www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 9, 2016

မြန်မာနိုင်ငံကို ဖြတ်ကျော်မည့် တရုတ်၏ One Belt, One Road စီမံကိန်း


မြန်မာနိုင်ငံကို ဖြတ်ကျော်မည့် တရုတ်၏ One Belt, One Road စီမံကိန်း

( ရှိန်းထက် )

အနောက်အုပ်စု၌ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် တက်လာသည့် အချိန်တွင် ထရမ့်ပ်က တရုတ်တို့၏ စီးပွားရေးကို ဖြတ်ကျော်၍ အမြဲတမ်း ဦးဆောင်နိုင်ရန် ကြွေးကြော်နေစဉ် တရုတ်တို့ကလည်း ၄င်းတို့၏ မဟာဗျူဟာစီမံကိန်း ကြီးကို အကောင်အထည် ဖော်နိုင်ရန် အသည်းအသန် ကြိုးပမ်းလျက် ရှိသည်။

နိုင်ငံပေါင်း ၆ဝ ကို ဖြတ်ကျော်ပြီး ကုန်သွယ်မည့် တရုတ်တို့၏ One Belt, One Road သည် ကုန်းတွင်းလမ်းကြောင်း SREB နှင့် ရေလမ်းကြောင်း MSR ကို ပူးပေါင်းထားသည့် စီမံကိန်းဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂ဝ၁၃ ခုနှစ် တွင် အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်း နှင့် ဥရောပအထိ ခရီးသွားပြီး One Belt, One Road အတွက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၄ ထရီလီယံ သို့မဟုတ် ၈ ထရီလီယံခန့် ရင်းနှီးမြှုပ်နှံရမည့် တရုတ်တို့၏ စီးပွားရေးစီမံကိန်း ဖြစ်သည့်ယင်း လမ်းမကြီးကို အသုံးပြု၍ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်မောင်းနှင် နိုင်စေရန် ရှီကျင့်ဖျင်က စဉ်းစားခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် တရုတ်တို့ အလိုချင်ဆုံးသော သံမဏိကို ရရှိနိုင်စေရန် တွင်းထွက်သတ္တု ပေါသည့် နိုင်ငံများကို ဦးစားပေးကာ လမ်းကြောင်းဆွဲ ထားခြင်း ဖြစ်ပြီး တရုတ်တို့က အဓိကရှယ်ယာ အများဆုံး ပိုင်ဆိုင်မည် ဖြစ်သည်။

အတိတ်ကာလတွင် တရုတ်နိုင်ငံသို့ မာကိုပိုလို လာရောက်သော အနောက်နှင့် အရှေ့ ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖြစ်သည့် ပိုးလမ်းမကြီးသည် ကုန်သွယ်ရေး ကဏ္ဍ၌ မရှိမဖြစ် အရေးပါခဲ့သည်။ ယခု တရုတ်တို့က ထိုလမ်းမကြီးကဲ့သို့ စိတ်ကူးယဉ်ကာ အနာဂတ် ကုန်သွယ်ရေး အတွက် မရှိမဖြစ် အရေးပါသော လမ်းမကြီးတစ်ခုကို ဖန်တီးလိုခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က One Belt, One Road အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၄ဝ မတည်ရန် ကြေညာပြီး အာဆီယံ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆ဝ ရင်းနှီးမြှုပ်နှံရန် ကြေညာခဲ့သည်။

ထိုလမ်းမကြီး ကြောင့် ဥရောပနှင့် တရုတ်တို့၏ ကုန်သွယ်မှု တန်ဖိုးသည် မြင့်တက် လာမည်ဖြစ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖြတ်သန်း ကုန်သွယ်ရန် အလွယ်ကူဆုံး လည်း ဖြစ်လာမည် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်တို့သည် ထိုစီမံကိန်း အတွက် အခြေခံ အဆောက်အအုံ ဆောက်လုပ်မှု များကို စတင်ခဲ့ပြီး ယခုအခါ အာဆီယံ နိုင်ငံများဘက်သို့ လှည့်ကာ ထိုလမ်းမကြီး ဖြတ်သန်း ဖောက်လုပ်ရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်၍ ကြိုးပမ်းလျက် ရှိသည်။

နိုဝင်ဘာ နောက်ဆုံးပတ်တွင် မန္တလေးမြို့၌ ကျင်းပသည့် အစည်းအဝေး၌ တရုတ် ကောင်စစ်ဝန်ချုပ် ဝမ်ဂျောင်ရင်က ယင်းတို့ဘက်မှ မြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်-မြန်မာ နယ်စပ်မြို့ ရွှေလီမှ မြန်မာဘက် ခြမ်းသို့ ဝင်လာနိုင်ရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်နေပြီဟု ပြောသည်။

ထိုရထားလမ်းသည် မူဆယ်၊ လားရှိုး၊ မန္တလေး၊ ရန်ကုန်နှင့် မော်လမြိုင်မြို့ တို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်သည်။ တစ်နာရီ မိုင် ၂ဝဝ နှုန်းဖြင့် မောင်းနှင်မည့် ယင်းမြန်နှုန်းမြင့် ရထား လမ်းသာ တကယ်တမ်း လက်တွေ့ အကောင်အထည် ပေါ်သွားပါက တရုတ်ပြည် ယူနန်နယ်စပ်မှ ရန်ကုန်မြို့သို့ နာရီ အနည်းငယ် အတွင်း ရောက်ရှိမည် ဖြစ်သည်။

ယင်းရထားလမ်း စီမံကိန်းသည် အာရှ နှင့် ဥရောပအကြား ဖြတ်သန်း ကုန်သွယ်မည့် One Belt, One Road စီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ကာ အိန္ဒိယသမုဒ္ဒရာ ကိုလည်းဖြတ်၊ အာဖရိက ကိုလည်းဖြတ်၍ ဥရောပနှင့် ရုရှားအထိ ဖြန့်ကြက်မည့် တရုတ် တို့၏ မဟာဗျူဟာ ပိုးလမ်းမ စီမံကိန်းကြီး ဖြစ်သည်။ တရုတ်တို့သည် မြန်မာနိုင်ငံ၌ လက်ရှိအချိန်ထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် နေရာယူထားလျက် ရှိသည်။

ယခု One Belt, One Road စီမံကိန်းကြီးသာ မြန်မာနိုင်ငံသို့ ဖြတ်သန်းဝင်ရောက် လာမည်ဆိုပါက စီးပွားရေးအရ အကျိုးအမြတ် ရနိုင်သော်လည်း တရုတ်တို့ အနေဖြင့် သဘာဝ ပတ်ဝန်းကျင်အပေါ် အလေးထားမှု နှင့်ပတ်သက်၍ စဉ်းစားရဦးမည် ဖြစ်သည်။ ရထားလမ်း ဖောက်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ် အကျိုး သက်ရောက်မှု မည်မျှရှိနိုင်မည် ဆိုသည်ကို အသေးစိတ် စိစစ်မည်ဟု မြန်မာနိုင်ငံ ဘက်ကဆိုထားပြီး တရုတ်တို့ဘက် ကမူ ထိုလမ်းကြောင်း ဖောက်လုပ်ခွင့် ရရှိရေးကို စိတ်အား ထက်သန်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ထုတ်ယူနိုင်သည့် သဘာဝ သယံဇာတများမှာ များစွာကျန်ရှိ နေသေးပြီး ယခု စီးပွားရေးဈေးကွက် ပွင့်လင်းလာသည့် နိုင်ငံတစ်ခု ဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းမြှုပ်နှံ လိုသည့် ပြည်ပနိုင်ငံများ၏
စိတ်ဝင်စားမှုကို ခံနေရသည်။ အထူးသဖြင့် အရှေ့တောင် အာရှတွင် အမြန်ဆုံး စီးပွားရေးဇုန်တစ်ခု အဖြစ် အောင်မြင်စွာ ထူထောင်နိုင်သည့် သီလဝါအထူး စီးပွားရေးဇုန် ကဲ့သို့ ကာလတိုအတွင်း လုပ်ငန်း လည်ပတ်နိုင်ခြင်း နှင့် တရုတ်တို့၏ ရှယ်ယာအများစု ရရှိထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ရှိနေသောကြောင့် မြန်မာနိုင်ငံကို One Belt, One Road ကုန်သွယ်ရေး စီမံကိန်းတွင် မပါပါအောင် တရုတ်တို့ဆွဲထည့် ထားခြင်းဖြစ်သည်။

အမေရိကန်တို့က ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်ရေး TPP ကို နိုင်ငံပေါင်း ၁၂ နိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်ရေး အစီအစဉ် စတင်ခဲ့ရာတွင် ကမ္ဘာ့ စီးပွားရေး၏ ၂၅ ရာခိုင်နှုန်းကို ကိုင်တွယ်မောင်းနှင် နိုင်ရန် စီမံကိန်း ဆွဲထားခြင်း ဖြစ်သည်။ ယခု တရုတ်တို့ကလည်း နိုင်ငံပေါင်း ၆ဝ နှင့် ကမ္ဘာ့ စီးပွားရေး၏ အလယ်ဗဟိုကို ကိုင်တွယ် မောင်းနှင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

တရုတ်တို့၏ အဓိကပစ်မှတ် သည် အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့ပထမ ဟူသော နေရာကို ယူထားနိုင်ရေး ဖြစ်သည်။ ထို့ကြောင့် ရေတိုစီမံကိန်း များအစား One Belt, One Road ကဲ့သို့ ရေရှည်စီမံကိန်း များကို တရုတ်တို့ ပိုသဘောကျခြင်း ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လူဦးရေသန်း ၁၃ဝဝ ကျော်ရှိသော ၄င်းနိုင်ငံ၏ စီးပွားရေးကို အကောင်းဆုံး အကောင် အထည်ဖော်ပြီး အမေရိကန်ကို ကျော်တက်နိုင်ရန် ကြိုးစားနေသူ ဖြစ်ကာ ပြည်တွင်း ဆင်းရဲမှု ပပျောက်ရေးကိုလည်း ရေရှည်စီမံကိန်း များနှင့် ဆောင်ရွက် နေသူလည်း ဖြစ်သည်။

ယခု One Belt, One Road စီမံကိန်းကိုလည်း ရှီကျင့်ဖျင်က စတင် အကောင်အထည် ဖော်ခြင်းဖြစ်သည်။ တရုတ်သမ္မတ များသာ ပြောင်းလဲသွားချင် ပြောင်းလဲမည်။ ဝန်ကြီးချုပ်များသာ ပြောင်းလဲသွားမည်။ တရုတ် တို့အတွက် မြန်မာနိုင်ငံသည် အရေးပါဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ ထို့ကြောင့် ၄င်းတို့၏ မဟာဗျူဟာ စီမံကိန်းကြီး ဖြစ်သည့် One Belt, One Road တွင် မြန်မာနိုင်ငံကို ထည့်သွင်းရေးဆွဲ ထားခြင်းဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger