www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 21, 2017

စိန်ခေါ်မှုနှင့် အခွင့်အလမ်းကြား လျှောက်လှမ်းရသော လူငယ်များ


စိန်ခေါ်မှုနှင့် အခွင့်အလမ်းကြား လျှောက်လှမ်းရသော လူငယ်များ

ထက်ခိုင် (စမ်းချောင်း)

ကမ္ဘာတစ်ဝန်းရှိ တိုးတက်ပြောင်းလဲ မှုများ ရှိလာသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်သည်။ တိုးတက်မှုများကို ဦးဆောင်လေ့ ရှိသည့် ခေတ်မီ နည်းပညာသစ် များကလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက် လာကြစမြဲပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို မောင်းနှင်ရာတွင် အခြေခံ စွမ်းအား၏ လူသား အရင်းအမြစ် ဖြစ်သော လူငယ်များသည် အဓိက အခန်းကဏ္ဍ က ပါဝင်လျက် ရှိသည်။

လူငယ်ဟူသော သတ်မှတ်ချက်ကို နိုင်ငံတကာရှိ နိုင်ငံတချို့နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ က အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား အရွယ်ကို သတ်မှတ်ကြ သော်လည်း မြန်မာနိုင်ငံ၌ အသက် ၁၈ နှစ်မှ အသက် ၄ဝ အထိကို အလုပ်လုပ် နိုင်သောစွမ်းအား ရှိသည့်လူငယ် အဖြစ် လူငယ်ညီလာခံ များ၌ သတ်မှတ်ထား ကြသည်။ မည်သို့ပင် ဆိုစေကာမူ ထိုအသက်အရွယ် အပိုင်းအခြား များသည် တိုင်းပြည်အတွက် အလုပ်လုပ် နိုင်သော နုပျိုသန်စွမ်း သည့် အသက်အရွယ် အပိုင်းအခြားများ ဖြစ်သည်။

ခေတ်နှင့် လျော်ညီသော တိုးတက် ပြောင်းလဲမှု များနှင့်အတူ သင်ယူစရာ နည်းပညာ များကလည်း များပြား လာသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိလာသည်။ မိမိ လျှောက်လှမ်း လိုသော ရည်မှန်းချက် ပန်းတိုင်ကို သွေဖည် မသွားစေဘဲ ဖြောင့်ဖြောင့် တန်းတန်း ရောက်ရှိရန် အရေးကြီး လှသည်။

''အခု လူငယ်တွေက ကိုယ် ဘာဖြစ်ချင်မှန်း မသိကြတာ များတယ်။ ရည်မှန်းချက်တွေ ပျောက်နေတာ တွေ့ရတယ်။ ပညာရေးနဲ့ ပတ်သက်ရင် မိဘက ဒီဘာသာရပ်၊ ဒီလိုင်း ယူဆိုလို့ မိဘကို မလွန်ဆန်နိုင် လို့သာ လိုက်လုပ်ကြ ပေမယ့် တကယ်ကိုယ်က ဝါသနာပါ မှု အားနည်းတော့ ဖြစ်ထွန်းသင့် သလောက် မဖြစ်ထွန်းကြဘူး'' ဟု ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးအောင်စိုး က ပြောသည်။

မိဘများ၏ အတင်းအကျပ် တိုက်တွန်းမှု များကြောင့် သင်တန်းမျိုးစုံတက်၍ ဃနမအင်ငခအေန များစွာ ရရှိထားသော်လည်း လူငယ် အများစုမှာ လက်တွေ့ လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် အဆင်မပြေ ဖြစ်မှုများ တွေ့ကြုံရသည်။ သင်တန်း တက်လိုသော လူငယ်တချို့မှာ သင်တန်းကြေးများ ကြီးမြင့်ခြင်းကြောင့် ငွေကြေး မတတ်နိုင်သဖြင့် ပညာဒါန သင်တန်းများကိုသာ အားကိုးနေ ရသည်။

''သင်တန်းသား၊ သင်တန်းသူ တွေရဲ့ တောင်းဆိုမှု တွေကြောင့် ဘာသာစကား နဲ့ ကွန်ပျူတာသင်တန်း တွေသာမက ဟိုတယ်ဆိုင်ရာ သင်တန်း၊ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း၊ စာရင်းအင်းဆိုင်ရာ သင်တန်းတွေ နဲ့ လုပ်ငန်းခွင်ထဲမှာ လက်တွေ့ အသုံးကျစေဖို့ လက်တွေ့အသုံးချ သင်တန်းတွေ ကိုလည်း တိုးချဲ့ဖွင့်လှစ် ထားပါတယ်''ဟု မနောရမ္မ ပညာဒါနကျောင်း မှ သင်တန်းနည်းပြ တစ်ဦးက ပြောသည်။

လူငယ်များမှာ သင်တန်းများ အများအပြား တက်ရောက်ထား သော်လည်း လုပ်ငန်းခွင် ဝင်ရောက်သည့် အခါ အများဆုံးကြုံ ရသော အခက်အခဲမှာ လက်တွေ့နယ်ပယ် ၌ ကျွမ်းကျင်မှု မရှိခြင်းဖြစ်ပြီး ရရှိသော လုပ်ခလစာ မှာလည်း သင်တန်းကြေး များကိုပင် ကာမိသော အနေအထားမျိုး မရှိသည့်အခြေအနေ များကို တွေ့ကြုံ နေရသည်။ ''ပေးတဲ့လစာက သင်တန်းတစ်ခုရဲ့ သင်တန်းကြေး ကိုတောင်မှ မကာမိဘူး။ ခေါ်တဲ့အလုပ် ခေါ်စာမှာဆိုရင် အရည်အချင်း သတ်မှတ်ချက် တွေက အများကြီးပဲ ဆိုတော့ အလုပ်ရဖို့ အခက်အခဲ ဖြစ်နေရတယ်။ အခက်အခဲတွေက တော့ အများကြီးပါ။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း လက်တွဲပြီး ဖေးမကူညီမယ် ဆိုတဲ့ အသိကလည်း နည်းပါးကြတယ်။ ဝင်လာတဲ့လူသစ်ကို ပညာပြချင်ကြတာ များတယ်။ တချို့ကျတော့ လုပ်ငန်းခွင်အတွင်း မတရားဖိနှိပ် ခိုင်းစေတာမျိုး ကိုလုပ်တော့ အလုပ်လုပ်ရတာ ကြာလေ စိတ်ပျက်မိလေ ပါပဲ'' ဟု လုပ်ငန်းခွင်အတွင်း အခက်ကြုံနေသူ ကိုမြတ်လင်းမောင် ကပြောသည်။

လူငယ်အများစု သည် စူးစမ်းလိုစိတ် ရှိကြပြီး စွန့်စားလုပ်ကိုင်လို စိတ်များလည်း ရှိကြသည့်အတွက် လူငယ်တချို့ လွဲမှားသော လမ်းများပေါ် ရောက်ရှိသွားကာ ပြင်မရသည့် အမှားများ ကြုံလာမည်ကို စိုးရိမ်မိကြောင်း၊ ထို့ကြောင့် အသက်အရွယ် တူချင်း ကျန်းမာရေးဆိုင်ရာ ပညာပေး သင်တန်းများအဖြစ် စီမံချက်များချကာ ဖွင့်လှစ်သင်ကြား ပေးနေကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့မှ ဒေါက်တာ နေဝင်း ကပြောသည်။

''ခေတ်ကာလ တိုးတက်လာလေလေ မကောင်းတဲ့ဘက်ကို လမ်းလွဲသွား ကြဖို့ စိန်ခေါ်မှုက များလာလေလေ ပါပဲ။ လူငယ်တွေ အတွက် လွဲမှားတဲ့အသိတွေ၊ ခံယူချက်တွေ မဖြစ်အောင် မိဘတွေအနေနဲ့ အထူးဂရုစိုက် ရမယ်။ တချို့အမှားတွေက ပြုပြင်လို့မရအောင် ဖြစ်သွားတတ်တယ်။ ဒါကိုလည်း မိဘတွေက သိဖို့အရေးကြီး ပါတယ်'' ဟု ဒေါက်တာ နေဝင်း က ဆက်လက်ပြောသည်။

မိမိက မှန်ကန်အောင် နေထိုင်သည့် ကြားမှပင် တချို့သော အပေါင်းအသင်း၏ မကောင်းမှု ကျူးလွန်ခြင်းများ ကြောင့် မိမိ၏ သားသမီးကို ခေါ်ယူစစ်ဆေးခံ ရသော အဖြစ်များလည်း ရှိခဲ့ရာ အပေါင်းအသင်း ရွေးချယ်မှုသည် လည်း အရေးကြီးကြောင်း၊ ဆိုးသွမ်းသည့် အပေါင်းအသင်း များနှင့် ပေါင်းဖော်မိပါက မိမိပါ ဒုက္ခရောက် တတ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ ရသည့် မိဘအုပ်ထိန်းသူ တစ်ဦးက ပြောသည်။

''သားရဲ့ သူငယ်ချင်းတွေက ဆေးသုံးတယ်။ ရဲကဖမ်းဆီး မိတော့ သူတို့နဲ့ပေါင်းတဲ့ ကိုယ့်သားကိုလည်း ခေါ်စစ်ပါတယ်။ တကယ်တော့ အပေါင်းအသင်း ကြောင့်ပေါ့။ ကိုယ့်သားက ဆေးမသုံးလို့ တော်သေးတယ်။ သုံးရင် သူလည်းအမှုတွဲ ထဲမှာ တစ်ခါတည်း ပါပြီ။ မသုံးတာတောင် ခဏခဏ ခေါ်စစ်ဆေးခံ နေရတယ်။ သားကို သင်တန်းတွေတော့ တက်ခိုင်းတယ်။ အပြင်သင်တန်း တွေက ဈေးလည်းမြင့်တော့ ပညာဒါနမှာပဲ စုံစမ်းပြီး တက်ခိုင်းရတယ်။ ပညာဒါနက ဖွင့်ထားတဲ့ Speaking သင်တန်းတွေကို တက်ခိုင်းထားတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တဲ့အခါ အထောက်အကူ ရအောင်လို့ပါ'' ဟု ၄င်းက ပြောသည်။

ယနေ့ လူငယ်အများစု၏ စိတ်တွင် ကောင်းကောင်းဆိုးဆိုး အသက်အရွယ် ကြီးရင့်သူများ၏ ပြောဆိုဆုံးမမှု များကို လိုက်နာခံယူ ရခြင်း၊ မိမိ၏ မိသားစုအတွင်း ကောင်းရာ ကောင်းကြောင်း အကြံပြု လမ်းညွှန်မှုများ ကိုလည်း အရာမဝင်ဟု ထင်မှတ်ခံရခြင်း၊ မိမိတို့၏ အခွင့်အရေးများကို ထုတ်ဖော်ပြောဆို ပိုင်ခွင့်မရှိခြင်း စသည်ဖြင့် အယူလွဲမှားမှု များရှိနေကြသဖြင့် လူငယ်များ၏ ထုတ်ဖော် ပြောကြားခွင့် များနှင့် အခက်အခဲ အတွက် ဆွေးနွေးပွဲများ ပြုလုပ်၍ ကြိုးပမ်းဆောင်ရွက် နေရကြောင်း မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးဝင် လူငယ်တစ်ဦး ကပြောသည်။

မည်သို့ပင် ဆိုစေကာမူ တိုးတက်ပြောင်းလဲ နေသောခေတ်နှင့် အတူ လိုက်ပါစီးမျောကာ မိမိတို့၏ဘဝကို တိုးတက်ပြောင်းလဲ လာစေရန် ပြုပြင်ရမည့်သူမှာ မိမိကိုယ်တိုင်ပင် ဖြစ်သည်။ မြို့ပြနှင့် ကျေးလက် အခွင့်အလမ်း ကွာဟမှု အခြေအနေ အရပ်ရပ်တို့ပေါ် မူတည်ကာ တင်းတိမ်ရောင့်ရဲမှု နိယာမကို လက်ကိုင်ထား၍ လမ်းကြောင်းမှန်ပေါ်မှ မိမိတို့၏ဘဝကို တိုးတက် ပြောင်းလဲရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger