www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 6, 2016

ကြီးမြတ်ဂုဏ်အင် ဆရာသခင်


ကြီးမြတ်ဂုဏ်အင် ဆရာသခင် 

ထွန်းမြတ်တေဇ (မြန်အောင်)

ကျွန်တော်၏ ဘဝတွင် လက်ဦးဆရာ များဖြစ်သော မိနှင့်ဖ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ လောကီ၊ လောကုတ္တရာ ဆရာများ အလွန်များပြား လှပါသည်။ ကျွန်တော် ငယ်ငယ် လွန်ခဲ့သော ၂၆ နှစ်က ''ဝ'' လုံးကစ ''က''၊ ''ခ'' ဘယ်လို ရေးရတယ် ဆိုပြီး စိတ်ရှည် သည်းခံစွာ သင်ကြားပေး ခဲ့သော ဆရာ၊ ဆရာမ များ၏ ကျေးဇူးကြောင့် ယခုလို စာပေများကို ရေးနိုင်သလို စာပေများကို ဖတ်ရှုလေ့လာ နိုင်ခြင်း ဖြစ်ပါသည်။ ထို ဆရာသမားများ အားလုံး၏ ကျေးဇူးကြောင့် တောရွာမှ နေပြီး အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ် ပညာများ ကိုလည်း အဆင့်ဆင့် ဆက်လက် ဆည်းပူးလေ့လာ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ပန်းပုပညာရှင် တစ်ယောက် သည် အရုပ်လေးများကို ရှုချင်စဖွယ် ဖြစ်အောင် ထုဆစ်သလို ဆရာ၊ ဆရာမ များကလည်း မိမိထံ ရောက်လာသော အကြမ်းထည် အမျိုးမျိုးကို လိုရာပုံ ရောက်အောင်၊ လိမ္မာရေးခြား ရှိအောင် သွန်သင်ဆုံးမ ပေးတတ်ကြ ပါသည်။ ကလေး၏ စရိုက်ကို လိုက်၍ မည်ကဲ့သို့ သွန်သင်ဆုံးမ ပေးရမည် ဆိုတာကိုလည်း ပုဗ္ဗာစရိယ မိဘနှစ်ပါးနှင့် ဆရာသမား များက ကောင်းစွာ သိပါသည်။ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုသည့် နာသုံးနာကို အခြေခံပြီး သွန်သင် ဆုံးမလျက် ဆရာထက် တပည့် လက်စောင်းထက် အောင် ဆရာစားမချန် ပညာများကို သင်ကြားပေးကြ ပါသည်။ ဆရာသမား များသည် မိမိသင်ကြား ပေးလိုက်သော တပည့်ထံမှ ဘာ မျှော်လင့်ချက်မှ မရှိဘဲ မိမိပြုစု ပျိုးထောင် ပေးလိုက်သော ပန်းလေးများ ထာဝရ လန်းဆန်း နေတာကို အမြဲမြင်ကာ ပီတိဖြာချင် သူများသာ ဖြစ်ပါသည်။ ထို့ကြောင့် ''တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိ'' နေသူများ ဖြစ်သည်ဟု ဆရာများ အတွက် ဆောင်ပုဒ်လေး ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ဆရာ့ ဂုဏ်ကျေးဇူးကို မဃဒေဝ လင်္ကာသစ် တွင်လည်း ''ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့'' ဟူ၍ ဖွဲ့ဆို ထားပါသည်။ 

ထိုကဲ့သို့ ဂုဏ်ကျေးဇူးတွေ များပြားလွန်း လှသည့်အတွက် မြတ်စွာ ဘုရားရှင်က အနန္တောအနန္တ ငါးပါးထဲတွင် လည်း ထည့်သွင်း ထားခဲ့ခြင်း ဖြစ်ပါသည်။

လောကီနယ်ပယ် တွင်သာမက လောကုတ္တရာ နယ်ပယ်တွင် လည်း ယနေ့ တရားဓမ္မများကို ကျွန်တော်တို့ နာယူခြင်း ၊ ပဉ္စ၀ဂ္ဂီငါးပါး မှအစပြု၍ သံဃာဟူ၍ ဖြစ်ပေါ်လာပြီး ကိုးကွယ် ဆည်းကပ်ခွင့် ရခြင်း သည်လည်း တုနှိုင်းမဲ့သည့် မြတ်စွာ ဘုရားရှင် ဆရာသခင် ကျေးဇူးရှင်၏ ဂုဏ်ကျေးဇူးတော် ကြောင့်ပဲ ဖြစ်ပါသည်။

ပစ္စုပ္ပန်၊ သံသရာ ကောင်းကျိုး နှစ်ဖြာလုံး အတွက် သူတော်ကောင်း ဆရာသမား များကို ရှာဖွေရာ တွင်လည်း ''ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊ လွဲမိုက်ဆုံးမ၊ မေးသမျှခံ၊ ဓမ္မံနက်နဲ၊ ဟောခိုင်မြဲ၍၊ ကျိုးနည်းမတွန်း၊ ခုနစ်ခန်းနှင့်၊ ပြည့်လျှမ်းညီညာ၊ ဤဆရာ၊ ရှာဖွေတပည့်ခံ'' ဟု မဃဒေဝ လင်္ကာတွင် ညွှန်ပြထား ပါသည်။

ဆရာများ၏ ကျေးဇူးသည် အလွန်ကြီးမား လှသည့်အတွက် မည်သည့် စာပန်းချီမှ ရေးသီဖွဲ့လို့လည်း ဆုံးနိုင်မည် မဟုတ်ပေ။ ကျွန်တော့်အား ငယ်စဉ်အရွယ် မှစ၍ ယခုအချိန်ထိ သင်ကြား ဆုံးမ ပေးကြသော ကျေးဇူးကြီးမား လှသည့် လက်ဦးဆရာ ကွယ်လွန်သူ မိဘနှစ်ပါးနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံး ကို စိတ်မှ ရည်မှန်းကာ ဤစာမူလေးဖြင့် ကန်တော့ပန်းဆင် လိုက်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger