www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 19, 2016

အစိတ်တန် အလွမ်း


အစိတ်တန် အလွမ်း

( မဒါလေး )

နှင်းပွင့် တစ်ယောက် လက်ထဲတွင် ဆုပ်ကိုင်ထားသော တစ်ထောင်တန် အသစ်လေးကို ကြည့်ရငိး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို ချလိုက်သော သက်ပြင်းမှာ စိတ်ပျက် အားငယ်ခြင်းကြောင့် မဟုတ်။ အားယူခြင်း ၊ မာန်တင်းခြင်း ၊ ရှေ့ဆက်ရမည့် အနာဂတ်အတွက် ဇွဲမလျှော့စေရန် မိမိကိုယ်ကို သတိပေးခြင်း ပင်ဖြစ်သည်။ လကုန်ရန် တစ်ရက်သာ လိုတော့သည်။ သို့သော် နှင်းပွင့် လက်ထဲတွင် ရှိသော တစ်ထောင်တန်လေး တစ်ရွက် က သည်တစ်ရက်ကို ကျော်ဖြတ်နိုင် ပါမည်လား။ နံနက် အလုပ်သွားလျှင် ၊ အဓိပတိကား စီးလျှင် ကားခငွေကျပ် ၂၀၀ ကုန်မည်။ အခြားကား စီးလျှင်မူ ငွေကျပ် ၁၀၀ သာ ကုန်မည်။ ငွေကျပ် ၁၀၀ တန်ပဲ စီးမည် ထားပါတော့ နံနက်စာ ရှောင်ကာ နေ့လယ်စာ စားလျှင် ဟင်းတစ်တုံးလျှင် ငွေကျပ် ၃၀၀ ၊ ထမင်းတစ်ထုပ် လျှင် ငွေကျပ် ၂၀၀ အနည်းဆုံး ငွေကျပ် ၅၀၀ ကုန်မည်။ ညနေ ပြန်လျှင် ကားခငွေကျပ် ၁၀၀ ကုန်မည်။ စုစုပေါင်း ငွေကျပ် ၇၀၀ ကုန်နေပြီ ဖြစ်သည်။ ညနေစာ မစားဘဲ တစ်ရက်ကလေး နေလိုက်လျှင်မူ မနက်ဖြန် ရုံးအရောက် ငွေကျပ် ၂၀၀ သာပိုမည်။ လစာက ညနေပိုင်းမှ ထုတ်ပေးမည် ဖြစ်သဖြင့် နံနက်စာ အတွက် ၀ယ်စားရန် ငွေမရှိတော့ပေ။ ခါတိုင်းဆိုလျှင် ပိုက်ဆံအိတ်ထဲ ဟိုညှပ်ဒီညှပ် ငွေကျပ် ၅၀၀ ၊ ၁၀၀၀ ရှိတတ်သော်လည်း ယခုမှ ပိုက်ဆံအိတ် တစ်ခုလုံး အိတ်သွန် ဖာမှောက် ရှာထားတာတောင် ငွေကျပ် ၁၀၀၀ သာ ရှိသည်။ ထပ်တွေ့စရာ မရှိတော့ပါ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် တစ်ရက်ကို ကျော်နိုင်လဆင် နှင်းပွင့် အတွက် အားလုံး အဆင်ပြေသွားမည် ဖြစ်သည်။

နှင်းပွင့် တစ်ယောက် နယ်မှတက်ကာ ရန်ကုန်မြေကို ခြေချသည်မှာ နှစ်လလောက်သာ ရှိသေးသည်။ ဘ၀တစ်ခုကို ခြေစုံကန်ကာ ထိုထက်မက တိုးတက်လိုသော စိတ်ဖြင့် ရန်ကုန်သို့ ရောက်လာခြင်း ဖြစ်သည်။ တိုးတက်မှုက မိမိကို လာရှာမည်မဟုတ် မိမိကိုယ်တိုင်က တိုးတက်ခြင်း ရှိရာကို ရှာဖွေရမည်ဟု နှင်းပွင့် ခံယူထားသည်။ မိဘ မောင်နှမများ တားသည့် အထဲမှပင် နှင်းပွင့် တစ်ယောက် ရန်ကုန် ရောက်ခဲ့ရသည်။ မိမိကိုယ်ကို အားကိုးကာ မိမိမည်မျှ လုပ်နိုင်သည်။ လုပ်ငန်းတစ်ခု ၊ နေရာတစ်ခု တွင် မည်မျှ ရပ်တည်နိုင် သည်ကို သိလို သောကြောင့်လည်း ပါသည်။ လူတစ်ဦးအတွက် မိမိနှင့် အံဝင်ခွင်ကျ ဖြစ်မည့် နေရာတစ်ခု အတွက် အချိန်တစ်ခု လိုသည်။ 

ထိုအချိန်လေး တစ်ခုကို ကျော်ဖြတ် နိုင်ပါက အားလုံးအဖြေ ပေါ်လိမ့်မည်။ သို့သော် လူအများစုမှာ ထို အချိန် အနည်းငယ်မျှ အတွက် ထိုးနှက် တိုက်ခိုက် နေကြသည်။ လူတစ်ဦး၏ အချိန်ထက် သူ့အချိန် ကိုယ့်အချိန် ကသာ တန်ဖိုးရှိ သည်ဟု အလွယ်ထင်မှတ် ထားကြသည်။ အမှန်တွင်မူ လူတိုင်းအတွက် အချိန်တစ်ခုမှာ အရေး အကြီးဆုံး ဖြစ်ကြောင်း နှင့် လူတစ်ဦးအတွက် အရေးအကြီးဆုံး အချိန် တစ်ခုတော့ အနည်းဆုံး ရှိနိုင်ကြောင်း နှင်းပွင့် သေချာ သိခဲ့ရပြီ။

ယခုအချိန်ကမူ နှင်းပွင့် အတွက် အရေးအကြီးဆုံး အချိန်ထဲက တစ်ချိန် ဖြစ်ပေလိမ့်မည်။ ဘ၀အတွက် အားသွန်ခွန်စိုက် ကြိုးစား နေရချိန်တွင် အရာရာသည် နှင်းပွင့် အတွက် အရေးကြီး နေသည်။ လူတိုင်းသည် တန်ဖိုးထား စရာ ကျေးဇူးတင်စရာ ဖြစ်နေသည်။ ထို ကျေးဇူးတရား ကို အောက်မေ့လျက် အလုပ်ခွင်တွင် ကြိုးစားသည်။ ကြိုးစားသည့် အသီးအပွင့် ကိုမူ မည်၍မည်မျှ မှ ခံစားရမည်ကို သေချာ သိခွင့် မရှိသော်လည်း မိမိရပ်တည်မှု 

တစ်နေရာစာလေး အတွက် ကျေးဇူးတင် နေမိသည်။ ညနေခင်း ရုံးဆင်းချိန်တွင် လေးတွဲ့သော ခြေလှမ်းများဖြင့် လျှောက်လာမိသည်။ ကားဂိတ်မှ အဆောင်ထိ ဆယ်မိနစ် လောက်တော့ လျှောက်ရမည်။ လမ်းတစ်လျှောက် မွှေးကြိုင်နေသော မုန့်ဟင်းခါး အိုးများမှ အနံ့များဖြင့် ဗိုက်ဖြည့်ရင်း လက်ထဲမှ ငွေကျပ် ၃၀၀ ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား လိုက်သည်။ မနက်ဖြန် ရုံးသွားရန် ငွေကျပ် ၁၀၀ ရှိလျှင် နှစ်ရာနှင့် မုန့်တစ်ပွဲစား၍ ရသည်။ တွက်ရင်း ချက်ရင်း ဖုန်းဆိုင်ရှေ့ ရောက်သွား ပြန်သည်။ ဖုန်းဆိုင်တွင် လူရှင်းနေသည်။ ဖုန်းဆိုင်ရှေ့ ရောက်မှ အိမ်ကို သတိရသည့် စိတ်တို့က ပိုမိုနိုးကြွ လာသည်။ တိုးတက်နေသော ခေတ်ကြီးတွင် ဖုန်းလေး တစ်လုံးတောင် မကိုင်နိုင် ခြင်းကလည်း မိမိ၏ နုံအခြင်းပေလား မပြောတတ် အောင်ပင်။ ဖုန်းဆိုင်နား အတန်ကြာ ရပ်ရင်း နှင်းပွင့် တစ်ယောက် ပေသီးခေါက်ရ ပြန်ပါပြီ။ ဖုန်းက တစ်ခါခေါ်လျှင် ငွေကျပ် ၅၀ ကျမည်။ ဖုန်းဝင်ပြီး ကိုင်ကိုင် မကိုင်ကိုင် ငွေကျပ် ၅၀ ပေးရမည်။ ကိုင်လိုက်ပါပြီ ထား ပြောစရာ စကားများက အများသားပင် အိမ်မှ စစ်မေးသော မေးခွန်းပေါင်း များစွာကို ဖြေရမည်။ ဖုန်းပြန်ခေါ်ခိုင်း လျှင်လည်း အ၀င်အထွက် မည်မျှ ပေးရမည် မသိ။ အကယ်၍ လက်ထဲမှ ပိုက်ဆံကုန်သွား လျှင်လည်း မနက်ဖြန်ရုံးကို လမ်းလျှောက် သွားရန် မဖြစ်နိုင်။ မနက်ဖြန် ရုံးကို ရောက်အောင် သွားမှ နောက်ရက်အတွက် ရပ်တည်ရန် ၀င်ငွေ ရရှိမည်။ သတိရစိတ် များကို မျိုသိပ်ရင်း အဆောက်သို့သာ တန်းပြန် လာခဲ့သည်။

အဆိုးနှင့် အကောင်း ဆိုသည်မှာ အမြဲတမ်းဒွန်တွဲ နေသည် ဆိုသည်မှာ နှင်းပွင့် အတွက်မူ အလွန်မှန်သည်။ နောက်တစ်နေ့ ရုံးရောက်ရောက်ချင်း ရုံးမှ ၀န်ထမ်းများ သောက်ရန် ပေးထားသည့် ကော်ဖီခွက်ကို နှစ်ခွက် ဆင့်သောက် လိုက်သည်။ အထက်လူကြီး ၏ ကောင်းမှုဖြင့် ထိုနေ့က လစာအပြည့် ရသည့်အပြင် ရုံးလုပ်ငန်း လိုအပ်ချက်အရ ဖုန်းလေးတစ်လုံး ကို အရစ်ကျဖြင့် ချပေးသဖြင့် ယူဖြစ်ခဲ့သည်။ နောက်လများတွင် ၀န်ထမ်း စားသောက်ဆိုင် တွင် လကုန်ရှင်း စနစ်ဖြင့် အကြွေးစားခွင့် ရသည်။ သောက်ထားသော ကော်ဖီခါးခါး အရသာမှာ ဦးနှောက်ကို ရှော့ခ်ရိုက်လိုက် သကဲ့သို့ ခဏတော့ မျက်လုံးပြာကာ နားများထူသွား ရသည်။ နှင်းပွင့် ဘ၀အတွက် ကံကောင်းခြင်း စလေပြီဟု ပင် အားယူ ပြုံးလိုက်မိသည်။ ဖုန်းဘေ တစ်လငွေကျပ် ၅၀၀၀ သုံးခွင့်ရသဖြင့် သူ၏ လွမ်းခြင်းများကို ဖွင့်ပြနိုင် တော့မည်။ သတိရလျှင် အနည်းဆုံး စာတိုလေး တစ်ကြောင်းတော့ ပို့နိုင် ပေလိမ့်မည်။ သို့သော် သူ့အထင် နှင့် အမြင်မှာ လွဲခဲ့ပေပြီ။ စာတိုလေး တစ်ကြောင်း ပို့ရန်ပင် သူ့ဘက်က ကံတရားက မရှိခဲ့ပါ။ ဖုန်းလေးတစ်ခါ ခေါ်ပြီးတိုင်း ဖုန်းဘေ ပြန်ပြန်စစ်ကာ မည်မျှ ကျန်သေးသည်ကို မှတ်တမ်းတင် ရသည်မှာ အမောပင်။ အကယ်၍ အရေးကြီးကိစ္စ ရှိပါက ဖုန်းဘေ မရှိလျှင် ဖုန်းဘေ ၀ယ်ထည့်ရန်ပင် အပိုငွေ နှင်းပွင့် တွင် မရှိပေ။

စာတိုလေး တစ်ကြောင်း ပို့သည်မှာ အစိတ် (၂၅ ကျပ်) တည်းကို မပို့နိုင်ဘူးလား ဟု သူငယ်ချင်းများက မေးကြသည်။ အမှန်အတိုင်း ပြောရလျှင် မပို့နိုင်ပါ။ ငွေအစိတ် ဆိုသော ပမာဏမှာ လူတစ်ဦး တစ်ယောာက် အတွက် ဘာမျှ မပြောပလောက် သော်လည်း လူတစ်ဦး အတွက်ကမူ ဘ၀နှင့် ဆိုင်ချင် ဆိုင်နိုင်သည်။ ရန်ကုန် ရောက်ကာစက ငါးပိရည် နှင့် တို့စရာ ငွေကျပ် ၅၀ ၊ ၁၀၀ ဖိုးကိုပင် ဈေးစစ်ဝယ် နေသော လူအချို့ကို နှင်းပွင့်တစ်ယောက် တအံ့တသြ ကြည့်ခဲ့ဖူးသည်။ ယခုမူ မိမိကိုယ်တိုင် ကိုပင် စာတိုလေး တစ်စောင် ငွေအစိတ် မတတ်နိုင်သဖြင့် အလွမ်းများကို ကြိတ်မှတ်မျိုချ နေရသည့် အဖြစ်ကို သူငယ်ချင်းများ အံ့သြသည်ကို မအံ့သြတော့ပေ။ ဘ၀ အခြေအနေ မတူကြသည့် အခါ စာနာ နားလည်မှုများ ကလည်း ကွဲပြားသွား သကဲ့သို့ မြင်သည့် ရှုထောင့်များက ကွဲလွဲသွား ကြသည်။ မည်သို့ပင် ဆိုစေ နှင်းပွင့်ကမူ မိမိလမ်းကို ဖောက်ကာ လျှောက်နေရသူမို့ မိမိ အခြေအနေ ကို မိမိသိရန် အရေးကြီးသည်။ မည်သည့် အခြေအနေ အချိန်အခါ တွင်မဆို မိမိကိုယ်ကို အားကိုးစိတ်ဖြင့် မယိမ်းမယိုင်ဘဲ တည်ဆောက်နိုင် ရန်သာ အရေးကြီး သည်ဟု ခံယူထားသည်။ ယနေ့ အလွမ်းများမှာ နောက်နေ့တွင် ဟာသများသာ ဖြစ်ရန်လိုသည်။ ရင်နာစရာ ဇာတ်လမ်းလေး တစ်ပုဒ် မဖြစ်အောင်မူ မိမိကိုယ်တိုင်ပင် ထိန်းသိမ်းရမည် ဖြစ်သည်။ ယခုအခါတွင်မူ ဖုန်းလိုင်းများလည်း ပေါသကဲ့သို့ ဖုန်းများလည်း ပေါလာပြီ ဖြစ်သည်။ ဖုန်းခေါ်ခ များလည်း ဈေးသက်သာ လာပြီ။ လူတိုင်း အစိတ်တန် အလွမ်းများမှ ကင်းလွတ်ခွင့် ရကြပြီ။ သို့သော် နှင်းပွင့် တစ်ယောက်တော့ ထို အစိတ်တန် အလွမ်းနေ့ရက် များကိုပင် သတိသရ ရှိနေသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page