www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 9, 2016

အင်းဝဒေသ၌ မြန်မာ့အနုပညာပန်းချီကားများကို နိုင်ငံခြားသားခရီးသွားများ လေ့လာဝယ်ယူ



တံတားဦး ၊ ၉-၁၁-၂၀၁၆

မြန်မာမှု အတတ်ပညာ ပန်း ၁ဝ မျိုးဖြစ်သည့် ပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းထိမ်၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့ တို့တွင် တစ်ခု အပါအဝင် ဖြစ်သော မြန်မာ့အနုပညာ ပန်းချီကားများကို အင်းဝဒေသ၌ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား လေ့လာ ဝယ်ယူလျက် ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် အင်းဝဒေသသို့ ယခုရာသီတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက်ရှိရာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် ပန်းချီကားများကို မြတ်ြမတ်နိုးနိုး ဝယ်ယူကြပြီး မြန်မာ့သဘာဝ အလှရှုခင်းပုံ များနှင့် ရှေးဟောင်း အဆောက်အအုံ လက်ရာများကို ဝယ်ယူမှု များပြားကြောင်း သိရသည်။

''ကျွန်တော်က ဒီမှာကိုယ်တိုင် ရေးဆွဲပြီး ရောင်းချနေတာပါ။ အခုရက်ပိုင်း ပြည်ပခရီးသွား ဝင်ရောက်မှု များလာတော့ ရောင်းရပါတယ်။ ခက်တာက ကျွန်တော်တို့က ရတနာဆီမီး ဘုရားစုမှာပဲ နေရာရတော့ အင်းဝကို လာတဲ့ ခရီးသွားတိုင်း ဒီကို အကုန်မရောက် ပါဘူး။ သုံးပုံတစ်ပုံ လောက်ပဲ လာရောက် လေ့လာကြပါတယ်။ နာမည်ကြီး နေရာတွေဖြစ်တဲ့ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း စတဲ့နေရာ တွေမှာဆို ခရီးသွား ဧည့်သည်တွေ လာရောက်ကြ ပါတယ်။ အဲဒီလိုနေရာ တွေမှာ ပန်းချီဆွဲပြီး ရောင်းရရင် အခုထက်ပိုပြီး အဆင်ပြေမယ်။ ကိုယ်တိုင် ရေးဆွဲပြီး ရောင်းတာဆိုတော့ အဆင်ပြေ ပါတယ်''ဟု အင်းဝဒေသရှိ ရတနာ ဆီမီး ဘုရားစုတွင် ကိုယ်တိုင် ရေးဆွဲ၍ ရောင်းချနေသော ပန်းချီဆရာ တစ်ဦးက ပြောပြသည်။

'' ရေဆေးပန်းချီနဲ့ ဆီဆေးပန်းချီ ဆွဲပြီး ရောင်းချပါတယ်။ ကားသေးတွေပါ။ ရေဆေးပန်းချီ တစ်ကားကို ငွေကျပ် ၂ဝဝဝ နဲ့ရောင်းချပြီး ဆီဆေးပန်းချီကား တွေကို ပုံပေါ်မူတည်ပြီး ပန်းချီကား တစ်ကားကို ငွေကျပ် ၈ဝဝဝကနေ ၂ဝဝဝဝ ထိ ရောင်းပါတယ်။ ပုံတွေကတော့ မြန်မာ့လူနေမှု ဘဝပုံစံတွေ၊ မြန်မာ့သဘာဝ ရှုခင်းတွေ၊ ရှေးဟောင်းစေတီ ၊ပုထိုးနဲ့ ရှေးဟောင်း အဆောက်အအုံ ပုံတွေဆွဲပြီး ရောင်းပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေ ကလဲ စိတ်ဝင်စားကြ ပါတယ်''ဟု ၄င်းက ပြောပြ၍ သိရသည်။

သန်းဇော်မင်း

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger