www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 25, 2016

ပဉ္စမအကြိမ်မြောက် အာဆီယံအမွေအနှစ် ဥယျာဉ်များ ညီလာခံကျင်းပ


ပဉ္စမအကြိမ်မြောက် အာဆီယံအမွေအနှစ် ဥယျာဉ်များ ညီလာခံဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်

နေပြည်တော် ၊ ၂၅-၁၀-၂၀၁၆

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် ပဉ္စမ အကြိမ်မြောက် အာဆီယံ အမွေအနှစ် ဥယျာဉ်များ ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်တွင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းဝန်ရုံး နှင့် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ ပူးပေါင်း အဖွဲ့အစည်းများ၊ ရန်ပုံငွေ ထောက်ပံ့ ပေးသည့် အေဂျင်စီများမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြား ထားသော ဧည့်သည်များ တက်ရောက် ကြသည်။

အာဆီယံ အမွေအနှစ် ဥယျာဉ်များ ညီလာခံ ကျင်းပရခြင်းမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များရှိ သဘာဝ အမွေအနှစ် များကို ထိန်းသိမ်းရန်၊ သဘာဝ အမွေအနှစ်များ တည်ရှိ နေခြင်းကို ဝမ်းမြောက် ဂုဏ်ယူတတ် စေရန်၊ ပြည်သူများ အကြား ထိန်းသိမ်းရေး အသိအမြင်များ တိုးပွား လာစေရန်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များအချင်းချင်း ပူးပေါင်း ဆောင်ရွက်ပြီး သဘာဝ အမွေအနှစ် များကို ထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက် များဖြင့် တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာတွင် အာဆီယံ ဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများမှ အတွေ့အကြုံများ၊ အောင်မြင်မှုများ၊ သင်ခန်းစာ များအား ဖလှယ်ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အာဆီယံ ဒေသအတွင်း အာဆီယံ အမွေအနှစ် ဥယျာဉ် ၃၈ ခုရှိသည့်အနက် ခုနစ်ခုမှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ဒုတိယမြောက် အများဆုံး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂ဝဝ၅ ခုနှစ်မှ စတင်၍ ACB( ASEAN Centre for Biodiversity) နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာနှင့် ရန်ပုံငွေ ထောက်ပံ့ခြင်းများ လက်ခံ ဆောင်ရွက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း ပြောကြားသည်။

အာဆီယံ အမွေအနှစ် ဥယျာဉ်များ ညီလာခံကို သုံးနှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပခဲ့ရာ ပထမအကြိမ်ကို ၂ဝဝ၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဒုတိယ အကြိမ်ကို ၂ဝဝ၇ ခုနှစ်တွင် မလေးရှား နိုင်ငံ၊ တတိယ အကြိမ်ကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဘရူးနိုင်း ဒါရုဆလမ် နိုင်ငံ၊ စတုတ္ထ အကြိမ်ကို ၂ဝ၁၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ယခု ပဉ္စမအကြိမ်ကို မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သိန်းဝင်း

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger