညီညွတ်မှုကို ပိုမို ကျစ်လစ် ခိုင်မာအောင် ဆောင်ရွက်ရေး တို့အား တိုက်တွန်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ၊ စစ်သည် မိသားစုများ အတွက် သုတ၊ ရသ စာအုပ်များ ကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) က စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)က အားကစားပစ္စည်း များကို လည်းကောင်း အသီးသီး ပေးအပ်ကြပြီး တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ် စိုက်ပျိုး မွေးမြူရေးခြံရှိ DYL ၀က်မွေးမြူထားရှိမှု၊ ဥစားကြက် မွေးမြူထားရှိမှု၊ ပျိုးခြံအတွင်း သီးနှံပင်များ ပျိုးထောင်ထားရှိမှု၊ ကြယ်ပဲစိုက်ခင်း နှင့် Green House ဖြင့် သခွားမွှေး စိုက်ပျိုးထားရှိမှုတို့အား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူ များက ရှင်းလင်းပြသ ခဲ့ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ကျောက်ဆည်တပ်နယ် ၊ မိုင်းမောနယ်မြေခံတပ် စိုက်ပျိုးမွေးမြူရေးခြံ၌ DYL ၀က်မွေးမြူထားရှိမှုကို ကြည့်ရှုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ကျောက်ဆည်တပ်နယ် ၊ မိုင်းမောနယ်မြေခံတပ် စိုက်ပျိုးမွေးမြူရေးခြံ၌ ဥစားကြက် မွေးမြူထားရှိမှုကို ကြည့်ရှုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ကျောက်ဆည်တပ်နယ် ၊ မိုင်းမောနယ်မြေခံတပ် စိုက်ပျိုးမွေးမြူရေးခြံ၌ ကြယ်ပဲစိုက်ခင်းကို ကြည့်ရှုစဉ်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger