www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 18, 2016

အကြမ်းဖက်ဗိုင်းရပ်စ်


အကြမ်းဖက်ဗိုင်းရပ်စ်

ကိုကိုလှိုင်

ဦးကိုကိုလှိုင်
အရှေ့တောင်အာရှ ဒေသ၌လည်း အင်ဒိုနီးရှားဗဟိုပြု ဂျမာအစ္စလာဖီယာ အဖွဲ့ ၊ ဖိလစ်ပိုင် တောင်ပိုင်းမှာ အဘူဆေယက်ဖ် ၊ MILF နှင့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ PULO ၊ BRN-C ၊ RKK ၊ GMIP စသော အဖွဲ့များစွာ ရှိနေပြီး ယခုနောက်ပိုင်း အဘူဆေယက်ဖ် ကို အမာခံထားကာ ISIS တို့၏ အရှေ့တောင်အာရှ ဒေသခွဲအဖွဲ့ကို ထူထောင်ဖွဲ့စည်း လာကြောင်း သိရ၏။

အကြမ်းဖက်ဝါဒ သည် ကင်ဆာရောဂါ နှင့်တူကြောင်း နိုင်ငံတကာ သာဓကများကို ဥပမာပြ၍ ''အကြမ်းဖက် ကင်ဆာ'' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ကျွန်တော် ရေးသားခဲ့ ဖူးသည်။ လတ်တလော ရခိုင်ပြည်နယ် အနောက်စွန်း၌ ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှု များကို ကြားသိ တွေ့မြင် ရသောအခါ အကြမ်းဖက်မူ ဝါဒနှင့် လုပ်ရပ်များသည် ကမ္ဘာ၌ ပျံ့နှံ့ကူးစက် ဖြစ်ပွားလျက် ရှိသည့် ဗိုင်းရပ်စ် ရောဂါပိုးမှ အကြောင်းခံသော ရောဂါများနှင့် ဆင်တူ လှသဖြင့် ''အကြမ်းဖက် ဗိုင်းရပ်စ်'' ဟူသော ခေါင်းစဉ်ဖြင့် ဤဆောင်းပါး ကို ရေးသား ဖြစ်ပြန်သည်။

ကမ္ဘာပေါ်၌ အကြမ်းဖက် လုပ်ရပ်များသည် သမိုင်းကြောင်း တစ်လျှောက် ကာလ ကြာရှည်စွာ ကပင် နောက်ခံ အကြောင်း အမျိုးမျိုး၊ အခြေအနေ အမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ဖူး ကြသည်။ ပဒေသရာဇ် သက်ဦးဆံပိုင် စနစ်ကို ဆန့်ကျင်ရေး ဟူသော အကြောင်း ပြချက်ဖြင့် အစွန်းရောက် မင်းမဲ့ ဝါဒီများက အကြောက်တရား လွှမ်းမိုးစေရန် အကြမ်းဖက် လုပ်ရပ်များကို ဖန်တီးခဲ့ကြ သည်။ နောက်ပိုင်းတွင် အရင်းရှင် လူ့အဖွဲ့ အစည်း ကို မကျေနပ်သည့် လက်ဝဲ အစွန်းရောက် များက ဥရောပမှ သည် ဂျပန်အထိ တပ်နီများဖွဲ့၍ ဗုံးခွဲခြင်း၊ လေယာဉ်များ အပေါ် ဗုံးထည့်၍ ဖောက်ခွဲ လုပ်ကြံခြင်းများ အထိ လုပ်ဆောင်ခဲ့ ဖူးသည်။ အစ္စရေး တို့၏ သိမ်းပိုက်မှုကို မကျေနပ်သော ပါလက်စတိုင်း များ၊ ဗြိတိသျှတို့၏ သိမ်းပိုက်မှုကို မကျေနပ် သော အိုင်းရစ်ဒ် များ စသည်ဖြင့် အမျိုးသားရေး အခြေအနေ အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှု များလည်း ရှိခဲ့ကြဖူးသည်။

ယခုနောက်ဆုံး ခေတ်စားနေသော အကြမ်းဖက်မှု များမှာမူ အားလုံး သိကြသည့် အတိုင်း ကမ္ဘာတစ်ဝန်း တွင် ခါလီဖိတ် ခေါ် အစ္စလာမ်မစ် အင်ပါယာ ထူထောင်ရန် ရည်ရွယ်ချက် ဖြင့် လှုံ့ဆော် စည်းရုံး၍ အကြမ်းဖက်မှု များကို လုပ်ဆောင် နေကြသော ဘာသာရေး အစွန်းရောက် များဖြစ်၏။ ၄င်းတို့ကိုယ် ၄င်းတို့ ISIS ဟုပဲခေါ်ခေါ်၊ အယ်လ်ကိုင်ဒါ ဟုပဲခေါ်ခေါ်၊ အယ်လ်နျူဆရာ ဟုပဲခေါ်ခေါ်၊ ဘိုကိုဟာရမ် ဟုပဲခေါ်ခေါ်၊ လက်ရှ်ကာအီ တိုင်ဘာ၊ ဟစ်ဇဘူလ် မူဂျာဟစ်ဒင်၊ ဂျမားအစ္စ လာဗီ၊ အဘူဆေယက်ဖ်၊ အမ်အိုင်အယ်လ် အက်ဖ်၊ ဟူဂျီ၊ အာရ်အက်စ်အို၊ ပူလို၊ ဘီအာရ်အင်စီ ခေါ်ချင်ရာခေါ် ဒေသအလိုက် နာမည်ကွဲမည်၊ ဦးဆောင်သူ ကွဲမည်၊ သူတို့၏ ရည်ရွယ်ချက် ကတော့ တစ်ခုတည်းသာ ဖြစ်လေသည်။ ဗိုင်းရပ်စ် ဆိုသည်မှာလည်း ဤအတိုင်း သာပင် အိပ်ခ်ျအိုင်ဗွီ၊ ဇီကာ၊ ကြက်ငှက် တုပ်ကွေး၊ ဝက်တုပ်ကွေး၊ ခွေးရူးပြန် ရောဂါ၊ ဆားစ်၊ မားစ်မှသည် သာမန် လူတုပ်ကွေး များအထိ လူတွေကို ဒုက္ခပေး ရာတွင် အတူတူ၊ ကုသဆေး မရှိရာ၌လည်း အတူတူပင် ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်ဝါဒ နှင့် ဗိုင်းရပ်စ်ပိုး တို့၏ တူညီပုံ များကို နှိုင်းယှဉ် လေ့လာကြည့် သောအခါ အဓိက အချက်ကြီး သုံးချက်ကို တွေ့ရှိရပါ၏။

ပထမအချက်မှာ ကူးစက်ပျံ့နှံ့မှု လွယ်ကူ၍ သက်ရောက်မှု ပြင်းထန်ကာ အမြစ်ပြတ် ကုသရန် ခက်ခဲခြင်း ဖြစ်၏။ ဗိုင်းရပ်စ်သည် ခြင်ကိုက်ရာမှ လည်းကောင်း၊ သွေး၊ တံတွေး၊ သွားရည်၊ ချွေး စသည်တို့ ထိမိရာမှ လည်းကောင်း၊ ချောင်းဆိုး၊ နှာချေရာ၌ လေမှတစ်ဆင့် လည်းကောင်း လွယ်ကူစွာ ကူးစက်နိုင်ပြီး အချိန်တိုအတွင်း ကမ္ဘာ့နေရာ အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားတတ်သည်။ မနေ့တစ်နေ့ က လက်တင် အမေရိက၌ တွေ့ရှိရသည့် ဇီကာဗိုင်းရပ်စ် သည် ယခု စင်ကာပူနှင့် ထိုင်းသို့ ရောက်ရှိလာအောင် ဂလိုဘယ်လ် လိုက်ဇေးရှင်း က အစွမ်းထက် လှသည်။ အကြမ်းဖက် ဝါဒ သည်လည်း ယင်း ဂလိုဘယ်လ် လိုက်ဇေးရှင်း အရှိန်အဟုန် ကိုပင်စီးကာ ကမ္ဘာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိ သွားခဲ့သည်။

ယနေ့ခေတ်ပေါ် ဘာသာရေး အကြမ်းဖက်ဝါဒ ကြီးထွားပျံ့နှံ့ လာမှု၏ အရင်းအမြစ်ကို ပြန်၍ လေ့လာလျှင် အရှေ့ အလယ်ပိုင်းမှ ဆော်ဒီအာရေဗျ နှင့် စူပါပါဝါ အမေရိကန် တို့၏ ပယောဂ ခပ်များများ ပါဝင်နေသည်ကို တွေ့ရ၏။ ဆော်ဒီအာရေဗျ မှ စော်ဘွားဘုရင် ဆာအုဒ် အမျိုးအနွယ် များသည် ဘာသာရေး အရ ရှေးရိုးစွဲဝါဟစ်အ် အုပ်စု၏ သြဇာနှင့် ပေါင်းစပ်၍ အုပ်ချုပ်ခဲ့ ကြသည်။ ဝါဟစ်ဘစ်ဇင် ခေါ် ရှေးရိုးစွဲ အစွန်းရောက် ဝါဒက ဂျီဟတ်ခေါ် ဘာသာရေးစစ်ပွဲ ဆင်နွှဲရေးကို အားပေးသည်။ ယင်းဝါဒ ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်နိုင်ငံ များသို့ ဖြန့်ချိရေး အတွက် ဆော်ဒီအစိုးရ က ကမ္ဘာအနှံ့၌ မဒရပ်ဆာ ခေါ် ဘာသာရေး ကျောင်းများသို့ ထောက်ပံ့ အားပေးခဲ့သည်။ 

၁၉၇ဝ ပြည့်လွန် နှောင်းပိုင်း နှစ်များ၌ အာဖဂန်နစ္စတန် ကို ဆိုဗီယက် တို့ ဝင်ရောက်သိမ်းပိုက် သောအခါ ဆော်ဒီအာရေဗျရှိ သန်းကြွယ်သူဌေး အိုစမာ ဘင်လာဒင်က လူစုပေးပြီး အမေရိကန် စီအိုင်အေ က လေ့ကျင့်ပေးကာ အာရပ်မူဂျာ ဟစ်ဒင် များစုစည်း၍ အာဖဂန်နစ္စတန် ၌ ဆိုဗီယက်ရုရှား တို့ကို ဂျီဟတ်ဆင်နွှဲ တိုက်ခိုက်ခဲ့ ကြသည်။ ထိုကာလ၌ပင် ပါကစ္စတန်၌ ရောက်ရှိ နေခဲ့သော ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ စစ်သွေးကြွ တချို့က နောင်တွင် အယ်လ်ကိုင်ဒါ ဖြစ်လာမည့် အာရပ် စစ်သွေးကြွများ၊ နောင်တွင် တာလီဘန် ဖြစ်လာမည့် အာဖဂန် စစ်သွေးကြွ များနှင့် ပူးပေါင်းပါဝင် ခဲ့ကြသည်။

၁၉၇၉ ခုနှစ်တွင် ဆိုဗီယက်တို့ အာဖဂန်နစ္စတန်မှ ဆုတ်ခွာသွားသော အခါ ကျန်ရစ်ခဲ့သော အာဖဂန်အာရပ် များသည် အရှေ့ အလယ်ပိုင်းသို့ ပြန်၍ အိုစမာဘင် လာဒင်၏ လက်အောက်တွင် အယ်လ်ကိုင်ဒါ ဖြစ်လာ ကြသည်။ အယ်လ်ကိုင်ဒါ ဆိုသည်မှာ တပ်စခန်းဟု အဓိပ္ပာယ် ရပြီး အာဖဂန်နစ္စတန် ရှိ ယင်းတို့၏ ခြေကုပ်စခန်း များကို ဆိုလိုသည်။ ထိုအချိန်တွင် အာဖဂန်နစ္စတန် ၌ လစ်ဟာ သွားသော အာဏာ ကွက်လပ်ကို ဖြည့်ရန် ပြည်တွင်းစစ် ဖြစ်ပွားပြီး ပါကစ္စတန်နှင့် ဆော်ဒီ ထောက်ခံ အားပေးသော တာလီဘန် တို့အနိုင် ရရှိကာ အာဏာ ရလာသည်။ တာလီဘန် ဆိုသည်မှာ ကျောင်းသားဟု အဓိပ္ပာယ်ရပြီး ပါကစ္စတန်ရောက် အာဖဂန် စစ်ပြေးလူငယ် များအား ဆော်ဒီက ထောက်ပံ့သည့် မဒရပ် ဆာ ကျောင်းများမှ အစွန်းရောက် ဘာသာရေး နှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ကာ ဖွဲ့စည်း ပေးခဲ့သည့် တပ်ဖွဲ့ဖြစ်၏။ တာလီဘန်နှင့် အယ်လ်ကိုင်ဒါ တို့သည် သွေးသောက် ရဲဘော် များဖြစ်ကြရာ တာလီဘန်တို့ အုပ်ချုပ်သည့် အာဖဂန်နစ္စတန် တွင် အယ်လ်ကိုင်ဒါ နောက်တန်း ဌာနချုပ်နှင့် လေ့ကျင့်ရေး စခန်းဖွင့်ထားနိုင် ခဲ့သည်။ အိုစမာဘင် လာဒင် သည် ပင်လယ်ကွေ့ စစ်ပွဲအပြီး ၁၉၉ဝ ပြည့် လွန်နှစ်များမှ စ၍ အရှေ့ အလယ်ပိုင်းရှိ အမေရိကန် စစ်ရေး ပစ်မှတ်များကို ဆန့်ကျင် တိုက်ခိုက် လာခဲ့ရာ အမေရိကန်တို့ အနေဖြင့် ကိုယ်မွေးသည့် မျောက် ကိုယ့်ပြန်ခြောက် ခြင်း ခံခဲ့ရသည်။

နောက်ပိုင်းတွင် အိုစမာဘင်လာဒင် ကိုယ်တိုင် အာဖဂန်သို့ ပြေးလာပုန်းရှောင် ခဲ့ရပြီး ၂ဝဝ၁ ခုနှစ်၌ ၉/၁၁ အကြမ်းဖက်မှု ဖြစ်သောအခါ လက်စားချေသည့် အနေဖြင့် အမေရိကန် သမ္မတဘုရှ် က အာဖဂန်နစ္စတန် ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်လိုက်သည်။ တာလီဘန်တို့ အစိုးရဘဝမှ သူပုန် ဖြစ်ခဲ့ရပြီး အမေရိကန်ကို ပြောက်ကျားစစ် ဖြင့် ပြန်တိုက်ခဲ့ ရသည်။ ယင်းတိုက်ပွဲ များတွင် အာဖဂန်ရောက် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ RSO အုပ်စုများလည်း တာလီဘန်ဘက်မှ ပါဝင်တိုက်ခိုက် ခဲ့သည်ကို အထောက်အထား များ တွေ့ရသည့် အတွက် အမေရိကန်တို့က ထိုစဉ်က နယ်စပ်ဒေသတွင် RSO စခန်းများ ရှိနေသော ဘင်္ဂလားဒေ့ရှ် အစိုးရကို ဖိအား ပေးခဲ့သည်။ အာဖဂန်ပြန် RSO များသည် ဘင်္ဂလားဒေ့ရှ် စစ်သွေးကြွ အကြမ်းဖက် အုပ်စုများဖြစ်သော ဟူဂျီ၊ JMP စသည်တို့နှင့် ပေါင်းဖက်မိကြသည့် တိုက်ပွဲပြန် RSO တို့က ထိုအဖွဲ့များအား လက်နက်ငယ် ကိုင်တွယ် ပစ်ခတ်နည်း များကို သင်ကြားပေးကာ ဗုံးလုပ်နည်း ကျွမ်းကျင်သည့် ယင်းအဖွဲ့တို့က RSO များကို ဖောက်ခွဲရေး နည်းလမ်းများ သင်ကြားပေး ခဲ့ကြသည်။ ထိုကာလတွင် အယ်လ်ကိုင်ဒါ နှင့် အိုစမာ ဘင်လာဒင် တို့၏ အမည်မှာ  အရှေ့ အလယ်ပိုင်း သာမက ကမ္ဘာအနှံ့ရှိ ဘာသာတူ လူ့အဖွဲ့အစည်း အသိုက်အဝန်း များတွင် များစွာထင်ရှား ကျော်ကြားခဲ့ပြီး ဘာသာရေး အစွန်းရောက် အတွေးအခေါ် များမှာလည်း အင်တာနက်  စသည့် ဂလိုဘယ်လ် လိုက်ဇေးရှင်း နည်းပညာလှိုင်း များကိုစီးကာ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။

ကမ္ဘာ့ဒေသ အနှံ့အပြား၌ အယ်လ်ကိုင်ဒါ အဖွဲ့ခွဲများကို ထူထောင် လာနိုင်ခဲ့ပြီး ယင်းတို့ အနက်မှ အီရတ်ရှိ အယ်လ်ကိုင်ဒါ (AQI) အဖွဲ့ခွဲမှာ နောင်ကွမ် အစ္စလာမ်မစ် နိုင်ငံတော် (ခေါ်) ISIS အဖွဲ့ ဖြစ်လာခဲ့သည်။ ISIS အဖွဲ့မှာ အယ်လ်ကိုင်ဒါ ထက် ပိုမို ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သော သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကာ မီဒီယာ နည်းလမ်းများကို ထိရောက်စွာ အသုံးပြု၍ အကြောက်တရား ဖန်တီးခဲ့သည်။ သို့သော် ထိုလုပ်ဆောင်မှု များကိုပင် နှစ်သက် ထောက်ခံ လိုလားသည့် ဘာသာတူ လူငယ်များ ရှိခဲ့ပြီး ကမ္ဘာအနှံ့မှ နေ၍ ISIS များရှိရာ ဆီးရီးယားသို့ လာရောက် ပူးပေါင်း ပါဝင်တိုက်ခိုက် ခြင်း၊ မိမိနေရပ် ဒေသတွင် တစ်ကိုယ်တော် သို့မဟုတ် အဖွဲ့ငယ်ဖြင့် အကြမ်းဖက် တိုက်ခိုက်ခြင်းများ ပြုလုပ် လာခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၇ဝ ပြည့်လွန်မှ နှစ်ပေါင်း ၃ဝ ကျော်ခန့် အတွင်း ဘာသာရေး အစွန်းရောက် အကြမ်းဖက် မျိုးစေ့သည် အပင်ကြီးတစ်ပင် သဖွယ် ကမ္ဘာပေါ်၌ ကောင်းစွာ အမြစ်တွယ် ခဲ့ပြီး ကမ္ဘာအနှံ့ အကြမ်းဖက် ဗိုင်းရပ်စ်ပိုး များ ရောက်ရှိလာခဲ့ လေသည်။

ယင်းအကြမ်းဖက် ဗိုင်းရပ်စ်များကို အမေရိကန်နှင့် ဥရောပနိုင်ငံ များကဲ့သို့ ကမ္ဘာ့ စစ်ရေး စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံများက ခေတ်မီ စစ်လက်နက်၊ စစ်အင်အားများ အသုံးပြု၍ နည်းအမျိုးမျိုး နှင့် နှိမ်နင်းနေ ခဲ့သော်လည်း ယခုအချိန် အထိ ယင်းတို့ စတင်ပေါက်ဖွားရာ အာဖဂန် နစ္စတန် နှင့် အရှေ့ အလယ်ပိုင်း ဒေသများ၌ပင် မအောင်မြင် လှသေးသည်ကို တွေ့ရသည့် အပြင် ကမ္ဘာ့ တခြားဒေသ များသို့ပါ ဆက်၍ ကူးစက်ပျံ့နှံ့ လာခဲ့ကြောင်း တွေ့ရပေသည်။

အရှေ့တောင် အာရှဒေသ ၌လည်း အင်ဒိုနီးရှားဗဟိုပြု ဂျမားအစ္စလာ ဖီယာအဖွဲ့၊ ဖိလစ်ပိုင် တောင်ပိုင်းမှာ အဘူဆေယက်ဖ်၊ MILF နှင့် ထိုင်းတောင်ပိုင်းရှိ PULO ၊ BRN-C ၊ PKK ၊ GMIP စသော အဖွဲ့များစွာ ရှိခဲ့ပြီး ယခုနောက်ပိုင်း အဘူဆေယက်ဖ် ကို အမာခံထားကာ ISIS တို့၏ အရှေ့တောင်အာရှ ဒေသခွဲအဖွဲ့ ကို ထူထောင် ဖွဲ့စည်းလာကြောင်း သိရ၏။

ဒုတိယအချက်မှာ အကြမ်းဖက် အင်အားစု များသည် ဗိုင်းရပ်စ်ရောဂါပိုး များကဲ့သို့ပင် အခွင့်မသာလျှင် မြုံ၍ ပုန်းအောင်း နေတတ်ပြီး အခွင့်သာသည်နှင့် ထကြွ သောင်းကျန်း တတ်ခြင်း၊ Mutation ခေါ် မျိုးဗီဇ ပုံပြောင်းကာ အသွင်အမျိုးမျိုး ဆောင်၍ တိုက်ခိုက်လာ တတ်ခြင်း စသည့်အချက် များ၌လည်း တူညီ၏။ ဥပမာအားဖြင့် RSO အဖွဲ့သည် ၂ဝဝ၂ ခုနှစ်တွင် အမေရိကန် ဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် နေခွင့် မရတော့သည့် အတွက် ထိုင်း-မြန်မာ နယ်စပ် တွင် အခြေချခွင့် ရစေရန် ထိုစဉ်က DAB ခေါ် မြန်မာ သောင်းကျန်းသူ တပ်ပေါင်းစု ထဲသို့ ဝင်ခွင့်ရရေး ကြိုးပမ်းခဲ့၏။ DAB အတွင်းရှိ ရခိုင်အဖွဲ့များက အပြင်းအထန် ကန့်ကွက်သဖြင့် ဝင်ခွင့် မရသောအခါ စစ်ရေးအရ ရပ်တည်ရန် အခက်အခဲ ဖြစ်လာသဖြင့် နိုင်ငံရေး စစ်မျက်နှာသို့ ပြောင်းလဲ ဖွဲ့စည်းရန် ကြိုးပမ်းခဲ့သည်။ ထိုကာလတွင် RSO အမည် တိမ်မြုပ်သွားပြီး မြုံနေခဲ့သည်။ RSO နှင့် ARIF အဖွဲ့နှစ်ဖွဲ့အကြား ပြည်ပ ဘဏ္ဍာငွေ ထောက်ပံ့မှု အတွက် ပြိုင်ဆိုင် အငြင်းပွားခဲ့ရာ မှ ဖြေရှင်းချက် အဖြစ် ထွက်ပေါ် လာခဲ့သော နှစ်ဖွဲ့ပေါင်းစည်းမှု ARNO မှာလည်း အလုပ် မဖြစ်တော့သည့် အချိန်ဖြစ်သည်။

၂ဝ၁၁ ခုနှစ် မေလတွင် ပြည်ပထောက်ပံ့ မှုဖြင့် ARU ခေါ် ရခိုင်ရိုဟင်ဂျာ ယူနီယံအဖွဲ့ ပေါ်ပေါက်လာသည်။ ယင်းမှာ နိုင်ငံရေး မျက်နှာစာ အတွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်၏။ ယင်း ARU တွင် အနောက်အုပ်စုနှင့် နီးစပ်သူများသာ နေရာရခဲ့သည့် အတွက် ယခင် လက်နက်ကိုင် R အဖွဲ့အမျိုးမျိုး၏ ခေါင်းဆောင်များမှာ ဘင်္ဂလားသို့ ပြန်ကာ စစ်တကောင်း တက္ကသိုလ် တစ်ဝိုက်တွင် ဘာသာရေး အကြောင်းပြ၍ လူပြန်စုခဲ့ ကြသည်။ ဘင်္ဂလားဒေ့ရှ် ဘက်ရှိ တရားမဝင် ဒုက္ခသည် စခန်းများမှ လူသစ်များ ရရှိခဲ့သလို မြန်မာနိုင်ငံတွင် ဘူးသီးတောင်၊ မောင်တော ဘက်မှ လာရောက်သူများ လည်းရှိပြီး ယင်းတို့ကို နိုင်ခွန်ချရီ တစ်ဝိုက်တွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ပေး ခဲ့ကြောင်း သတင်း များ ထွက်ပေါ် ခဲ့သည်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ တွင် မြန်မာဘက်မှ လမ်းဖောက် နေသည့် အင်ဂျင်နီယာ စစ်သည်သုံးဦး ပြန်ပေးဆွဲ ခံရပြီး RSO အဖွဲ့ဝင်များက လည်လှီးသတ်ဖြတ် ပစ်ခဲ့ကြောင်း နောက်ပိုင်း၌ တူရကီ သတင်းဌာန တစ်ခုက အင်တာနက်တွင် ပုံနှင့်တကွ လွှင့်တင်ခဲ့သည်။ နောက်ပိုင်း၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ လှည့်ကင်း များကို ချုံခို တိုက်ခိုက်ခံရမှုများ ရှိခဲ့သည်။ ၂ဝ၁၄ ခုနှစ် တွင် အယ်လ်ကိုင်ဒါ ခေါင်းဆောင် ဇော်ဝါဟီရီ က တောင်အာရှ ဒေသကို စစ်မျက်နှာ ဖွင့်မည်ဟု ကြေညာရာတွင် မြန်မာနိုင်ငံ လည်း ပါဝင်ခဲ့သည်။ ထိုစဉ်က မြန်မာ့ရေးရာ ကျွမ်းကျင်သူဟု ဆိုသူ သတင်းစာ ဆရာ ဘာတေး လင့်တနာ က ယင်း ကြေညာချက်မှာ မဖြစ်နိုင်ဟု ဆိုကာ ရယ်သွမ်းသွေး ခဲ့သည်။

သို့သော် ၂ဝ၁၂ ခုနှစ် နောက်ပိုင်း လုံခြုံရေး တင်းကျပ်မှု များကြောင့် အခြေအနေ မပေးသဖြင့် ငြိမ်သက်နေခဲ့ သော်လည်း ဗိုင်းရပ်စ် များကဲ့သို့ အတွင်းကျိတ် လှုပ်ရှားမျိုး ပွားနေခဲ့ပြီး အချိန်ကျသော အခါ ထ၍ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်ကို တွေ့ရ ပေလိမ့်မည်။

တတိယ အချက်မှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်သောရောဂါကို စောစောစီးစီး ထိရောက်စွာ မကုသပါက ကင်ဆာရောဂါ အဖြစ် ကြီးထွားကာ အသက်ကို ရန်ရှာခြင်း (ဥပမာ အသည်းရောင် စီပိုး)၊ ကိုယ်ခံအား ပျက်စီးပြီး တခြားရောဂါ မျိုးစုံ ဝင်ရောက်ကာ ဒုက္ခပေးခြင်း (ဥပမာ-အိပ်ခ်ျအိုင်ဗွီပိုး) စသည့် ကြီးမားသော ဆိုးကျိုးများကို ပေးတတ်သည်။

အလားတူပင် အကြမ်းဖက် ပြဿနာကို နုစဉ်မှာပင် ထိရောက်စွာ မကုသနိုင်ပါက တိုင်းပြည်ပျက်သည် အထိ ဒုက္ခပေးနိုင် သည်ကို အီရတ်၊ ဆီးရီးယား၊ လစ်ဗျား စသည့် နိုင်ငံများတွင် တွေ့နိုင်သည်။ ယခု ဘူးသီးတောင်၊ မောင်တော ကိစ္စတွင်လည်း ထိုနိုင်ငံ များလောက် မဆိုးရွား သေးသည့်တိုင် လတ်တလော ကာလမှာပင် အစိုးရ ဝန်ထမ်းများကို လုံခြုံရေးအရ ပြန်လည် ရုပ်သိမ်းနေခဲ့ ရသည်ဖြစ်ရာ အစိုးရ အုပ်ချုပ်မှု ယန္တရားမှာ လုံခြုံရေးတပ်ဖွဲ့ များမှလွဲ၍ ရပ်ဆိုင်းသွား ခဲ့သည့် အခြေအနေ ရှိသည်။ ဤ အခြေအနေမှာ ၂ဝဝ၄ ခုနှစ်က ထိုင်းတောင်ပိုင်း ခွဲထွက်ရေး လှုပ်ရှားမှုပုံစံ နှင့်ဆင်တူနေပြီး ထိုင်းတောင်ပိုင်း ၌ အစိုးရ အာဏာစက်ကို ယခုထက်တိုင် ခက်ခဲစွာ ပြန်လည် တည်ဆောက် နေရသည့် သာဓကအား သင်ခန်းစာ ယူသင့်ပေသည်။ မောင်တော ကိစ္စက ထိုင်းတောင်ပိုင်းထက် ပို၍ စိုးရိမ်ဖွယ် ကောင်းသည်မှာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများ၊ တစ်ဖက်နိုင်ငံ အတွင်းရှိ စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းများ ပိုမို ပါဝင် ပတ်သက်လျက်ရှိပြီး ပြင်ပမှ ငွေကြေး ထောက်ပံ့မှု ၊ သတင်း မီဒီယာ ဘက်လိုက်မှုနှင့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ စောင့်ကြည့် ထိန်းချုပ် ကန့်သတ်မှုများ ကိုပါ ပိုမိုရင်ဆိုင် နေရခြင်းဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်း ရာတွင် အမြင်ကျယ်ကျယ် ထားရှိပြီး ရေတိုရေရှည် အစီအမံများဖြင့် စစ်ရေး၊ နိုင်ငံရေး၊ လူထု ဆက်ဆံရေး၊ သံတမန် ဆက်ဆံရေး ဘက်ပေါင်းစုံမှ စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါသတည်း။

မြ၀တီနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger