www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 6, 2016

ရေခဲရေနှင့် သွားနာရောဂါ


ရေခဲရေနှင့် သွားနာရောဂါ

ကြည်လွင်မြင့် (မုဒြာ)

စာရေးသူ၏ ''ရေခဲရေ သို့မဟုတ် အဆိပ်သောက် နေကြသူများ'' ဆောင်းပါးမှာ မန္တလေး မြို့ထုတ် Shade ဂျာနယ်တွင် ဖော်ပြပြီးနောက် မကြာမီမှာပင် အင်တာနက် တွင် ပျံ့နှံ့သွားသည်။ Blogger တစ်ဦးက ကူးယူ ဖော်ပြရာမှ တစ်ဦးနှင့်တစ်ဦး အင်တာနက် ပေါ်တွင် Share လုပ်ကြရာ ရေခဲရေ အန္တရာယ်ကို သတိထားမိသူ များပြားလာသည်။ တချို့ကလည်း အင်တာနက် ပေါ်တွင်ပင် မှတ်ချက်များ ရေးတင်ကြသည်။ ''ရေခဲရေ ကိုတော့ ကြောက်သွားပါပြီ''၊ ''ရေခဲသေတ္တာ ကြီးကို မသုံးတော့ဘူး'' ဟူ၍ လည်းကောင်း၊ ''မြေ သောက်ရေအိုး တွေ ခေတ်ကုန် သွားပြီလား၊ ပြန်ဝယ်သုံး ကြစို့''၊ တချို့ကလည်း ''သေချင်ရင် စိန်မစားနဲ့၊ ရေခဲရေ မှန်မှန်သောက်'' ဟူ၍ လည်းကောင်း၊ ''ရေခဲရေဆိုတာ အဆိပ်ပဲ'' ဟူ၍ လည်းကောင်း ပိုပို သာသာလေး မှတ်ချက်တွေ ရေးတင်ကြ သည်ကို ဖတ်ရှုရ ဖူးသည်။

ထိုကဲ့သို့ ရေခဲရေ အကြောင်း အင်တာနက် ပေါ်တွင် ပျံ့နှံ့နေချိန်တွင် ဆေးခန်းဖုန်းမှ တစ်ဆင့် စာရေးသူနှင့် ဖုန်းပြောလို ပါသည် ဆိုသူတစ်ဦး ဖုန်းခေါ်သည်။ ထိုသူ၏ စကား ပြောသံမှာ လျှာလေးအာလေး ဖြစ်နေသဖြင့် ဆေးခန်း ဝန်ထမ်းမှ မနည်းပင် နားထောင်ပြီး မှ စာရေးသူကို အကြောင်း ကြားသည်။ စာရေးသူ ကိုယ်တိုင်ပင် သူပြောသော စကားကို နားလည်အောင် မနည်း နားထောင်ယူ ရသည်။ ပထမတော့ လေဖြတ်လျှာလေး နေသူ တစ်ဦးမှ ပြောနေသည်ဟု ထင်မိသည်။ နောက်မှ လျှာတွင် အနာဖြစ်နေ၍ စကားကိုကောင်းကောင်း မပြောနိုင်ခြင်း ဖြစ်ကြောင်း သိလာရသည်။

သူသည် ရေခဲရေကို ငယ်စဉ် ကတည်းက စွဲစွဲမြဲမြဲ သောက်ခဲ့သူ မဟုတ်ပါ။ ကြိုက်လည်း မကြိုက်ခဲ့ပါ။ မိရိုးဖလာ မိမိ အိမ်တွင်လည်း မြေ သောက်ရေအိုးမှ ရေကိုပင် သောက်ပြီး ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူတို့၏ အဘိုး အဘွား ဆိုလျှင် မြေ သောက်ရေအိုးမှ ရေကို ကြေးဖလားဖြင့် သောက်ရမှ အရသာရှိသည် ဟု ထင်သူများ ဖြစ်သည်။

သူ ဒသမတန်း အောင်ပြီး မန္တလေး တက္ကသိုလ် တက်ရသော အချိန်မှစပြီး မြေ သောက်ရေအိုးနှင့် ဝေးခဲ့ရသည်။ ရေသန့်ဘူး များဖြင့် စတင်ထိတွေ့ လာရသည်။ သို့သော် သူအငှားနေသည့် အဆောင်တွင် ပိုင်ရှင်က မြေသောက်ရေအိုး နှစ်လုံးထားပေး သဖြင့် သဘာဝ သောက်ရေအိုးနှင့် လုံးလုံး မကင်းကွာ ခဲ့သေးပေ။ နံနက်အိပ်ရာထ၊ ညအိပ်ရာဝင် ချိန်တိုင်းမှာ မြေသောက်ရေအိုးမှ ရေကိုပင် စာသင်နှစ် လေးနှစ်လုံး သောက်ခဲ့ရသည်။ ယခုသူ အရာရှိငယ် ဖြစ်လာမှ မြေသောက်ရေအိုး နှင့် ကင်းကွာခဲ့ ရသည်။ သူ့ရုံးတွင် ရေခဲသေတ္တာငယ် တစ်လုံးနှင့် စေတနာရှင် တစ်ဦးက လှူထားသော သောက်ရေသန့် ဘူးကြီးကို ဇောက်ထိုး တပ်ရသည့် ရေအေးစက် (Water Cooler) တစ်ခုသာ ရှိသည်။

ပထမတော့ ရေခဲရေကို မကြိုက်သော်လည်း နောက်တော့ ကျင့်သားရပြီး ကြိုက်လာသည်။ နွေရာသီ ပူအိုက်သော အချိန်တွင် ပို၍ သောက်ဖြစ်လာသည်။ အခန်းရှိ အဲယားကွန်း ပျက်သော အချိန်ဆိုလျှင် ရေခဲရေကို ပို၍ သောက်ဖြစ်သည် သာမက အဝတ်တွင် ဆွတ်၍ မျက်နှာကို ရေအေးဖတ် တင်ခြင်း၊ မျက်နှာသစ်ခြင်း များပင် ပြုလုပ်မိ သေးသည်။ ထို့ပြင် ထမင်းစားလျှင် လည်း ရေခဲရေ ဖန်ခွက် တစ်ခွက်ဖြင့် နံဘေးတွင် ချထားပြီး ထမင်းစားရင်း သောက်သော အကျင့် ဖြစ်လာသည်။

တစ်နှစ်ကျော် အကြာတွင် လွန်ခဲ့သော လကတော့ သူ့မှာ သွားတွေ ကျဉ်လာသည်။ အထူးသဖြင့် အစားများသော ညာဘက် အထက်အောက် အံသွားများတွင် သွားဖုံးများ အောင့်သလို ဖြစ်ပြီး သွားနာလာသည်။ အချိုရည် ဝင်လျှင် ချက်ချင်းဆိုသလို ကိုက်လာသည်။ အချဉ်စားလျှင် လည်း သွားကျိန်းသဖြင့် မစားနိုင်။ ရေခဲရေ အေးစိမ့်နေသည် ကို ယခင်က ကြိုက်နှစ်သက် သော်လည်း ယခုအခါ မသောက်နိုင်တော့။ အေးလွန်းလျှင် ကျဉ်ပြီး သွားများ မခံနိုင် ဖြစ်လာသည်။ ဤသို့ဖြင့် သွားဘက်ဆိုင်ရာ ဆေးခန်း တစ်ခုသို့ ရောက်တော့သည်။ သွားများကို ဆရာဝန်က စစ်ဆေးကြည့် သောအခါ သွားဖုံးများ ရောင်ပြီး အခြေအနေ မကောင်းဟု ဆိုသည်။ ညာဘက် အံဆုံးရှေ့မှ အံသွား တစ်ချောင်းမှာ ပို၍ဆိုးသည်။ သွားတွင် ကြွေသား မရှိတော့။ အက်ရာများ ပေါ်ပြီး အရည်စိမ့်ဝင် နိုင်သော အခေါင်းပေါက် ရှိနေသည်။ လောလောဆယ် တော့ သွားနုတ်ဖို့ မလိုသေး။ သွားဖုံးများ အရောင်ကျ စေရန် အတွက် တစ်ပတ်ခန့် ဆေးစားပြီးမှ ပြန်လာရန် ချိန်းသည်။

ထိုတစ်ပတ် အတွင်းမှာပင် သူ့မှာ အစားပျက် အသောက်ပျက် ဖြစ်လာသည်။ အသောက်ပျက်သည် ဆိုသည်မှာ သောက်နေကျ အအေးများ ကိုလည်း မသောက်နိုင်၊ ပူသော လက်ဖက်ရည်၊ ကော်ဖီအချို များလည်း မသောက်နိုင်။ သွားအခေါင်းထဲ စိမ့်ဝင်လျှင် မခံနိုင်၍ ဖြစ်သည်။ ကွမ်းစားသူများ တွင်ကား မာကျောသော ကွမ်းသီးစိတ် များကို ကိုက်ဝါးရာမှ ကြွေသားအလွှာ လုံးဝပျက်စီး သွားနိုင်သည်။ အပေါ်ယံ ကြွေသားအလွှာ အဖုံးအကာ ပျက်စီးသွားသော သွားသည် အမိုး မရှိသော နေအိမ်နှင့် တူလေသည်။ အရောင်ကျ ဆေးများ တစ်ပတ်စားပြီး နောက် ဆရာဝန် ပြန်ပြသည်။ သွားကိုမနုတ်ဘဲ အခေါင်းပေါက်ကို ဖာရန်သာ ဆရာဝန်က တိုက်တွန်းသည်။ 

နတ်သစ်မြစ် ဟု ခေါ်ကြသော သွားတစ်ချောင်း ကို နုတ်လိုက်ပါက ငယ်သွားလဲ သလို ပြန်ပေါက်ဖို့ လမ်းစမရှိ တော့။ သွားအတု စိုက်ဖို့သာ ရှိသည်။ မစိုက်လျှင်တော့ ဘေးမှ သွားများပါ အတွဲမရှိသဖြင့် လိုက်ပြီးယိုင်နဲ့ လာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် တတ်နိုင်သမျှ ဖာထေး သုံးစွဲရမည်။ သွားမကိုက် စေရန် သွားအကြော ဖြတ်ကုသ နိုင်သည်။ အကြောထုတ် ပြီးလျှင် နောင်မကိုက် တော့ဟု ဆိုသည်။

သူ့မှာ စဉ်းစားနေဖို့ မရှိတော့။ ဆရာဝန် အကြံပေးသည့် အတိုင်း လုပ်မှသာ သူ့သွားကိုက်၊ သွားနာ၊ သွားကျဉ် ဝေဒနာကြီးမှ အမြန်ဆုံး လွတ်မြောက် တော့မည် ဖြစ်သည်။ နောက်ဆုံးတော့ မနုတ်ဘဲ သွားအခေါင်း ပေါက်ကို ဖာရန် သဘောတူ လိုက်သည်။ သွားဖာသည့် အလုပ်မှာ မူလအခေါင်း ထက်ကြီးသော အခေါင်းဖြစ်အောင် လွန်သွားဖြင့် ချဲ့ရသည်။ ထိုသို့ချဲ့ သည်ကို ခံနိုင်ရည် ရှိဖို့အတွက် ဘေး ပတ်ဝန်းကျင်ကို ထုံဆေး နှစ်လုံး ထိုးပေးသည်။ 

ထို့နောက် ခဏကြာ တော့ သွားကို ခေါက်ကြည့်သည်။ ထုံမထုံ စစ်ဆေးပြီး ထုံသောအခါမှ အခေါင်းပေါက် ကို တွင်းဖြစ်အောင် လွန်ဖြင့် ဖောက်ခြင်း ဖြစ်သည်။ အကြောထုတ်သည့် အလုပ် လုပ်ပြီးလျှင် ဒီညမနာတော့ ဟု ဆိုသဖြင့် ကြောက်ကြောက် နှင့် ကြိတ်မှိတ်ခံ ရသည်။ လုံးဝ သွားမနာတော့။ အိမ်ပြန်ရောက် သည့်အခါ နှုတ်ခမ်းနှင့် လျှာများမှာ ထုံနေဆဲ ဖြစ်သည်။ ထုံနေသည့် အချိန်မှာပင် တစ်ပတ် ခုနစ်ရက်ခန့် အစာမစား နိုင်ဖြစ်ခဲ့ရသည် ကို အတိုးချပြီး အိမ်တွင် ထမင်းနှင့်ဟင်း စိတ်ကြိုက် စားလိုက်သည်။ သွားကျဉ်၍ မသောက်နိုင်သော ရေခဲရေကိုလည်း သောက်လိုက် သေးသည်။ ညအိပ်ရာဝင် အထိ ထုံနေဆဲ။ ပြဿနာမှာ နောက်နေ့ နံနက်လင်းပိုင်း အိပ်ရာနိုးထ လာချိန်မှစပြီး ပါးတစ်ခြမ်းမှာ ရောင်နေသည်။ ဘေးတွင်လည်း အကျိတ် ကဲ့သို့ ဖောင်းနေသည်။ နံနက်ထ သွားတိုက်ရန် ရေငုံလိုက်သည်နှင့် ပါးစပ်မှာ နာပြီး ဟမရသည့်အပြင် ပူစပ်သွား သဖြင့် သတိထား  ကြည့်သောအခါ လျှာညာဘက် အခြမ်းမှာ ကိုက်မိထားသည့် အတွက် ပေါက်နေခြင်း ဖြစ်သည်။ စကားပြောလျှင် သွားနှင့် တိုက်မိပြီး အလွန်နာကျင် နေလေသည်။ သေချာပြန် စဉ်းစားကြည့် တော့မှ မနေ့ညနေက သွားဖာပြီး ပြန်အလာ ထုံဆေး အရှိန်ရှိနေဆဲ အစားပေါင်းစုံ စားလိုက်မိချိန် တွင် ကိုယ့်လျှာကိုယ် ပြန်ဝါးမိခြင်း ဖြစ်နိုင်သည်။ ထုံဆေးက ထုံနေသဖြင့် ကိုယ့်လျှာ နှင့် အသားတုံးရောပြီး ကိုက်မိဝါးမိ သည်ထင်သည်။ ညကလည်း ထုံဆေးက  လုံးလုံး မပြယ်သေးသဖြင့် မနာသေး။ နံနက်ထတော့ ထုံဆေးပြေ တော့မှ ကိုယ့်လျှာ ကိုယ်ကိုက်ပြီး စားမိနေမှန်း သိရတော့သည်။

ထို့ကြောင့် စာရေးသူထံသို့ ဖုန်းပြောသော အခါ စကားမပီ ဖြစ်နေခြင်း ဖြစ်သည်။ သွားကလည်း အပြီးအပြတ် မဖာရသေး၊ လျှာကလည်း ပေါက်ပြီး စပ်နေသဖြင့် ဆန်ပြုတ် ကျဲကျဲပင် အအေးခံပြီး မျိုချနေရသည့် ဘဝကို ရင်ဆိုင်နေရ သည်ဟု သူက ဆိုပါသည်။ သူ့ကိုပင် စကားများများ မပြောဘဲ အနားယူ ကြည့်ပါ။ လျှာကိုက်မိသည့် အနာမှာ တစ်ပတ်ခန့် ဆိုလျှင် ကောင်းသွားမှာ ပါဟု နှစ်သိမ့် လိုက်ရသည်။

အဓိက တရားခံမှာ ရေခဲရေပင် ဖြစ်သည်။ ရေခဲရေ၏ ဒဏ်ကြောင့် သွားနှင့် သွားဖုံးများ အခြေအနေ ဆိုးရွားလာရာမှ စခဲ့သော ဇာတ်လမ်းမှာ သွားမှ ကြွေလွှာများ အက်ပြီး အက်ရာမှ အစာနှင့်အသားမှ အက်စစ်များ စိမ့်ဝင်ကာ အခေါင်းပေါက် အဆင့်အထိ ရောက်ခဲ့ခြင်း ဖြစ်သည်။ အခေါင်းပေါက်မှ စိမ့်ဝင်လာသော အရည်များသည် ဒဏ်ကြောင့် အာရုံကြောပါ ရောင်ပြီး သွားကိုက်၊ သွားနာ၊ သွားကျဉ်ခြင်းများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ရေခဲသေတ္တာကို မသုံးရ မဟုတ်ပါ။ ရေခဲသေတ္တာထဲမှာ သိမ်းထားသော ရေပုလင်းကို မသောက်မီ အပြင်မှာ ထုတ်ထားပါ။ အနည်းဆုံးမှာ မိနစ် ၂ဝ၊ နာရီဝက်ခန့် အကြာတွင် အအေးလျော့ သွားပြီး အခန်း အပူချိန်နှင့်
လိုက်လျောညီထွေ ဖြစ်သွား ပါလိမ့်မည်။ ထိုအခါမှ သောက်လျှင် အလွန်အမင်း အေးသော ရေခဲရေ မဖြစ်နိုင်တော့ပါ။ အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့် ဆိုသောစကားကို သတိပြု စေချင်ပါသည်။ ပူလျှင်အေးချင်သည်၊ အေးလျှင် ပူချင်သည်မှာ လူတို့၏ သဘာဝဖြစ်သည်။ သို့သော် အလျင်အမြန် အပူမှအအေး၊ အအေးမှအပူ ပြောင်းလဲလျှင် အန္တရာယ်ရှိသည်။ စိတ်ရှည်ရှည်ဖြင့် အပူအအေး၏ ပြောင်းလဲမှု သဘာဝ ကိုဆင်ခြင်ပြီး ရေသောက်ခြင်း၊ အစာစားခြင်းဖြင့် အသက်ရှည် ကျန်းမာနိုင်ကြောင်း သတိပြု စေလိုပါသည်။

နိဂုံးအနေဖြင့် အကြံပြု တိုက်တွန်းလို ပါသည်။ မိမိသွားများ ရေရှည် သက်တမ်းစေ့ သုံးစွဲလိုပါလျှင်-

၁။ တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ 
၂။ အစာစားပြီးတိုင်း ရေသန့်ဖြင့် ပလုတ် သုံးကြိမ်ကျင်းပါ။
၃။ သွားတွင် အက်ရာအပေါက် ရှိလျှင် ဆားရည်နွေးနွေးဖြင့် ပလုတ်ကျင်းပါ။
၎။ အချိုလျှော့စားပါ။ ကွမ်းယာလျှော့စားပါ။ စားပြီးတိုင်း ပလုတ်ကျင်းပါ။
၅။ ရေခဲရေကြောင့် ကြွေသွား အလွှာများ အက်ရာရှိလျှင် အလျင်အမြန် ပျက်စီးနိုင်ပါသည်။
၆။ သဘာဝ သောက်ရေအိုး၊ မြေအိုးတွင် ထည့်သောရေကိုသာ သောက်သုံးသင့် ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger