www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 30, 2016

ဖိလစ်ပိုင်၏ ငြိမ်းချမ်းရေးကို ဒူတာတေ ဆောင်ကြဉ်းနိုင်ပါ့မလား



( ရှိန်းထက် )

ဖိလစ်ပိုင်သမ္မတ အဖြစ် ဒူတာတေ တက်လာပြီး နောက်ပိုင်းမှ မူးယစ်ဆေး စစ်ပွဲများ ဆင်နွှဲနေသည့် ယခုအချိန်ထိ မေးစရာ မေးခွန်းတစ်ခု ကျန်ရှိ နေသေးသည်။ ထိုမေးခွန်းက စစ်သွေးကြွ များနှင့် ငြိမ်းချမ်းရေး ရယူရေးကိစ္စ ဖြစ်နိုင်ပါ့မလား ဟူ၍ ဖြစ်သည်။ ဖိလစ်ပိုင် တောင်ပိုင်းဒေသ ၌ အကြမ်းဖက်လမ်းစဉ် များကို ကိုင်စွဲကာ အကြမ်းဖက် နေသည့် အဖွဲ့ငယ်ပေါင်း ဆယ်နှင့်ချီ ၍ ရှိသည်။

ယခင်က မော်ရိုတပ်ဦး MILF သည် ဖိလစ်ပိုင်၌ အကြီးမားဆုံး စစ်သွေးကြွ အဖွဲ့ဖြစ်သည်။ ယခုတော့ ထိုစစ်သွေးကြွ အဖွဲ့၏ အကြမ်းဖက်မှု များကို စိုးရိမ်စရာ မလိုတော့ပေ။ ၂ဝ၁၄ ခုနှစ်က ထိုအဖွဲ့နှင့် ငြိမ်းချမ်းရေး သဘော တူညီချက် ရယူထား နိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ကျန်နေသေးသည့် ငြိမ်းချမ်းရေး မရသေးသော စစ်သွေးကြွ များနှင့် ဖိလစ်ပိုင်စစ်တပ် တို့ တောင်ပိုင်း၌ အချိန်နှင့်အမျှ တိုက်ခိုက် နေရတုန်း ဖြစ်သည်။

ထိုစစ်သွေးကြွ အုပ်စုများထဲမှ အကြီးမားဆုံး စစ်သွေးကြွ အုပ်စုသည် အဘူဆေယက်စ် စစ်သွေးကြွ အဖွဲ့ဖြစ်သည်။ အင်အား ထောင်ချီရှိပြီး ဖိလစ်ပိုင် တောင်ပိုင်းရှိ အကြမ်းဖက် လုပ်ငန်း မှန်သမျှကို လက်ဝါးကြီးအုပ် ထားသော အဖွဲ့လည်း ဖြစ်သည်။ ဖိလစ်ပိုင် သမိုင်းတွင် လူရာနှင့်ချီ သေဆုံးသော အဆိုးရွားဆုံး အကြမ်းဖက်မှု ကြီးကို ၂ဝ၁၄ ခုနှစ်တွင် ဖန်တီးခဲ့ပြီး သူတို့၏ လမ်းစဉ်သည် အကြမ်းဖက် သီးသန့်လမ်းစဉ် ဖြစ်သည်။

ဖိလစ်ပိုင်၌ ညှိနှိုင်းယူ၍ မရဆုံးနှင့် ခေါင်းအမာဆုံး အကြမ်းဖက် အဖွဲ့လည်းဖြစ်သည်။ ပြန်ပေးဆွဲရာမှ ဒေါ်လာ သန်းနှင့်ချီ၍ ရရှိသော ငွေသည် ထိုအဖွဲ့အတွက် အထောက်အပံ့ တစ်ခုဖြစ်သည်။ ယခုအချိန်ထိ ထိုအဖွဲ့ကြောင့် သေဆုံးရသည့် ပြည်သူ အရေအတွက် သည် ရာထောင်ချီ ရှိသွားပြီ ဖြစ်သည်။ စက်တင်ဘာ လတုန်းကပင် အဘူဆေယက်စ် အဖွဲ့၏ ဗုံးခွဲမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာလ ထဲတွင် ပြန်ပေးဆွဲမှု သုံးမှုရှိကာ ကမ္ဘာလှည့် ခရီးသွားတစ်ဦး ကို ပစ်သတ်ခဲ့ ကြသည်။

ထို့ကြောင့် သမ္မတ ဒူတာတေ လက်ထက် အဘူဆေယက်စ် တို့ကို ထိုးစစ်ဆင်မှုများ ပြုလုပ် လာသည်။ သို့သော် ဒူတာတေ က သူလိုချင်သည့် အရာသည် ငြိမ်းချမ်းရေး ဖြစ်သည် ဟု ပြောသည်။ ယခုအချိန် ထိတော့ ဒူတာတေ နှင့် အဘူ ဆေယက်စ် အဖွဲ့တို့ကြား ဆွေးနွေးမှုများ မရှိသေးပေ။ ဒူတာတေ က မဲဆွယ်ပွဲတွင် မူးယစ်ဆေးဝါး ပြဿနာကို အပြင်းထန်ဆုံး ကိုင်တွယ်မည် ဟု ဆိုသည့်အပြင် နောက်ထပ် စကားတစ်ခွန်းမှာ စစ်သွေးကြွ များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မည် ဟူသည့် စကားပင် ဖြစ်သည်။

ယခုအခါ ဒူတာတေ အမေးခံရဆုံး မေးခွန်းတစ်ခုမှာ ဖိလစ်ပိုင် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို စစ်သွေးကြွ များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်တန့်ပြီး မည်သည့်အချိန်မှ အပြည့်အဝ အကာအကွယ် ပေးနိုင်မလဲ ဟူသည့် မေးခွန်း ဖြစ်သည်။ ဒူတာတေ ၏ ဘေးကျပ်နံကျပ် ဖြေရသည့် အခက်ခဲဆုံး မေးခွန်းဖြစ်သည်။ ဒူတာတေ က အဘူဆေယက်စ် စစ်သွေးကြွ များသည် ကိုယ်ပိုင်ကိုင်စွဲ ထားသည့် အခြေခံ သဘောတရား မရှိ၊ အကြမ်းဖက် တိုက်ခိုက်ဖို့ လောက်ကိုသာ အာရုံထား နေသည်၊ ညှိနှိုင်းဖို့ကိုလည်း အလေးမထားဟု ဝေဖန် ထားသောကြောင့် ဒူတာတေ နှင့် အဘူဆေယက်စ် တို့ကြား ငြိမ်းချမ်းရေး သည် ကမ်းမမြင် လမ်းမမြင် ငြိမ်းချမ်းရေး ဖြစ်နေသည်။ 

ပြီးခဲ့သည့် သုံးရက်ကပင် ရဟတ်ယာဉ် များနှင့် ဖိလစ်ပိုင်စစ်တပ် က အဘူဆေယက်စ် တို့ကို ထိုးစစ်ဆင် ခဲ့သည်။ သို့သော်လည်း အောင်မြင်သည့် ထိုးစစ် ဆင်မှုတစ်ခု မဖြစ်ခဲ့ပေ။ ဖိလစ်ပိုင်မြေ၌ အဘူဆေယက်စ် တို့ခြေချခဲ့ သည်မှာ ဆယ်စုနှစ်လေးခု ခန့်ရှိနေပြီဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကမ်းလှမ်းသည် မှာ ပြီးခဲ့သည့် နှစ် ၂ဝ ခန့်ကပင် ဖြစ်သည်။ သို့သော် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။

အဘူဆေယက်စ် နှင့် ပြိုင်ဘက် အဖွဲ့အစည်း မော်ရိုတပ်ဦး MILF ကတော့ ၁၉ နှစ်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြုလုပ်ပြီးနောက် ယခုငြိမ်းချမ်းရေး ရရှိသွားပြီ ဖြစ်သည်။ အဘူဆေယက်စ် တို့ကတော့ ယခုအချိန်ထိ ငြိမ်းချမ်းရေး နှင့် အလှမ်းဝေး နေသေးပြီး သူတို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဖိလစ်ပိုင်သမ္မတသစ် ဒူတာတေ ၏ တင်းမာလှသည့် မူဝါဒများသည် ပိုဆိုး  လာနိုင်သည်။

ဒူတာတေတွင် ရွေးချယ်ရမည့် လမ်းနှစ်သွယ် ရှိသည်။ ပြန်ပေးဆွဲမှုများ၊ ဗုံးခွဲမှုများ၊ သေနတ်နှင့် ပစ်သတ်မှု များကို ဆက်လက် သည်းခံပြီး သူပြောခဲ့သည့် စကားအတိုင်း ငြိမ်းချမ်းရေးကို အရယူမည်လား သို့မဟုတ် ထို အကြမ်းဖက် အဖွဲ့အစည်းကို အပြုတ်တိုက်မည် လားဟူသည့် ရွေးချယ်မှု နှစ်ခုဖြစ်သည်။

ယခုတော့ ဒူတာတေ က အဘူဆေယက်စ် စစ်သွေးကြွ အဖွဲ့တို့ကို စတင်တိုက်ခိုက် နေပြီဖြစ်သည်။ မူးယစ်ဆေး ပြဿနာကြောင့် လူပေါင်း ၄၇ဝဝ ခန့်ကို ပစ်သတ်ခဲ့ပြီး အကြမ်းတမ်းဆုံး ကိုင်တွယ်နေသည့် ဒူတာတေ သည် ထို အကြမ်းဖက် အဖွဲ့အစည်း အပေါ် ပျော့ပျောင်းသည့် နည်းလမ်းများဖြင့် အချိုသာဆုံး ချဉ်းကပ် နိုင်ပါ့မလား ဟူသည့် သံသယတို့ ကလည်း လူတိုင်းမေးချင်သည့် မေးခွန်းတစ်ခု ဖြစ်လာပြန်သည်။

ဒူတာတေ သည် ပြည်တွင်း ဝေဖန်မှုကို မဆိုထားနှင့် နိုင်ငံတကာ၏ ဝေဖန်မှု၊ ကုလသမဂ္ဂ၏ ဝေဖန်မှုတို့ကိုပင် ကျောခိုင်းပြီး သူလုပ်ချင်တာကို ဖြစ်အောင် လုပ်တတ်သည့် သူဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမား က သူ့ကို ဝေဖန်သောကြောင့် အမေရိကန် နှင့် ဆက်ဆံရေး ကိုပင် ဖြတ်တောက်ရန် အထိ ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ ယခုထို အကြမ်းဖက် အဖွဲ့အစည်းကို တိုက်မည်ဆို လျှင်လည်း မည်သူက တားတားရမည် မဟုတ်ပေ။

ထိုးစစ်များကို အလုံးအရင်း နှင့် စစ်ဆင်ရေး မပြုလုပ်သေး သည်မှာလည်း ရွေးကောက်ပွဲ တုန်းက ပြောသည့်စကား များကို ဒူတာတေ အချိန်  အတိုင်းအတာ တစ်ခုအထိ တည်နိုင် မလား ဟူသည့် သဘောဖြင့် စောင့်ကြည့်နေ ခြင်းလည်း ဖြစ်နိုင်သည်။ မေလ ရွေးကောက်ပွဲမှ စလျှင် ဒူတာတေ ဖိလစ်ပိုင်သမ္မတ အဖြစ် ထမ်းဆောင်ချိန်သည် နှစ်ဝက်ခန့်သာ ရှိသေးသည်။ ထိုအချိန်တိုလေး အတောအတွင်းနှင့် တော့ ငြိမ်းချမ်းရေးကို မစွမ်းဆောင် နိုင်ခြင်းသည် မေးခွန်းထုတ် စရာ မဟုတ်ပေ။ မော်ရိုတပ်ဦး MILF တို့နှင့်ပင် ငြိမ်းချမ်းရေး အတွက် အချိန် ၁၉ နှစ်ကြာသော ကြောင့် ဖြစ်သည်။

ထိုကြားထဲ ထည့်သွင်း စဉ်းစားရမည်မှာ အဘူဆေယက်စ် တို့၏ အကြမ်းဖက်မှု များကို ဘယ်လောက် အတိုင်းအတာ အထိ သူသည်းခံနိုင်မလဲ ဟူသည့် အချက်တစ်ချက် ဖြစ်သည်။ အဘူဆေယက်စ် တို့က ပြည်သူများ ရာနှင့် ချီ သေဆုံးသည့် အကြမ်းဖက်မှု များကို ပိုတိုးပြီး လုပ်ဆောင်လာလျှင်၊ သူ့ကိုပြည်တွင်း သတင်းထောက် တိုင်းက မေးသည့် အဘူဆေယက်စ် တို့ အကြမ်းဖက်မှုကို ဘယ်တော့ ရပ်တန့်မလဲ ဟူသည့် မေးခွန်းကြောင့် ဒူတာတေ သည်းခံ နိုင်လိမ့်မည် မဟုတ်ပေ။ ထို အခါ ဖိလစ်ပိုင် တပ်မတော် သည် အဘူဆေယက်စ် တို့ကို သမ္မတ ဒူတာတေ ၏ တိုက်ရိုက် အမိန့်ဖြင့် ထိုးစစ်ဆင် ရတော့မည်။ ထိုးစစ်ဆင် လျှင်လည်း အမြစ်ပြတ်သည် အထိ အဆုံးစွန်ထိ တိုက်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ငြိမ်းချမ်းရေး လည်းမရ၊ စစ်တိုက်ရသည့် အတွက် အသေအပျောက် အပျက်အစီး အဆုံးအရှုံး လည်း များသည့် အပြင် ပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှု များက ပိုမို လာနိုင်သော ကြောင့် အခြေအနေ သည် ပိုဆိုးသွား နိုင်သည်။

ထို့ကြောင့် ဒူတာတေ အတွက် အဘူဆေယက်စ် နှင့် ငြိမ်းချမ်းရေး ကိစ္စသည် ဆုံးဖြတ်ရ ခက်သည့် ပြဿနာတစ်ခု ဖြစ်နေပြီး သူပြောထားသည့် အတိုင်း ငြိမ်းချမ်းရေးကို ရယူလာ နိုင်မည်လား သို့မဟုတ် စစ်ရေးအရ အမြစ်ပြတ် တိုက်ပြီး အဖြေရှာ မည်လား ဆိုသည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger