www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 5, 2016

ထိမရသည့် တရုတ်(တိုင်ပေ) ကြောင့် သမ္မတမဖြစ်မီကတည်းက တရုတ်နှင့် ဆက်ဆံရေးတင်းမာနေသည့် ထရမ့်ပ်



( ရှိန်းထက် )

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်၏ သမ္မတရာထူးကို တရားဝင် ထမ်းဆောင်တော့မည့် ဒေါ်နယ်ထရမ့်ပ် သည် မထင်မှတ် ထားသည့်အရာ များကို လုပ်ပြနေပြီ ဖြစ်သည်။ ပထမဆုံး အမေရိကန်၏ စီးပွားရေးကို အဓိက မောင်းနှင်ပေးမည့် ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး စီမံကိန်း TPP မှ ထွက်မည်ဟု ဆိုသည်။ ရုရှားနှင့်လည်း စီးပွားရေးအရ ဆက်ဆံမည် ဟု ဆိုပြန်သည်။ အီရန် နျူကလီးယား သဘော တူညီချက်မှာ အရေးမပါဟု ဆိုလိုက်သေးသည်။

သူ၏ အစိုးရအဖွဲ့တွင် သဘောထား အတင်းမာဆုံး ဆိုသည့် စစ်ခေါင်းဆောင် များကို ခန့်ထားသည်။ ယခု အမေရိကန်နှင့် နှစ်ပေါင်း ၄ဝ နီးပါး ကြာအောင် ဖြတ်တောက် ထားသော တရုတ်(တိုင်ပေ)နှင့် ဆက်ဆံရေးကို ပြန်လည်စတင်ရန် လမ်းကြောင်းများ ခင်းနေပြန်သည်။ အမေရိကန် သည် တရုတ်(တိုင်ပေ) နှင့် ဆက်ဆံရေးကို အမေရိကန် နှင့် တရုတ်တို့ ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၁၉၇၉ ခုနှစ်ကတည်းက ဖြတ်တောက် ထားခြင်း ဖြစ်သည်။

အမေရိကန် တို့ကလည်း one china policy ကို လက်ခံသည့် သဘောဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် တရုတ်နှင့် အမေရိကန် တို့ သံတမန် ဆက်ဆံရေး ထူထောင်ပြီး တရုတ်(တိုင်ပေ) နှင့် ဆက်ဆံရေး ဖြတ်တောက် ခဲ့သည်။ နောက်ပိုင်းကာလ များတွင်လည်း အမေရိကန်နှင့် တရုတ်သည် နိုင်ငံရေးနှင့် စစ်ရေး၌ အားပြိုင်မှုများ ပြင်းထန်လာကာ အိုဘားမား အစိုးရ လက်ထက်တွင် တင်းမာမှု ပိုမိုမြင့်တက် လာမည်ကို စိုးရိမ်သောကြောင့် တရုတ်(တိုင်ပေ) နှင့် ဆက်ဆံရေး ကိုပါ မပြုလုပ်ခြင်း ဖြစ်သည်။

သို့သော် တရုတ်တို့က စပရက်တလီ ကျွန်းစု၌ ကျွန်းတုများ တည်ဆောက်ရုံ သာမက တရုတ်(တိုင်ပေ) ပိုင်နက်နှင့် နီးကပ်သည့် နေရာများ၌ ကျွန်းတု တည်ဆောက်ပြီး ထိုနေရာတွင် ဒုံးပစ်စင်များ ချထားသော အခါ အမေရိကန် တို့က တရုတ်(တိုင်ပေ) သို့ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရောင်းချပေး ခဲ့သည်။ ထို့ကြောင့် အမေရိကန်နှင့် တရုတ်တို့ တင်းမာမှု ထပ်မံမြင့်တက် သွားတော့သည်။

ဆယ်စုနှစ်လေးခု အတွင်း ထိုအကြိမ်သည် တရုတ်နှင့် အမေရိကန် စစ်ဘက် ဆက်ဆံရေးတို့ ပထမဆုံးအကြိမ် တင်းမာမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ တရုတ်တို့ သည် one china policy ကို ကိုင်စွဲထားပြီး တရုတ်(တိုင်ပေ)၊ တိဘက်နှင့် ဟောင်ကောင် တို့ကို ၄င်းတို့၏ပိုင်နက် အဖြစ် သတ်မှတ်ထားပြီး ထိုနေရာများကို လာထိသူသည် သူ၏ရန်သူ ဖြစ်သွားတော့သည်။ ထိုအထဲမှ တရုတ်(တိုင်ပေ) သည် ကိုယ်ပိုင် စစ်တပ်နှင့် နိုင်ငံအုပ်ချုပ်ရေး ရှိထားသောကြောင့် တရုတ်(တိုင်ပေ) နှင့် ပတ်သက်လာလျှင် တရုတ်တို့ အထိမခံနိုင်ပေ။

ယခု ဒေါ်နယ်ထရမ့်ပ် က တရုတ် (တိုင်ပေ) သမ္မတ ချိုက်အင်းဝမ် နှင့် နိုင်ငံအဆင့် ဆက်ဆံရေးများ ထားရှိလာနေပြီ ဖြစ်သည်။ ဒီဇင်ဘာ ၃ ရက်က မစ္စ ချိုက်အင်းဝမ် ကို ထရမ့်ပ်က ဖုန်းဆက် စကားပြောသည်။ ထိုအကြောင်း ကိုလည်း လူသိရှင်ကြား ထုတ်ပြောသည်။ ထို့ကြောင့် တရုတ်တို့၏ ဒေါသသင့်မှုများကို ထရမ့်ပ် ရရှိခဲ့ပြီး ထရမ့်ပ်ကတော့ သမ္မတ ချိုက်အင်းဝမ် က သူရွေးကောက်ပွဲ နိုင်စဉ်တွင် ချီးကျူးစကား ပြောခဲ့သောကြောင့် ဟု ဆိုသည်။

ထရမ့်ပ် ရုံးအဖွဲ့၏ ထုတ်ပြန်ချက်တွင် တရုတ်(တိုင်ပေ) နှင့် အမေရိကန် အကြား ပိုမိုနီးကပ်သည့် စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး ထားရှိရန် ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြ သည်ဟု ရေးသားထားသည်။

တရုတ်အစိုးရ ဘက်က ချက်ချင်းပင် အမေရိကန် အစိုးရဘက်သို့ ကန့်ကွက်စာ ပို့ခဲ့ပြီး တရုတ်(တိုင်ပေ) ကိုလည်း အတတ်ဆန်းသည့် လုပ်ရပ်များကို လုပ်နေသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ ထရမ့်ပ် နိုင်သည့် အကြောင်းကို သမ္မတ ချိုက်အင်းဝမ် က ဖုန်း ဆက်ပြီး ချီးကျူးစကား ဆိုခဲ့သည် ဟူသည့် လုပ်ရပ်ကို ဖော်ညွှန်းခြင်း ဖြစ်သည်။ ထို့ပြင် တရုတ်အစိုးရက တရုတ်(တိုင်ပေ) ၏ အတတ်ဆန်းသည့် လုပ်ရပ်သည် နိုင်ငံတကာက လက်ခံထားသည့် one china policy ကို ပြောင်းလဲအောင် မလုပ်နိုင်ဟုလည်း ဆိုသည်။

ဒေါ်နယ်ထရမ့်ပ် က သမ္မတမဖြစ်မီ ကတည်းက တရုတ်နှင့် ဆက်ဆံရေး တင်းမာ နေပြီဖြစ်သည်။ ထရမ့်ပ်သည် ရွေးကောက်ပွဲ မဲဆွယ်စဉ် ကတည်းက တရုတ်ကုန် ပစ္စည်းများကို တင်းကျပ်သည့် စည်းမျဉ်း စည်းကမ်းများနှင့် အခွန်ကို ပိုကောက်ရန် စကားများကြောင့် နာမည်ကြီးခဲ့သူ ဖြစ်သည်။ ထို့ပြင် ပစိဖိတ်ဖြတ်ကျော် စီးပွားရေး စီမံကိန်း TPP မှ ထွက်လိုသည့် အကြောင်းရင်း မှာလည်း နောက်ကွယ်မှ တရုတ်ပါဝင် လာမည်ကို စိုးရိမ် သောကြောင့် ဖြစ်သည်။

တရုတ်၏ စီးပွားရေးသည် လာမည့် ဆယ်စုနှစ် အနည်းငယ် အတွင်း အမေရိကန် ကို ကျော်တက်မည် ဟု ခန့်မှန်းချက်များက ရှိနှင့်နေ သောကြောင့် ထရမ့်ပ် အနေဖြင့် တရုတ် စီးပွားရေးကို သူ့ကြောင့် အထောက်အကူ အဖြစ်မခံ ချင်ပေ။ ထို့ပြင် တရုတ်ထက် သူ့နိုင်ငံ စီးပွားရေးကို ထိပ်ဆုံး၌ အမြဲတမ်းရပ်တည် နေစေချင်သူ ဖြစ်သည်။ စီးပွားရေးအရ တရုတ်ကို နောက်ချန်ထား နိုင်သည့်ဗျူဟာ များကို ချမှတ်မည်ဟု အစ ကတည်းက ကြုံးဝါးထားသူ ဖြစ်သည်။

ထိုအချိန် ကတည်းက တရုတ်နှင့် ဆက်ဆံရေးသည် ထရမ့်ပ် လက်ထက်တွင် ပိုပြီး အနုတ်လက္ခဏာ ဆောင်မည်ဟု ကြိုတင် ဟောကိန်းများ ထွက်လာခြင်း ဖြစ်သည်။ ယခု ထိုဟောကိန်း များက ပိုမိုပီပြင် လာသည်။ ထရမ့်ပ် က တရုတ်တို့၏ ဆတ်ဆတ်ထိ မခံသည့် တရုတ်(တိုင်ပေ) ကို သံတမန် ဆက်ဆံရေး များနှင့် လမ်းခင်းရန် ကြိုးစား နေသည်။ ထရမ့်ပ် ပြောထားသည့် တရုတ် ကိုနောက်ချန် ထားနိုင်မည့် ဗျူဟာများထဲ မှ တရုတ်(တိုင်ပေ) ကိစ္စသည် တစ်ခု ဖြစ်နေသည်။

ထရမ့်ပ် သည် အိုဘားမား လက်ထက် နှင့် ပြောင်းပြန်ကိစ္စ များကို လုပ်ဆောင်မည့် သမ္မတဟု ပြောစမှတ် တွင်ထားသည့် အတိုင်း တရုတ်ကို အိုဘားမားလောက် အပျော့ပျောင်းဆုံး နည်းလမ်းများ နှင့် ဆက်ဆံမည့်သူ မဟုတ်ပေ။ ဥပမာ-တောင်တရုတ် ပင်လယ်ပြင် ပြဿနာကဲ့သို့ အရာများတွင် ဖြစ်သည်။ တောင်တရုတ် ပင်လယ်ပြင် အရေးတွင် တရုတ်တို့ ကျွန်းတုများ ဆောက်နေသည့် ကိစ္စကို အမေရိကန် တို့က ကန့်ကွက်သည်ဟု လေလုံးပစ်ရုံ ကလွဲပြီး ရပ်တန့်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိပေ။ ထရမ့်ပ် ဆိုပါက တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်သည်။

ထရမ့်ပ်က တရုတ် ခြေတစ်လှမ်းတိုး လျှင် သူတစ်လှမ်း တိုးမည်ဖြစ်သည်။ ထို့ကြောင့် ထရမ့်ပ် သမ္မတ တက်လာလျှင် တရုတ်နှင့် အမေရိကန် ဆက်ဆံရေးသည် စိတ်ဝင်စားစရာ ကောင်းလာမည် ဖြစ်သည်။ ယခု ထရမ့်ပ် ပြောသမျှ၊ လုပ်သမျှအရာ အားလုံးသည် တရုတ်နှင့် ချစ်ကြည်ရေး ခင်းမည့်လမ်းကြောင်း မဟုတ်ဘဲ ဆန့်ကျင် ဘက်သို့ သွားမည့် လမ်းကြောင်းများသာ ဖြစ်နေသည်။ တရုတ်နှင့် အားပြိုင်ပွဲများကို ဆက်လက် ပြုလုပ်ရန် ထရမ့်ပ် စိတ်အားထက်သန် နေသည်။ ထရမ့်ပ်အား ထောက်ခံသူ အများစု ယုံကြည်ထားသည် မှာလည်း ထရမ့်ပ်သည် ဘီလျံနာ တစ်ဦးဖြစ်သော ကြောင့် စီးပွားရေးအရ တရုတ်အား မည်သို့ ယှဉ်ပြိုင်ရမည်ကို ကောင်းစွာ သိသည်ဟု ဆိုကြသည်။

ထရမ့်ပ်၏ ဘီလျံနာဆိုသည့် ဂုဏ်ကလည်း သမ္မတ ရွေးကောက်ပွဲ အောင်နိုင်ရန် အထောက်အကူ များစွာ ပေးခဲ့သည်။ ယခု ထရမ့်ပ်သည် သူ့စကားအတိုင်း တရုတ်နှင့် အားပြိုင် ရတော့မည် ဖြစ်သည်။ သို့သော် ထရမ့်ပ်၏ တရုတ်နှင့် ဆက်ဆံရေး လမ်းကြောင်း ကောင်းမွန်အောင် မဖောက်ခြင်း သည် မေးခွန်းထုတ်စရာ တစ်ခု ဖြစ်နေသည်။ အမေရိကန် အစိုးရ အဆက်ဆက်က တရုတ် နှင့် တင်းမာမှုကို လျော့ကျအောင်သာ လုပ်လိုသည်။ ယခုတော့ ထရမ့်ပ်က တရုတ် နှင့် ဆန့်ကျင်ဘက် ဆိုသည့် အရာများကိုသာ လုပ်ဆောင် နေသည်။ ထို့ကြောင့် အဖုအထစ်များနှင့် ထရမ့်ပ် လက်ထက် အမေရိကန်-တရုတ် ဆက်ဆံရေး၊ စီးပွားရေး အားပြိုင်မှုနှင့် စစ်ရေး အားပြိုင်မှု များသည် ယခင်ကနှင့် မတူဘဲ ဆန်းသစ် လာမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger