www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 9, 2016

ကလေးငယ်တစ်ဦးအား မြန်မာ့တပ်မတော်က နှိပ်စက်နေကြောင်း Daily Mail သတင်းဌာနက သတင်းမှား ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည်




နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ဗြိတိန်နိုင်ငံမှ Daily Mail သတင်းဌာန၏ ဒီဇင်ဘာလ ၇ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၃၂ မိနစ် Online စာမျက်နှာ၌ ကလေးငယ် တစ်ဦးအား မြန်မာ့တပ်မတော် က ရက်စက်စွာ နှိပ်စက် ညှဉ်းပန်းနေကြောင်း သတင်းမှား တစ်ပုဒ်ကို ဓာတ်ပုံများနှင့် အတူ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်း အရ လည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ လည်းကောင်း ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ က သတင်း ထုတ်ပြန်ထားသည်။

Dave Burke ရေးသားသော Heartbreaking images show 'Rohingya toddler tortured with a stun gun by laughing Burmese soldier' as Burma continuescrackdown on the country's Muslim minority သတင်း ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ယင်းသတင်းတွင် ကြောက်လန့် ငိုယိုနေသည့် ကလေးငယ်တစ်ဦးအား ကျဉ်စက်ဖြင့် တို့၍ နှိပ်စက် ညှဉ်းပန်းကာ ရယ်မောလျက် ရှိသည့်ဓာတ်ပုံများကို Daily Mail က အွန်လိုင်း စာမျက်နှာတွင် အချိန်အတန်ကြာ လွှင့်တင်ခဲ့ပြီးနောက် ဖတ်ရှုသူအချို့က ယင်းသတင်းမှာ ကမ္ဘောဒီးယား နိုင်ငံ၊ Mondulkiri ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ ထိုသို့ ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သူ များကို ဖမ်းဆီးထားပြီး ဖြစ်ပြီး တစ်ဦးထွက်ပြေး လွတ်မြောက်လျက် ရှိကြောင်း၊ ထွက်ပြေး လွတ်မြောက် သွားသူမှာ သတင်းဗီဒီယိုဖိုင် ပျံ့နှံ့ပြီးနောက် ကမ္ဘောဒီးယား နိုင်ငံမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ယင်းသတင်း အောက်တွင် မှတ်ချက်များ ဝင်ရောက်ရေးသား ခဲ့သည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ထိုသို့ သတင်းမှား ဖြစ်ကြောင်း ဝေဖန်ချက် ရေးသားမှုများ တွေ့မြင် ရပြီးနောက် Daily Mail  သတင်းစာမျက်နှာက ယင်းသတင်းကို ဖြုတ်ချသွားခဲ့ သော်လည်း အခြားအွန်လိုင်း စာမျက်နှာ အချို့တွင် Daily Mail မှ ရရှိသော သတင်းဟူ၍ ဖော်ပြလျက် ထပ်ဆင့် ဖော်ပြမှုများ ကျန်ရှိနေကြောင်း၊ Daily Mail ၏ မဟုတ်မမှန် သတင်းမှားကို အခြေခံ ၍ စွပ်စွဲပြောကြားမှု များမှာ လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Twitter တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက် ရှိကြောင်း တွေ့ရှိရသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အခြားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှတ်တမ်း များကို လွဲမှားစွာ အသုံးပြု၍ သတင်းမှားချဲ့ကား ဖော်ပြခြင်းကြောင့် မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများ ပိုမိုမြင့်တက် လာစေခဲ့ကြောင်း တွေ့ရသည်။

သို့သော်လည်း Daily Mail အနေဖြင့် သတင်းမှား ဖော်ပြမိခြင်း အတွက် အမှားပြင်ဆင်ခြင်း၊ တာဝန်ယူခြင်းများ တစ်စုံတစ်ရာ မရှိဘဲ သတင်းမှားကိုသာ ပြန်လည်ဖြုတ်ချ သွားခဲ့သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက
ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသော်လည်း မောင်တောဒေသ တွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်သည့် အခြားနေရာဒေသ များမှ ဓာတ်ပုံများ၊ ဗီဒီယို မှတ်တမ်းများ၊ လုပ်ကြံဖန်တီး ထားသည့် သတင်းမှားများ အမြောက်အမြား ပျံ့နှံ့လျက် ရှိသည်။

မကြာမီကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အခြေစိုက် UNHCR ဝန်ထမ်းတစ်ဦး ဖြစ်သော John McKissick ၏ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်သိက္ခာ နှင့်မညီဘဲ တာဝန်မဲ့ ပြောကြားချက် များကိုအခြေခံပြီး မမှန်သတင်း များကို BBC ၊ CNN ၊ CNA နှင့် Al Jazeear စသော သတင်းဌာနများက ဖော်ပြခဲ့ကြပြီး နောက်တွင် ယခုကဲ့သို့ Daily Mail သတင်းဌာနက သတင်းမှားထပ်မံ ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။

Daily Mail သတင်းစာသည် UK အခြေစိုက် သတင်းစာတစ်စောင် ဖြစ်ပြီး Daily Mail and General Trust က ပိုင်ဆိုင်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger