www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 18, 2016

ဆက်ဆံရေးများ တစိုက်မတ်မတ် အရှိန်မြှင့်လာသည့် ဂျပန်နှင့် အိန္ဒိယ



( ရှိန်းထက် )

ဒုတိယကမ္ဘာစစ်မှ ရန်သူတော်ကြီးများ ခေတ်သစ် ပေါင်းစည်းခန်း ဟု ခေါင်းစဉ် တပ်နိုင်သည့် ဂျပန်နှင့်အိန္ဒိယ တို့၏ ချစ်ကြည်ရေး ခရီးလမ်းကြောင်း ခင်းမှုများသည် ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင် တစိုက်မတ်မတ်
အရှိန်မြင့်တက် လာခဲ့သည်။

ယခု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် သူ၏ ဒုတိယမြောက် ချစ်ကြည်ရေးခရီးစဉ် အဖြစ် ဂျပန်နိုင်ငံသို့ သုံးရက်ကြာ ရောက်ရှိနေပြီး သမိုင်းတွင်မည့် နျူကလီယား စွမ်းအင် ဆိုင်ရာ သဘောတူညီမှု ကိုလည်း ရရှိခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့်မိုဒီ တို့ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ထိုအခြေအနေသို့ ရောက်ရှိရန် ဂျပန်နှင့် အိန္ဒိယတို့သည် ခြောက်နှစ်ကြာ ဆွေးနွေးပွဲများနှင့် ရင်းနှီးခဲ့ရသည်။ ယခုတော့ လိုရာပန်းတိုင်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ယခင်က အိန္ဒိယ၌ ရင်းနှီးမြှုပ်နှံမှုများ ကို လွှမ်းမိုးထားနိုင်သူမှာ တရုတ်ဖြစ်သည်။ တရုတ်သည် အခြေခံ အဆောက်အအုံပိုင်း မှစ၍ နည်းပညာပိုင်း ဆိုင်ရာ ယှဉ်ပြိုင်မှုများ ကို အနောက်နိုင်ငံ များနှင့် ရင်ပေါင်တန်းကာ လိုက်လာနိုင် ခဲ့သည်။ သို့သော်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်ရေး နည်းပညာများတွင် ဂျပန်နှင့် အမေရိကန်တို့ကို တရုတ်တို့ လိုက်မမီနိုင် လောက်အောင် ရှိနေသေးသည်။

ဂျပန်သည် နျူကလီးယားစွမ်းအင် ကဏ္ဍတွင် အဓိကသော့ချက် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပြီး တရုတ်တို့က ယခုမှ စတင်နေရဆဲ ဖြစ်သည်။ ပြည်တွင်း နျူကလီးယား ဓာတ်ပေါင်းဖိုကိုပင် တရုတ်တို့ နိုင်ငံတကာ အဆင့်မီ နည်းပညာများဖြင့် တည်ဆောက် နိုင်ခြင်းမရှိသေးဘဲ နည်းပညာ စိန်ခေါ်မှုများနှင့် တွေ့ကြုံနေရသည်။ သို့သော်လည်း တရုတ်တို့ ပစ်မှတ်က နျူကလီးယား စွမ်းအင် ကဏ္ဍတွင် နိုင်ငံတကာ ဈေးကွက်၌ ဂျပန် နှင့် အမေရိကန်တို့ ကဲ့သို့ အရေးပါဆုံး နိုင်ငံ တစ်နိုင်ငံအနေဖြင့် ရပ်တည်လိုခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်ထိ နျူကလီးယား ဓာတ်ပေါင်းဖို နည်းပညာများကို တစိုက်မတ်မတ် အရှိန်မြှင့်တင် လေ့လာနေပြီး သူ၏ စမ်းသပ်ခံနိုင်ငံ များမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယသည် တရုတ် တို့ပစ်မှတ်များ အနက် ထိပ်ဆုံးက ပါဝင်လျက် ရှိသည်။ အိန္ဒိယ၏ စွမ်းအင်ကဏ္ဍ လိုအပ်မှု မြင့်တက်လာသည့် အချိန်နှင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို လူတိုင်းက အလေးပေးလာ သည့် အချိန်တွင် နျူကလီးယား စွမ်းအင် ကဏ္ဍသည် ကာဗွန်ထုတ်လုပ်မှု နည်းပါးသော ကြောင့် အိန္ဒိယ၌ မဖြစ်မနေ အရေးပါလာ မည်ကို တရုတ်တို့သိသည်။

သို့သော်လည်း ယခုတော့ အိန္ဒိယတို့၏ စွမ်းအင်ကဏ္ဍ ရွေးချယ်မှုများက အမေရိကန် နှင့် ဂျပန်တို့ဆီသို့ ဦးတည်ပြောင်းလဲ သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တရုတ်အတွက် သူ၏ အကြီးမားဆုံး ဈေးကွက်ကြီး တစ်ခုကို လက်လွှတ်ခဲ့ ရသည်။ အာရှ-ပစိဖိတ် ၌ တရုတ်တို့၏ စီးပွားရေးသြဇာ နှင့် စစ်ရေးသြဇာ လွှမ်းမိုးမှုကြီးထွား လာသည့် အချိန်တွင် အိန္ဒိယကို တရုတ်တို့က ထည့်သွင်းစဉ်းစား စရာမလိုသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် အစောပိုင်းက သတ်မှတ် ခဲ့သည်။

ယခုအချိန်တွင် စဉ်းစား၍ မရလောက်အောင် အာရှ၌ အိန္ဒိယ၏ အခန်းကဏ္ဍသည် မြင့်မား လာခဲ့သည်။ တရုတ်တို့က အိန္ဒိယ ဈေးကွက်ကို ယခင်ကထက် ပိုပြီး လွှမ်းမိုးမှု ရရှိစေရန် ကြိုးစားသည်။ ကုန်သွယ်မှု တန်ဖိုးများကို ပိုမိုတိုးတက် စေရန် ကြိုးစားနေခြင်း ဖြစ်သည်။ အိန္ဒိယနှင့် ကုန်သွယ်မှု ပမာဏအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည် လိုသည်။ သို့သော်လည်း အိန္ဒိယက တရုတ်၏လွှမ်းမိုးမှု သြဇာကို လျှော့ချလိုသည်။ ပြည်တွင်း၌ သာမက အာရှ၌ပါ တရုတ်လွှမ်းမိုးမှု သြဇာကို လျှော့ချလိုသည်။

ထို့ကြောင့် တရုတ်နှင့် ယှဉ်ပြိုင်နိုင်မည့် ကုန်သွယ်ဖက်နိုင်ငံ များကို အိန္ဒိယတို့ ရှာဖွေခဲ့သည်။ ယခု တရုတ်ကို အစားထိုးမည့် နိုင်ငံသည် ဂျပန်ဖြစ်သည်။ ဂျပန်နှင့် ကုန်သွယ်မှု တန်ဖိုးသည် ၂ဝ၁၃ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံအထိ ရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး ၅ဝ ဘီလီယံအထိ ရောက်ရှိရန် ရည်ရွယ်ထားသည်။

ဂျပန်နှင့်အိန္ဒိယ တို့၏ ချစ်ကြည်ရေး လမ်းကြောင်းသည် စီးပွားရေးတွင် သာမက စစ်ရေးတွင်ပါ အခန်းကဏ္ဍ တစ်ခုအဖြစ် ရပ်တည် နိုင်ပြီဖြစ်သည်။ လေကြောင်းနှင့် ရေကြောင်းပူးတွဲ တည်ဆောက်ရေး နည်းပညာ မျှဝေရေး ဆွေးနွေးပွဲ များကို နှစ်နိုင်ငံကြား ပြုလုပ်နေပြီး အိန္ဒိယဘက် ကသာ ခွင့်ပြုပေးပါက ဂျပန်တို့ဘက်က အိန္ဒိယနှင့် ပူးပေါင်းရန် အသင့်ရှိနေသည်။

အိန္ဒိယနှင့်ရုရှားတို့ ပူးတွဲဆောင်ရွက် နေသည့် ဒုံးပျံဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ တခြား အာကာသနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးများ ကဲ့သို့ ဂျပန်နှင့်အိန္ဒိယ တို့က ဆောင်ရွက်လိုခြင်း ဖြစ်သည်။ စစ်ရေးတွင် မိုဒီက အသုံးစရိတ်ကို အမေရိကန် ဒေါ်လာ ၅ဝ ဘီလီယံ အသုံးပြုရန် ရည်ရွယ်ထားပြီး အိန္ဒိယပြည်တွင်း နိုင်ငံရေးသမား အများစုကတော့ ထို အသုံးစရိတ်ကို နောက်ထပ်မြှင့်တင် လိုသည်။

ပြည်ပလွှမ်းမိုးရေး မူဝါဒနှင့် တရုတ်သြဇာ ကို တန်ပြန်နိုင်ရန် အဓိကရည်ရွယ် နေသည့် အိန္ဒိယသည် လာမည့်နှစ် အနည်းငယ် အတွင်း စစ်အသုံးစရိတ်ကို ၇ဝ ဘီလီယံကျော် ၈ဝ ဘီလီယံနီးပါး အသုံးပြု လာနိုင်မည် ဖြစ်သည်။ ထိုမူဝါဒများကို အကောင်အထည်ဖော် နေသော်လည်း ယခုအချိန်ထိ အာရှ-ပစိဖိတ် ၌ တရုတ်သြဇာကို အိန္ဒိယတို့ ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် အဖြစ်နိုင်ဆုံး ပူးတွဲဆောင်ရွက် မှုများကို အာရှ-ပစိဖိတ် နိုင်ငံများ ဆောင်ရွက် ရသည်။ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျ သည် ခေတ်သစ်တရုတ် လွှမ်းမိုးမှုကို တန်ပြန်ရန် အတက်ကြွဆုံး ဆန္ဒရှိနေကြ သူများဖြစ်သည်။ ထို သုံးနိုင်ငံထဲမှ သြစတြေးလျ နှင့် အိန္ဒိယ သည် တရုတ်နှင့် ကုန်သွယ်မှု အများဆုံးရှိသူ များဖြစ်သည်။ သို့သော်လည်း နောက်ပိုင်း တွင် တရုတ်တို့၏ စီးပွားရေး လုပ်ငန်းကြီးများ နှင့် စီမံကိန်းကြီး များသည် ထိုနိုင်ငံများ၌ ဝင်ရောက် လုပ်ကိုင်ရန် အခွင့်အရေး အနည်းဆုံး ဖြစ်လာရ တော့သည်။

စစ်ရေးတွင်လည်း ပုံမှန်စစ်ရေး လေ့ကျင့်မှုများ အစား ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ ဖြင့် အစားထိုး ဆောင်ရွက် လာကြပြီး မာလာဘာစစ် ကဲ့သို့ စစ်ရေး လေ့ကျင့်ခန်း တွင် ဂျပန်၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယတို့ အတူပူးတွဲ ဆောင်ရွက်လာလျက် ရှိသည်။ တရုတ်တို့ တောင်တရုတ် ပင်လယ်ပြင် နှင့် အရှေ့တရုတ် ပင်လယ်ပြင်၌ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ် သကဲ့သို့ အိန္ဒိယသမုဒ္ဒရာ သည်လည်း အိန္ဒိယတို့ မကြာခဏ စစ်ရေး လေ့ကျင့်ရာ နေရာတစ်ခု ဖြစ်လာသည်။

အိန္ဒိယသည် နောက်ပိုင်းတွင် တရုတ်ကို ယှဉ်ပြိုင်နိုင်ရန် နည်းလမ်းပေါင်းစုံ ရှာနေရသည်။ နယ်စပ်ပြဿနာ များတွင် တရုတ်တို့၏ မကြာခဏ ကျူးကျော်ရန်စ မှုများကို ခံနေရပြီး အိန္ဒိယစစ်တပ် နှင့် တရုတ်စစ်တပ် တို့ မကြာခဏ ထိပ်တိုက်တွေ့ဆုံ ပွဲများသည် ထိုနယ်စပ် ပြဿနာများမှ စတင်ခဲ့ကြသည်။ ၂ဝ၁၄ ခုနှစ်က နယ်စပ် တစ်လျှောက် လက်နက်ကြီးများ အပြိုင်ရွှေ့ကြရင်း စစ်ဖြစ်မည့် အရိပ်အယောင် များပင် ပြသခဲ့ ကြသည်။

ထို့ကြောင့် အိန္ဒိယသည် တရုတ် စစ်တပ်ကို တုံ့ပြန်ရန် ၄င်း၏ စစ်တပ်ကို အတောင့်တင်းဆုံး ဖြစ်စေရန် ပြင်ဆင်နေသည်။ ရုရှား နှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုသည် အိန္ဒိယစစ်တပ် အတွက် အကောင်းဆုံး
အထောက်အကူ တစ်ခုဖြစ်ခဲ့ပြီး ယခုဂျပန်နှင့် စီးပွားရေး သာမက စစ်ရေးပူးပေါင်း ဆောင်ရွက်မှု ကိုလည်း အိန္ဒိယသည် ရုရှားကဲ့သို့ သူ့စစ်တပ်ကို အထောက်အကူ များစွာဖြစ်စေ ရန် ရည်ရွယ် နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page