www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 27, 2016

UNHCR ရုံးအမှုထမ်း John McKissick ၏ ကိုယ်ကျင့်သိက္ခာနှင့် မညီညွတ်သော စွပ်စွဲပြောကြားချက် များအပေါ် ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ကန့်ကွက်


နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Baazaar အခြေစိုက် UNHCR ရုံး အမှုထမ်း John McKissick မှ ကုလသမဂ္ဂဝန်ထမ်း တစ်ဦး၏ ကိုယ်ကျင့်သိက္ခာ နှင့် မညီညွတ်သော စွပ်စွဲ ပြောကြားချက် များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးထင်လင်း က UNHCR ဌာနချုပ်မှ Assistant High Commissioner (Protection) Mr. Volker Turk ထံ သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ သဘောထားကို ပြောကြားကာ ကန့်ကွက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။

ဘီဘီစီသတင်းဌာန ၏ နိုဝင်ဘာ ၂၄ ရက် သတင်းတွင် ဖော်ပြပါရှိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Baazaar အခြေစိုက် UNHCR ရုံးမှ အမှုထမ်းဖြစ်သူ John McKissick မှ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး ၏ ကိုယ်ကျင့်သိက္ခာ နှင့် မညီညွတ်သော UNHCR ၏ လုပ်ငန်းများအပေါ် ထားရှိသည့် ယုံကြည်ချက် နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက်ပျက်ပြား စေနိုင်သော၊ အခြေအမြစ် မရှိသည့် တစ်ဖက်သတ် စွပ်စွဲပြောကြားချက် များနှင့် စပ်လျဉ်း၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်း သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် အရ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အား တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့ သော်လည်း မဟာမင်းကြီးသည် ပြည်ပသို့ ရောက်ရှိနေ၍ လည်းကောင်း၊ ဒုတိယ မဟာမင်းကြီးမှာ အားလပ်ခြင်း မရှိ၍ လည်းကောင်း Assistant High Commissioner (Protection) ဖြစ်သူ Mr. Volker Turk နှင့် နိုဝင်ဘာ ၂၅ ရက်တွင် ဂျီနီဗာမြို့ရှိ UNHCR ရုံးချုပ်၌ သွားရောက် တွေ့ဆုံပြီး ကန့်ကွက်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးထင်လင်း က မြန်မာနိုင်ငံအရေး ကိစ္စ နှင့်ပတ်သက်၍ ပထမအချက်မှာ ဘီဘီစီမှ ထုတ်ပြန်ခဲ့သည့် John McKissick ၏ ပြောကြားချက်ကို ၄င်းအနေဖြင့် အမှန်တကယ် ပြောကြား ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ပေးရန်နှင့် ဒုတိယအချက်မှာ ၄င်းအနေဖြင့် ပြောကြား ခဲ့ခြင်းမရှိက ယင်းသို့ ပြောကြားခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန် ပေးရန်၊ ထို့ပြင် တတိယအချက် အနေဖြင့် ၄င်းက ပြောကြားခဲ့သည် ဆိုပါက ပါဝင်သည့် အချက်များသည် မှန်ကန်မှု မရှိသောကြောင့် ကန့်ကွက် ပါကြောင်း၊ ထိုသို့ ပြောကြားချက် များသည် ကုလသမဂ္ဂ ဝန်ထမ်းများ လိုက်နာရမည့် Code of Conduct နှင့် မညီညွတ်ကြောင်း၊ ယင်းသို့ ပြောကြားခြင်းသည် UNHCR ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ ၄င်း၏ ပြောကြားချက်သည် မြန်မာနိုင်ငံနှင့် အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ၄င်း၏ ပြောကြားချက် နှင့်ပတ်သက်၍ စိစစ်ပြီး ပြန်လည် ဖြေရှင်းပေးရန် မေတ္တာရပ်ခံ ကြောင်း၊ စာရေး သား ကန့်ကွက်ရန် လိုပါက စာပေးပို့သွားမည် ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

UNHCR မှ Assistant High Commissioner Mr. Volker Turk က ၄င်းမှာ ပြည်ပခရီး သွားရောက်ခဲ့ပြီး Mr. John McKissick ၏ ပြောကြားချက်ကို ယမန်နေ့ကမှ သိရှိ၍ ၄င်းအနေဖြင့် လည်းကောင်း၊ UNHCR အနေဖြင့် လည်းကောင်း အံ့သြမိပါကြောင်း၊ ယင်း ပြောကြားချက် သည်  Mr. John McKissick ၏ Individual capacity ဖြင့် ပြောကြားခြင်း ဖြစ်ကြောင်း၊ UNHCR ၏ ရပ်တည်ချက်ကို ကိုယ်စားမပြု ပါကြောင်း၊ အမြဲတမ်း ကိုယ်စားလှယ် မေတ္တာရပ်ခံ ထားသည့်အတိုင်း UNHCR အနေဖြင့် ဤကိစ္စကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်ကို ပြန်လည်စိစစ်၍ ပြန်ကြားပေးမည် ဖြစ်ပါကြောင်း၊ မြန်မာအစိုးရ၊ မြန်မာပြည်သူ လူထုနှင့် UNHCR တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက် လိုပါကြောင်း၊ မည်သည့် အကူအညီမျိုး ကိုမဆို ဆက်လက် ပေးအပ်သွားမည် ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

UNHCR သည် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ရပ်ဖြစ်၍ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦး အနေဖြင့် ရှိသင့်ရှိအပ်သည့် ကိုယ်ကျင့်သိက္ခာ၊ လိုက်နာရသည့် စည်းမျဉ်းစည်းကမ်း များပြည့်ဝရန် လိုအပ်ပြီး သတင်းမီဒီယာ များတွင် ကုလသမဂ္ဂ အဖွဲ့အစည်း အမည်နာမကို အသုံးပြု၍ မဟုတ်မမှန် သတင်းများ ဖြန့်ချိခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ဆောင်ချက် ဖြစ်၍ UNHCR အနေဖြင့် Mr. John McKissick ၏ ကိုယ်ကျင့်သိက္ခာ ပျက်ပြားသော ယခု လုပ်ဆောင်ချက် အပေါ် စိစစ်ဖြေရှင်းမှု ပြုရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger