www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 31, 2017

အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ


အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
( နိုင်ငံရေးဘောဂဗေဒ အတွေးအမြင်)

အလုပ်လက်မဲ့ ဖြစ်သည့်အကြောင်း

နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အတိုင်းအတာကို နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်နဲ့ကြည့်ရင် အလုပ်လက်မဲ့နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ တိုင်းတာတယ်။ အလုပ်လက်မဲ့နှုန်း ဖြစ်တာများရင် စီးပွားရေးအရ အကျိုးမရှိ သလို နိုင်ငံရေးမှာလဲ အန္တရာယ် ရှိတယ်ဆိုတာ လူတိုင်းက သုံးသပ်ထားပြီး ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ဆိုတဲ့ ပေတံ (ဒါမှမဟုတ်) အလုပ်လက်မဲ့ ဆိုတဲ့ ပေတံဟာ အင်မတန် အရေးကြီးတဲ့ မြင်ကွင်းတစ်ခု ဆိုရင်လဲ မမှားပါဘူး။

အမေရိကန်နိုင်ငံ မှာဆိုရင် သမ္မတ တစ်ယောက်ရဲ့ သက်တမ်းမှာ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ဖန်တီး ပေးနိုင်တယ်။ အလုပ်လက်မဲ့နှုန်း ဘက်လောက်ရှိတယ် ဆိုတာမျိုး၊ အလုပ်လက်မဲ့နှုန်း လျော့တာ ၊ တိုးတာ စတဲ့ ကိန်းဂဏန်း အနည်း ၊ အများကို စစ်တမ်းယူလေ့ ရှိတယ်။ စနစ်တွေရဲ့ စစ်တမ်းကို ခြုံငုံကြည့်ရင် တစ်ချိန်တုန်းက ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ် မှာ အလုပ်လက်မဲ့ လုံးဝမရှိစေရ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဦးတည်ချက် ရှိခဲ့တယ်။ အရင်းရှင် ဒါမှမဟုတ် ဈေးကွက် စီးပွားရေးစနစ် မှာတော့ အလုပ်လက်မဲ့ ဆိုတာ လုံးဝမရှိရဘူး ဆိုတဲ့ ရည်မှန်းချက်ဟာ ယုတ္တိမရှိဘူး။ အလုပ်လက်မဲ့ ကတော့ ရှိနေမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ အလုပ်မရှိ တာထက် အလုပ်မလုပ် ချင်တဲ့လူမျိုးလဲ ရှိမှာပဲဆိုပြီး သုံးသပ် လာကြတယ်။

ဒါကြောင့် ရာနှုန်းပြည့် အလုပ်ရှိတဲ့ အခြေအနေက သပ်သပ် ဖန်တီးတယ်ဆိုတဲ့ အနေအထားလဲ ဖြစ်တယ်လို့ ဆိုလာပြန်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုပဲပုံစံ အမျိုးမျိုးနဲ့ လက်ခံကျင့်သုံးတာ ဖြစ်ဖြစ် အလုပ်လက်မဲ့ များတာကတော့ ဆုံးရှုံးမှုတစ်ရပ် ပါပဲ။ အလုပ်လုပ်နိုင်တဲ့ သူက အလုပ်မလုပ်တာ ဆုံးရှုံးမှုပဲ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက် အနေနဲ့ပြောရင် တော့ အလုပ်လက်မဲ့နှုန်း ကို လျှော့ချနိုင်ဖို့ အရေးကြီး တယ်။ အလုပ်လက်မဲ့နှုန်း ကို နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း ထက် မပိုစေရ။ ဒါထက် ပိုလာရင်တော့ စီးပွားရေး ပြဿနာကနေ တစ်ဆင့် လူမှုရေး ပြဿနာ တွေ၊ နိုင်ငံရေး ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အယူအဆတွေလဲ ရှိတယ်။ အဲဒီလိုရှိတဲ့ အတွက် ကျွန်တော်တို့က မဟာဗျူဟာတွေ သုံးပြီး အလုပ်လက်မဲ့တွေ လျော့အောင် ကြိုးစားရမှာပါ။ တကယ်တမ်း အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို လဲ စဉ်းစားရမှာ ဖြစ်တယ်။ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းဟာ ယေဘုယျ အားဖြင့်တော့ နှစ်မျိုးရှိတယ်။ နိုင်ငံရေး ဘောဂဗေဒ အမြင်နဲ့ ကြည့်ရင်တော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ပါပဲ။

ဝယ်လိုအား၊ ရောင်းလိုအား ပြောတဲ့အခါမှာ Demand မရှိလို့ လုပ်ငန်းတွေ မချဲ့ထွင်နိုင်ဘူး ဆိုတာ ဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမှာ စီးပွားရေး မရှင်သန်နိုင်ဘူး ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ အင်မတန်မှ ခက်ခဲတယ်။ အလုပ် မရှိတော့ ပိုဆိုးတာပါပဲ။ စက်ရုံ၊ အလုပ်ရုံတွေ မလည်ပတ် နိုင်ဘူး။ အလုပ်သစ်တွေ ရှိရင်တော့ တစ်ဖက်က အလုပ်အကိုင် အခွင့်အလမ်း တွေ ဖော်ဆောင်နိုင်ပြီး အလုပ်တွေ များများ ရနိုင်တာပါပဲ။ ဒါက တစ်ပိုင်းဖြစ်ပါတယ်။ အလုပ်တွေ ရှိလာရင် တောင် အလုပ်လုပ်နိုင်တဲ့ လူတွေလဲ ရှိအုံးမှဖြစ် မှာပါ။ တော်တော် များများက အလုပ်လုပ် ချင်တဲ့သူ၊ အရည်အသွေး ရှိတဲ့သူ၊ ပညာ အရည်အချင်း ရှိတဲ့သူက အလုပ်တွေ ရှာနေပေမယ့် တစ်ဖက်က အလုပ်မပေး နိုင်တာကလဲ အများအပြား ကို ရှိနေတာပါ။

အလုပ်လက်မဲ့လို့ ပြောတဲ့အခါမှာ ဘာကြောင့် အလုပ်လက်မဲ့ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းက အဓိကကျတယ်။ အလုပ်ကို မလုပ်ချင်လို့ အလုပ်လက်မဲ့ ဖြစ်တာက တစ်မျိုးဖြစ်တယ်။ အမှန်တကယ် ကျွန်တော်တို့ နစ်နာ တာကတော့ အလုပ်ကို လုပ်ချင်ရဲ့သားနဲ့၊ အလုပ်လိုချင်ရဲ့ သားနဲ့ အလုပ်မပေး နိုင်တာက ပြဿနာပဲ ဖြစ်တယ်။ မပေးနိုင်ဘူး ဆိုတာက တစ်ခါတလေမှာ လုပ်ချင်တဲ့သူက လုပ်ချင်ပေမယ့် သူ့မှာရှိတဲ့ အရည်အချင်းနဲ့ ဟိုဘက်က တောင်းဆိုလာနဲ့က နိုင်ငံရေး ဘောဂဗေဒ အတွေးအမြင် အရ Demand နဲ့ Supply ပါပဲ အဲဒီလို မကိုက်ညီဘူး ဆိုရင်လဲ အလုပ်လက်မဲ့ ဖြစ်မှာပါပဲ။

ဝိရောဓိများ

ဒါကြောင့် အခုချိန်မှာ ဖြစ်နေတာကတော့ ဝိရောဓိတွေ ပါပဲ။ ဝိရောဓိ ဖြစ်တာက အလုပ်အကိုင် အခွင့်အလမ်းတွေ လို့ပြောရင် လုပ်ငန်းရှင်တွေ ကလဲ ''ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ အရည်အသွေး ရှိတဲ့သူတွေ မရှိဘူးလို့ပြောတယ်''။ တစ်ဖက်ကလဲ လူငယ်တွေက ''အလုပ်တွေရှာတယ်။ ဒါပေမဲ့ အလုပ်မရဘူး''လို့ ပြောတယ်။ အဲဒီလိုမျိုးကို ဝိရောဓိတွေ ဖြစ်နေတာပါ။ တစ်ဖက်က ဝန်ထမ်းတွေ လိုပေမယ့် တခြားဘက်မှာ အလုပ်တွေမ ရဘူးဆိုပြီး ဖြစ်နေကြတယ်။ အဲဒါက ပြဿနာပါပဲ။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို သုံးသပ်တဲ့ နေရာမှာ အဲဒီပေတံတွေနဲ့ သုံးသပ်တာပဲ ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဟန်ချက်မညီ တာပါပဲ။ ဟန်ချက်မညီတာ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းခွင် လောကကြီးနဲ့ ပညာရေးလောက မချိတ်ဆက်တာ တွေကြောင့်ပါပဲ။ မချိတ်တဲ့အခါမှာ ပညာရေးလောက ကလဲ ပညာတတ်တွေ ထုတ်ပေးနေတာပဲ ဖြစ်တယ်။ အဲဒီလို ထုတ်ပေးနေတဲ့ ပညာတတ်တွေရဲ့ အရည်အချင်းတွေက လုပ်ငန်းခွင်မှာ သုံးလို့ မရပြန်ဘူး။ သုံးလို့မရတဲ့ အခါမှာ လုပ်ငန်းခွင် လိုအပ်ချက်ကို ရာနှုန်းပြည့် မပေးနိုင်တောင် ၈ဝ ရာခိုင်နှုန်း ပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်တယ်။

အဲဒီလိုကြိုးစားမှလဲ အလုပ်အကိုင် အခွင့်အရေး တွေက ရှိနေမှာပါ။ ဒါကြောင့် ပညာရေးပေါ်လစီ ကလဲ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ပညာရေး ကလဲ ကိုယ်သင်ချင်တာ သင်မယ်ဆိုပြီး လုပ်လို့ မဖြစ်ပါဘူး။ အဲဒီလိုပဲ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်လိုချင်တာတွေ ကွက်တိရမယ်လို့ မျှော်လင့်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ပညာရေးဆိုတာ လုပ်ငန်းခွင် တစ်ခုတည်းအတွက် သတ်မှတ်ထားတာ မဟုတ်ပါဘူး။

လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား၊ ပြုပြင်ပြောင်းလဲမှု တွေတိုင်းအတွက် အရေးကြီးတဲ့ကဏ္ဍ တစ်ခုအနေနဲ့လဲ ပါဝင်နေတာပဲ ဖြစ်တယ်။ ဒါကြောင့် အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်တာကတော့ လူငယ်တွေ အပါအဝင် သုံးပွင့်ဆိုင် (ဒါမှမဟုတ်) လေးပွင့်ဆိုင် ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ အလုပ်လျှောက်တဲ့သူ၊ ပညာရေးလောက၊ အလုပ်ရှင် နဲ့ နိုင်ငံတော် အစိုးရပါပဲ။ အားလုံးညှိနှိုင်းမှ ရမယ့် အရာပဲ ဖြစ်တယ်။

အခုဖြစ်နေတာက ပညာရေး တာဝန်ရှိတဲ့သူ ကလဲ သင်ကြားရေး တစ်ခုကိုပဲ အာရုံစိုက်နေတယ်။ သင်ကြားရေးတွေဟာ အလုပ်နဲ့ ပတ်သက်လား၊ မပတ်သက်ဘူးလား ဆိုတာကို သိပ်မစဉ်းစားဘူး။ လုပ်ငန်းရှင်တွေ အနေနဲ့ကလဲ ကိုယ်က ဘယ်လိုလူတွေ လိုချင်တယ် ဆိုတာကို ဖော်ပြနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်မှလဲ ပြေလည်မှာ ဖြစ်တယ်။

အလုပ်လက်မဲ့ပြဿနာ

ဒီတော့ အလုပ်လက်မဲ့ ဖြစ်တာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အလုပ်လုပ်ချင်တဲ့ သူတွေ အလုပ်မရှိရင် စိတ်ဓာတ် ကျလာမှာပဲ ဖြစ်တယ်။ ပညာတတ်တဲ့ ကလေးတွေ အလုပ်လက်မဲ့ ဖြစ်ရင် ပိုဆိုးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်က မြင့်မားတဲ့အတွက် မကျေနပ်မှုကလဲ ကြီးထွားပါတယ်။ နောက်ပြီး မြင့်မားပါတယ်။ ဒါကြောင့် ကျွန်တော် စိတ်ပူပင်ဆုံး ကတော့ ပညာတတ် အလုပ်လက်မဲ့ ဖြစ်တာကိုပါပဲ။ အဲဒီတော့ ဖြေရှင်းနိုင်မယ့် နည်းကို ရှာဖွေရမှာပဲ ဖြစ်တယ်။ အဲဒီလိုဖြေရှင်းတဲ့ နေရာမှာ ဘာကို သတိပြုရမလဲ ဆိုတော့ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တစ်ခုက လူငယ်တွေ အလုပ်ရှာရလို့ ပါပဲ။ ဒါဆိုရင် အလုပ်ရှာမယ့် အစား ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့ လိုတာပါပဲ။ နိုင်ငံတော်အစိုးရ အနေနဲ့လဲ ကိုယ်ပိုင်အလုပ် လုပ်တဲ့ လူငယ်တွေ များများမွေးထုတ် ပေးနိုင်တဲ့ ပတ်ဝန်းကျင် ဖန်တီးရမှာပဲ ဖြစ်တယ်။

လူငယ်တွေရဲ့တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ အတွက် ဈေးကွက်နဲ့ ချိတ်ပေးတာတို့၊ ငွေရေး၊ ကြေးရေး အထောက်အပံ့တွေ ပေးတာတို့ လုပ်ပေးရမှာပဲ ဖြစ်တယ်။ ဒီအလုပ်လက်မဲ့ကို ဖြေရှင်းမယ့် မဟာဗျူဟာတွေ ကိုတော့ အမျိုးမျိုးစဉ်းစား ကြရမှာပဲဖြစ်တယ်။ များများစဉ်းစား ရမှာ ဖြစ်သလို အလုပ်လက်မဲ့ ဖြစ်တဲ့သူတွေဟာ အခုဆိုရင် ဖားကန့်မှာ ကျောက်စိမ်း လုပ်ငန်းတွေဆီ ရောက်သွား ကြတာ အပါအဝင် ဘေးအန္တရာယ် ရှိတဲ့ လုပ်ငန်းတွေ သွား လုပ်ကြတာ တွေ့နေရတယ်။ ပိုပြီးအံ့သြစရာ ကောင်းတာက ကျွန်တော်တို့ ဆီမှာပဲ အလုပ်လက်မဲ့တွေ ဖြစ်နေကြတာ။ အိမ်နီးချင်း နိုင်ငံတွေမှာ ကိုယ့်ဆီက အလုပ်သမားတွေ ပုံနေတာပဲ ဖြစ်တယ်။ 

ကိုယ့်ဆီမှာ အခွင့်အရေး မရှိရင်တော့ သူများဆီ သွားမှာပဲဖြစ်တယ်။ အဲဒီလိုသွားတဲ့ သူတွေကို ကျွန်တော်တို့က အပြစ်တင်လို့ မရဘူး။ အဲဒီလူတွေ ကိုယ့်နိုင်ငံမှာ ပြန်ပြီး အလုပ်လုပ်ချင် အောင် ဘယ်လို လုပ်မလဲ။ ဒါဟာ ကျွန်တော်တို့ အတွက် စိန်ခေါ်မှု တစ်ရပ်ဆိုရင်လဲ မမှားပါဘူး။ စက်ရုံ၊ အလုပ်ရုံတွေ အသက်ဝင်ဖို့ လိုတယ်။ လုပ်ငန်းအသစ်တွေ ရှိဖို့လဲ လိုတယ်။ ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်အောင်လဲ ဖန်တီးပေးဖို့ လိုတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရ မှာ တာဝန်ရှိသလို ပုဂ္ဂလိက ကဏ္ဍမှာလဲ တာဝန်ရှိတယ်။

အစိုးရတိုင်း အာရုံစိုက်ရသည့်ကိစ္စ

ပုံမှန်အနေအထားကို မဖန်တီးနိုင်ရင် လူငယ်တွေဟာ သူတို့နည်း၊ သူတို့ဟန်နဲ့ အဖြေရှာကြတာ တွေရှိလာတယ်။ အဖြေရှာတဲ့ အခါမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ၊ မလုပ်သင့်တဲ့ အလုပ်တွေ၊ မကြံစည်သင့် တာတွေ ကြံစည် လာကြတယ်။ အဲဒီကနေ တစ်ဆင့် လူမှုရေး ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေ အများကြီးဖြစ် လာရတာပါပဲ။ မူးယစ်ဆေးဝါးကိစ္စ၊ ဒုစရိုက်ကိစ္စ၊ လူမှုရေးပြဿနာ အဆုံး၊ ဒါတွေဟာ တဖြည်းဖြည်းနဲ့ လှိုင်းတွေကြီးလာ တာပဲဖြစ်တယ်။ အဲဒီလို လှိုင်းတွေ ကို လက်ပိုက်ကြည့် နေမယ့်အစား ဘယ်လိုလုပ်မလဲ၊ လူငယ်တွေကို ဘယ်လိုစည်းရုံး ကြမလဲ စဉ်းစားစရာပါ။ အစိုးရအနေနဲ့ ဒါတွေကို ထောက်ရှုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးနိုင်တဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုလာ ပြီပဲဖြစ်တယ်။ လုပ်အားကို အများကြီး သုံးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ လိုတယ်။ လုပ်သားတွေ အများကြီး ပါဝင်နိုင်တဲ့ လုပ်ငန်းတွေ တည်ဆောက်ဖို့ လိုနေတာပဲ ဖြစ်တယ်။

ဥပမာ-ထားဝယ်၊ မြိတ်လို အောက်မြန်မာပြည် က လူငယ်တွေက တစ်ဖက်နိုင်ငံက ငါးလုပ်ငန်း တွေမှာ သွားပြီး အလုပ်လုပ် ကြတယ်။ နည်းနည်း အဆင့်မြင့်တဲ့ သူကတော့ စင်ကာပူကို သွားကြတယ်။ ဒါကဈေးကွက်ရဲ့ အနေအထားပဲ ဖြစ်တယ်။ အရေးကြီးတာ ကတော့ သူတို့တွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာပဲဖြစ်တယ်။ ဒါကြောင့်အလုပ်မဲ့ ပြဿနာဟာ စီးပွားရေး သက်သက် မဟုတ်ပါဘူး။ လူမှုရေး၊ နိုင်ငံရေး တွေအားလုံး ထိခိုက်လာမှာပဲ ဖြစ်တယ်။ ဒုစရိုက်မှုတွေကို အားပေးသလို ဖြစ်လာမှာပဲလို့ ယူဆရမှာပါ။ အလုပ်လက်မဲ့ ပြဿနာဟာ နိုင်ငံတကာ အစိုးရတိုင်း အာရုံစိုက် ရတဲ့ကိစ္စပဲ ဖြစ်တယ်။ အဓိကကတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ စဉ်းစားရမယ့် ကိစ္စ တစ်ခုလို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page