www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 29, 2016

သကြား နှင့် ကျန်းမာရေး


သကြား နှင့် ကျန်းမာရေး

ဒေါက်တာ မင်းစိုးဦး

''ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ခါး'' ဟူ၍ အရသာ ခြောက်မျိုး အနက် ချိုသော အရသာမှာ ကြိုက်နှစ်သက်သူ များလေ့ရှိသည်။ ချိုသော အရသာကို ကစီဓာတ်မှ ရရှိပြီး Sugar ဟုခေါ်သော သဘာဝ သကြားဓာတ်နှင့် Froctose ဟု ခေါ်သော အသီးအနှံများမှ ရသော သကြားဓာတ် ဟူ၍ နှစ်မျိုးရှိသည်။ ထိုသကြားဓာတ် များသည် သရေစာများ၊ အချိုရည်များ၊ ဂျုံ၊ ဆန်ကို အခြေခံ၍ ပြုလုပ်ထားသော အစားအစာများတွင် ပါဝင်လေ့ရှိသည်။ သုတေသန များအရ မည်သည့် သကြားဓာတ်ပင် ဖြစ်စေကာမူ လွန်ကဲစွာ စားသုံးပါက စားသုံးသူကို ဝစေသည်၊ အသည်းကို အဆီ ဖုံးလွှမ်းခြင်းဖြင့် ထိခိုက်ပျက်စီး စေသည်၊ သွေးတွင်း အဆီဓာတ်ကို များစေသည်၊ ဦးနှောက် လုပ်ငန်းဆောင်တာ များကို နှောင့်ယှက် တတ်သည်၊ နောက်ဆုံးတွင် နှလုံးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ နှင့် တချို့ကင်ဆာ ရောဂါများကိုပင် ဖြစ်စေတတ်သည်။ ထို့ကြောင့်လည်း တချို့ဆေးဘက် ပညာရှင်များက သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်းသည်'' လူကို တဖြည်းဖြည်း သေစေတတ်သော အလေ့အထ'' ဟူ၍ပင် တင်စားပြောဆို လာကြသည်။

လူတစ်ယောက် သကြားကို မည်သည့်ပမာဏ အထိသာ စားသုံးသင့် သနည်း။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းအပြည့် သကြားထည့် ပါက သကြားပမာဏမှာ ၄ ဂရမ်ဖြစ် သည်။ အမေရိကန် နှလုံးရောဂါ ကုသမှုဆိုင်ရာ အဖွဲ့ကြီး၏ သတ်မှတ်ချက် အရ တစ်နေ့တာ အများဆုံး စားသုံးနိုင်သောသကြားပမာဏမှာ အမျိုးသား တစ်ဦးအတွက် လက်ဖက်ရည်ဇွန်းဖြင့် ကိုးဇွန်း (၃၆ ဂရမ်)၊ အမျိုးသမီး တစ်ဦးအတွက် လက်ဖက်ရည်ဇွန်း ဖြင့်ငါးဇွန်း (၂ဝ ဂရမ်) ဖြစ်သည်။ ထို့ထက် ပိုမိုစားသုံးပါက ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပွား လာနိုင်ပါသည်။

သကြားဓာတ် နှင့် အဝလွန်ခြင်း

အဝလွန်ခြင်း ရှိ/မရှိ ကို ကိုယ်ခန္ဓာထုထည် အညွှန်းကိန်း (BMI : Body Mass Index) ဖြင့် တိုင်းတာဖော်ပြ လေ့ရှိသည်။ ကိုယ်ခန္ဓာထုထည် အညွှန်းကိန်း တွက်ချက် ပုံမှာ ကိုယ်ခန္ဓာ အလေးချိန် ကီလိုဂရမ်ကို အရပ်မီတာ နှစ်ထပ်ကိန်းဖြင့် စားခြင်းဖြစ်ပြီး ရလဒ် အညွှန်းကိန်း ၃ဝ နှင့်အထက် ဖြစ်ပါက အဝလွန်နေပြီဟု သတ်မှတ်ပါသည်။

သကြားမြောက်မြားစွာ စားသုံးခြင်း၊ အချိုရည်များ သောက်သုံးခြင်းသည် ကိုယ်ခန္ဓာ အလေးချိန်ကို များပြားစေပြီး ကိုယ်ခန္ဓာထုထည် အညွှန်းကိန်းကို တက်စေပါ သည်။ မိမိတို့ စားသုံးသော သကြားဓာတ်သည် သွေးအတွင်း မှတစ်ဆင့် အသည်းသို့ ရောက်ရှိသွားသော အခါ အဆီဓာတ်သို့ ပြောင်းလဲသွားပြီး ဝမ်းဗိုက်တစ်ဝိုက်တွင် စုပုံလာသည်။ ထိုသို့ရေရှည် စုပုံလာသည့်အခါ သွေးချို၊ ဆီးချို ရောဂါနှင့် နှလုံးသွေးကြောကျဉ်း သည့်ရောဂါများ ဖြစ်ပွား စေနိုင်ပါသည်။ ယခုခေတ် ကာလတွင် ကလေးငယ်များ နှင့်လူငယ် အများစုသည် အချိုရည်ကို လွယ်လင့်တကူ ဝယ်ယူသောက်သုံး နေကြသည်။ အဆိုပါ အချိုရည်များတွင် သကြားထက်အဆ ၂ဝဝ ပိုမိုချို စေတတ်သော ပါဝါ သကြား ပါဝင်နေသောကြောင့် အဝလွန်သော သူများဖြစ် လာ ကြသည်။ ထို့ပြင် အဆိုပါ အချိုရည်ဘူး များတွင် အရောင်လှစေရန် တားမြစ်ဆိုးဆေးများ ထည့်သွင်းထား ခြင်း၊ ကင်ဆာဖြစ်စေ နိုင်သော တာရှည်ခံ ဆေးများပါဝင် နေခြင်း တို့ကြောင့် ကျောက်ကပ်ရောဂါ ၊ ခံတွင်းနှင့် အသည်းကင်ဆာ အပါအဝင် ကင်ဆာရောဂါ များကိုဖြစ်ပွား စေနိုင်သဖြင့် သတိပြု ရှောင်ရှားသင့် ပါသည်။

သကြားဓာတ် နှင့် မှတ်ဉာဏ်

စာကျက်မှတ်သောအခါ ဦးနှောက်ကြည်လင် စေရန် သကြားအချိုဓာတ် ပါသော အစားအစာများနှင့် အချိုရည် များ သုံးဆောင်လေ့ ရှိကြသည်။ လိုအပ်သည်ထက် ပိုမို စားသုံးလိုက်သော သကြားဓာတ်သည် ဦးနှောက်အတွင်း တွင် Free radicals ဟုခေါ်သော အဆိပ်အတောက် ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းတို့ကို စုပုံစေပါသည်။ ထိုအခါ မှတ်ဉာဏ်များ ချို့ယွင်းခြင်း၊ တွေးခေါ်မြော်မြင် နိုင်သည့် စွမ်းရည်ကို ကျဆင်းစေခြင်း နှင့် စိတ်ထိန်းချုပ် နိုင်မှုကို ပျက်စီးယိုယွင်း စေခြင်း စသည်တို့ ဖြစ်ပေါ်လာ စေနိုင်ပါသည်။ ထို့ကြောင့် သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်း မရှိအောင် ဂရုပြုသင့်ပါသည်။

သကြားဓာတ် နှင့် အသားအရေ

နေရောင်ခြည်နှင့် ထိတွေ့မှု များသော အရေပြား၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများသော အသားအရေ တို့သည် လည်းကောင်း၊ အသက်အရွယ် ကြီးရင့်လာသော အသားအရေ တို့သည် လည်းကောင်း ပျက်စီးလွယ် ကြသည်။ 

ကိုယ်ခန္ဓာ၏ ဇီဝတုံ့ပြန်မှု ဖြစ်စဉ်များအရ ပျက်စီးသော အသားအရေကို ပြန်လည် ပြင်ဆင်ပေးသည်။ အချို အစားများ၍ အရေပြားတွင် စုပုံနေသော သကြားဓာတ်သည် ထိုသို့ပြင်ဆင်သည့် လုပ်ငန်းစဉ်ကို နှောင့်နှေး
ဟန့်တားစေသည်။ ဤသို့ဖြင့် အသားအရေများ ပျက်စီးမှုကို ဖြစ်ပေါ်စေ ပါသည်။ ထိုကဲ့သို့ အရေပြား ပျက်စီးမှုကို မဖြစ်ပေါ်စေရန် အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်းကို ရှောင်ကြဉ်ရမည့် အပြင် ကြက်သွန်ဖြူနှင့် ချင်းတို့ကို စားသုံးပေးသင့် ပါသည်။

သကြားဓာတ် နှင့် ကြွက်သား

သဘာဝ သကြားဓာတ် Sugar ကို အသည်းတွင် သာမက ကြွက်သားတို့ တွင်လည်း ချေဖျက်ပါသည်။ လေ့ကျင့်ခန်း လုပ်သည့်အခါ ကြွက်သားတို့ လှုပ်ရှားမှု ကြောင့် သကြားဓာတ် များကို ပိုမိုချေဖျက် စေကာ ကိုယ်ခန္ဓာ အလေးချိန်ကို ကျဆင်းစေနိုင် သကဲ့သို့ ပို၍မတက် အောင်လည်း ထိန်းထားပေးနိုင် ပါသည်။ သို့ရာတွင် လေ့ကျင့်ခန်း လုံလောက်စွာ ပြုလုပ်သော်လည်း ကိုယ်ခန္ဓာ အလေးချိန် တစ်ခါတစ်ရံ ကျဆင်းမှု မရှိသည့်အပြင် ပို၍ တက်လာသည်ကိုပင် တွေ့ရှိရတတ် ပါသည်။ အဘယ်ကြောင့်နည်း။ မိမိတို့ စားသုံးသော အစားအစာတွင် Fructose ဟုခေါ်သော သကြားဓာတ် ပါဝင်မှုများပြား နေသောကြောင့် ဖြစ်သည်။ ၄င်းသကြားဓာတ် ကိုမူအသည်း တစ်မျိုးတည်းကသာ ချေဖျက်ပေး နိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်း လုပ်သော်လည်း ကိုယ်ခန္ဓာ အလေးချိန်ကျဆင်းမှု မရှိခြင်းသည် အဆိုပါ Fructose သကြားဓာတ် ပါဝင်မှု များပြားသော ပါဝါအချိုရည်များ (Energy Drinks) အားဖြည့် အချိုရည်များကို အမြောက်အမြား သောက်သုံး လေ့ ရှိသောကြောင့်ပင်။ ကိုယ်ခန္ဓာ အလေးချိန် လျှော့ချနေသူများ Fructose သကြားဓာတ် ပါဝင်မှု များပြားသော အစားအသောက် များကိုသတိပြု ရှောင်ကြဉ်သင့် ပါသည်။

သကြားဓာတ် နှင့် စိတ်ဖိစီးမှု

သကြားစားသုံး လိုက်သောသူ၏ ဦးနှောက်ကို ပုံရိပ်ဖော်စက် အကူအညီဖြင့် စမ်းသပ် သုတေသန ပြုကြည့်ရာ အရက်ကိုစွဲလမ်း သကဲ့သို့ပင် သကြားဓာတ် သည်လည်း လူကိုစွဲလမ်း စေကြောင်း ထူးဆန်းစွာ တွေ့ရှိလိုက် ရသည်။ 

ထို့ပြင် သကြားစားသုံး လိုက်သောအခါ ထိုသူ၏ ဦးနှောက်တွင် စိတ်ကိုငြိမ်သက် စေသော Serotonin ဓာတ်၊ သကြားကိုထပ်မံ စားသောက်လိုသော Dopamine ဓာတ်များ တိုးပွားလာကြောင်း တွေ့ရှိရသည်။ စိတ်ဖိစီးသော သူတစ်ဦး အချိုစားမိပါက ဆက်လက် စားသုံးလိုစိတ် ဖြစ်ပေါ်လာကာ မထိန်းသိမ်း နိုင်တော့ဘဲ စားသုံး လိုက်မိသောကြောင့် ကိုယ်ခန္ဓာ အလေးချိန် ပိုမိုတက်လာ သည်ကို တွေ့ရှိရမည် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါမူ သကြားဓာတ်သည် ကိုယ်ခန္ဓာကို အင်အားဖြစ်စေသည့် အစားအစာအုပ်စုထဲတွင် ပါဝင်သဖြင့် အကျိုးရှိသော အစားအစာတစ်မျိုးပင်။ သို့ရာတွင် ''တန်ဆေး၊ လွန်ဘေး'' ဆိုသကဲ့သို့ လွန်ကဲစွာ စားသုံးမိပါက ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါကြောင်း သတိပြု ဆင်ခြင်နိုင်ကြ စေရန် ရှာဖွေရေးသား ဖော်ပြလိုက်ရ ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger