www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 25, 2016

အချိန် ၊ ငွေ ၊ လုပ်အားများစွာ အကုန်အကျခံပြီး လေ့ကျင့်နေခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စွမ်းရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်ဖြစ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းတွင် ပါဝင်သည့် အရာရှိ ၊ စစ်သည်များအား အမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို ကြည့်ရှုစစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် ခြေလျင်နှင့် အကူလက်ရုံးတပ်များမှ အရာရှိ ၊ စစ်သည်များအတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်စဉ်

နေပြည်တော် ၊ ၂၅-၉-၂၀၁၆

အချိန် ၊ ငွေ ၊ လုပ်အားများစွာ အကုန်အကျခံပြီး လေ့ကျင့် နေခြင်းသည် တပ်မတော်၏ အဓိကတာဝန် ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို စွမ်းရည် ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန် ဖြစ်ကြောင်း ၊ ယခု ပြုလုပ်သည့် လေ့ကျင့်ခန်းသည် ပြည်ပရန် ကာကွယ်ရေး အတွက် သမားရိုးကျစစ် ဆင်နွှဲနိုင်ရန် အဓိကရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၊ ကာကွယ်ရေး ၊ စစ်ရေး ဆိုသည်မှာ ကောက်ကာ ငင်ကာ လုပ်၍မရဘဲ ကြိုတင် ပြင်ဆင်မှု ၊ လေ့ကျင့်မှု များကို စဉ်ဆက်မပြတ် ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ တစ်ဦးချင်း ၊ တစ်ဖွဲ့ချင်း အလိုက် လေ့ကျင့်သား ပြည့်ဝအောင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းအောင် ဆောင်ရွက်ကြ ရမည်ဖြစ် ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း)(လေ)၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်းတွင် ပါဝင်သည့် အရာရှိ၊ စစ်သည်များအား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်မြင့်မား စေရန် ရည်ရွယ်၍ မိတ္ထီလာတပ်နယ် တွင်ပြုလုပ်သော တပ်မတော် (ကြည်း) (လေ) ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်းကို ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှု စစ်ဆေးသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နှင့် စစ်ဦးစီးတက္ကသိုလ် တို့မှ သင်တန်းသား အရာရှိကြီးများ နှင့် ပြည်တွင်း သတင်းမီဒီယာ များ တက်ရောက် ကြသည်။

ဦးစွာ လေ့ကျင့်ခန်း ပြုလုပ်သည့် ရှုရပ်ကုန်းရှိ ရှင်းလင်းဆောင်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား လေ့ကျင့်ခန်းတွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင်က လေ့ကျင့်ခန်း အကြောင်းအရာနှင့် ပတ်သက်၍ သဲမြေပုံဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် လေ့ကျင့်ခန်းအား အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင်ကြရာ လေ့ကျင့်ခန်းတွင် ပါဝင်လုပ်ဆောင် ကြမည့် ခြေလျင်နှင့် သံချပ်ကာတပ်ဖွဲ့ များသည် နောက်ပိုင်း ဌာနချုပ် မှ ရှေ့တန်းစုရပ်၊ ၄င်းမှ ခွဲလွှတ်ရပ်၊ ၄င်းမှစီရပ်သို့ ချီတက်၍ စီရပ်တွင် တိုက်ပွဲဝင်ပုံစံဖြင့် တပ်ဖြန့်မှုအား ဆောင်ရွက် ကြသည်။

ထိုသို့ ဆောင်ရွက်နေစဉ် အတွင်း လေကြောင်းချီ တပ်ဖွဲ့များက ရန်သူ့အုပ်ချုပ် ထောက်ပံ့ရေး စခန်းနေရာအား စီးနင်း တိုက်ခိုက်ရန် ပြင်ဆင်ခြင်း၊ ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့ ဝင်များက ရန်သူ့ ဆက်သွယ်ရေးနှင့် ရေဒါစခန်း နေရာအား စီးနင်းတိုက်ခိုက်ခြင်း၊ တပ်မတော်(လေ) မှ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ် များဖြင့် ရန်သူ့ပစ်မှတ် အသီးသီးအား ကြိုတင် ချေမှုန်းခြင်း၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ အတွဲလိုက်ဒုံးများ ပစ်ခတ်ခြင်း၊ ခြေလျင်အကူ လက်နက်ကြီး များဖြင့် ပစ်ခတ်၍ ကြိုတင် ချေမှုန်းခြင်းများ ဆောင်ရွက်ကြပြီး တိုက်ပွဲပုံစံ အဆင့်လိုက် အတိုင်း ခြေလျင်နှင့် သံချပ်ကာတပ်ဖွဲ့ များက ထိုးဖောက် ဝင်ရောက်၍ ရန်သူကိုချေမှုန်း တိုက်ခိုက်ပြီး ရည်မှန်းချက် အသီးသီးကို သိမ်းပိုက်ကြသည်။

ယင်းနောက် ရန်သူ၏နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် များအား မိမိ အမြောက်တပ်ဖွဲ့ များမှ ပစ်ခတ်ချေမှုန်းခြင်း၊ တိုက်ပွဲဝင် တပ်ဖွဲ့များက ပူးပေါင်းပြီး စီးနင်း တိုက်ခိုက်ခြင်းနှင့် ရန်သူအား လွတ်ထွက် မသွားစေရန် ပိတ်ဆို့ခြင်း၊ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို အရေးပေါ် လူနာတင်ယာဉ် များဖြင့် သယ်ဆောင်ခြင်း၊ အရေးကြီး လူနာများကို ရဟတ်ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ မိမိတပ်များ အတွက် လေကြောင်းမှ ခဲယမ်း၊ ရိက္ခာချပေးခြင်း များအား ဆောင်ရွက်ကြပြီး လေ့ကျင့်ခန်းကို ပြီးဆုံးရပ်နား ခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ရှိသူများနှင့် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသူများအား ရှုရပ်ကုန်းတွင် လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာ ၌ တပ်မတော်အား Standard Army အဖြစ် တည်ဆောက်ရာတွင် ယခုလို လေ့ကျင့်မှုများမှ ရရှိလာသည့် အတွေ့အကြုံများ အပေါ် မူတည်ပြီး ဖော်ထုတ်  သုံးသပ်ချက် များက များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ လေ့ကျင့်စဉ် ကာလအတွင်း ရာသီဥတု အခြေအနေ ကြောင့် လေယာဉ်၊ ရဟတ်ယာဉ်များ အပါအဝင် ချိန်းယာဉ်၊ ဘီးယာဉ်၊ ယန္တရားများ အားလုံး သွားလာရန် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရ သော်လည်း နည်းလမ်း ပေါင်းစုံဖြင့် ကျော်ဖြတ်နိုင် ခဲ့ကြောင်း၊ စစ်မြေပြင် တွင်လည်း ယင်းအခက်အခဲ မျိုးကို အခြေအနေ အချိန်အခါ နေရာမရွေး ကြုံတွေ့ နိုင်ခြင်းကြောင့် မည်သို့ ကျော်လွှားရ မည်ကို တွေးဆ ပြင်ဆင်မှု၊ လေ့ကျင့်မှု များပြု လုပ်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လေကြောင်းမှ ပစ်ခတ်ချေမှုန်း ခြင်းနှင့် ပတ်သက်၍လည်း ခေတ်သစ်စစ်ပွဲ များတွင် မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ မတူညီသော လေယာဉ်၊ ရဟတ်ယာဉ် အမျိုးအစား များဖြင့် အချိန်ကိုက် ဝင်ရောက်ပြီး ပစ်မှတ်များကို တိကျစွာ ပစ်ခတ်ချေမှုန်း ၍ မြေပြင်တပ် များကို အနီးကပ် လေကြောင်း ပစ်ကူပေး နိုင်ခြင်းမှာ လေ့ကျင့်သား ပြည့်ဝမှု၊ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်း ကြောင့် ဖြစ်ကြောင်း၊ လေယာဉ်၊ ရဟတ်ယာဉ် များကို စွမ်းအားပြည့် သုံးနိုင်အောင် ဆောင်ရွက်ရမည့် အပြင် စွမ်းအားဖြည့် ပေးရန်လည်း လိုအပ်ကြောင်း ထည့်သွင်း ပြောကြားသည်။

တင့်တပ်ဖွဲ့၏ အရေးပါမှုနှင့် ပတ်သက်၍ မိမိနိုင်ငံ၏ မြေမျက်နှာ သွင်ပြင်မှာ တင့်တပ်ဖွဲ့၏ စစ်ဆင်နိုင်မှု အနေအထား များစွာရှိခြင်း ကြောင့် ယခုပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း သည် နိုင်ငံအတွက် လွန်စွာ အရေးပါကြောင်း၊ တင့်တပ်ဖွဲ့၏ စွမ်းပကား ကိုလည်း ပိုမိုမြှင့်တင် ရမည်ဖြစ်ကြောင်း၊ အမြောက် တပ်ဖွဲ့၏ ပစ်အား အပါအဝင် ကြည်း၊ လေ ပူးပေါင်း ပစ်အားနှင့် စစ်ကစားမှုကို အခြေခံ ထားသော လေ၊ ကြည်း စစ်ဆင်မှု သဘောတရားသည် ပြည်ပအန္တရာယ် ကို တွန်းလှန် ကာကွယ်ရာတွင် ဆင်နွှဲရမည့် သမားရိုးကျ စစ်၏ အခြေခံပင် ဖြစ်ကြောင်း ပြောကြားသည်။

အုပ်ချုပ် ထောက်ပံ့မှု ကောင်းခြင်းသည် စစ်ပွဲ အောင်နိုင်မှု၏ ၅ဝ ရာခိုင်နှုန်းကို သေချာစေ နိုင်ကြောင်း၊ ယာဉ်၊ ယန္တရား၊ လက်နက်၊ ခဲယမ်းမီးကျောက်၊ ရိက္ခာ၊ စက်သုံးဆီ၊ သောက်သုံးရေ စသည်ဖြင့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများကို စစ်မြေပြင်တွင် အလေးထား တွက်ချက်စဉ်းစား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထို့အတူ ဆေးတပ်ဖွဲ့ လုပ်ငန်းများ ဖြစ်သည့် စစ်မြေပြင်လူနာ ရွှေ့ထုတ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဓာတုလက်နက် ဘေးအန္တရာယ် ကာကွယ်မှုများ၊ လူသားချင်း စာနာ ထောက်ထားမှုဖြင့် အကူအညီပေး ဆေးဝါး ကုသမှုများ ကိုလည်း ကျွမ်းကျင် နိုင်နင်းစွာ လုပ်ဆောင်နိုင် ရမည် ဖြစ်ကြောင်း၊ ၄င်းအပြင် စစ်မြေပြင်တွင် လူသားချင်း စာနာ ထောက်ထားမှုနှင့် ပတ်သက်၍ မိမိတို့၏ စစ်သည်တော် ကျင့်ဝတ်၊ ဂျီနီဗာ ကွန်ဗင်းရှင်း ပါ ကျင့်ဝတ် များနှင့်အညီ တပ်ဖွဲ့ဝင် အားလုံးက တိကျစွာ လိုက်နာလုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ ပြည်ပရန်ကို ကာကွယ်ရာတွင် လည်းကောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရာတွင် လည်းကောင်း၊ ဒေသခံ ပြည်သူလူထုအနေဖြင့် မြေစာပင်အဖြစ် ကြားညှပ်ခံစား နေရသည်ကို တွေ့ကြုံ ရကြောင်း၊ စစ်မြေပြင်တွင် ရန်သူ၊ မိတ်ဆွေ မခွဲခြားနိုင် သေးသည့် အချိန်နှင့် ရန်သူဟု သတ်မှတ်၍ မရသည့် အချိန်တို့တွင် ပြဋ္ဌာန်း သတ်မှတ် ထားသည့် ကျင့်ဝတ် စည်းကမ်းများနှင့် အညီသာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ မညီညွတ်ပါက ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း ခံရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်၍ လေ့ကျင့်ခန်း တစ်ခုလုံး၏ အနှစ်သာရ မှာ လေ့ကျင့်ခန်းတွင် ပါဝင်သည့် ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ နှင့်အခြား လက်ရုံးတပ်ဖွဲ့ အားလုံး၏ ဟန်ချက်ညီ အချိန်ကိုက် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ခန်းတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ယုံကြည်မှု ရှိခြင်း၊ အချိန်တိကျမှု နှင့် အချိန်အား တန်ဖိုးထား လေးစားမှုရှိခြင်း၊ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်း၊ အမိန့်နာခံမှု ကောင်းမွန်ခြင်း တို့ကို အားသာချက် အဖြစ် တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်း များတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက် များကို သင်ခန်းစာ ဖော်ထုတ်၍ တပ်ဖွဲ့အလိုက် လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်း ပြင်ဆင်ဖြည့်စွက် စီမံဆောင်ရွက် ခြင်းဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပိုမို တိုးတက်မြင့်မား၍ စွမ်းရည်ရှိသည့် တပ်မတော် ဖြစ်လာမည် ဖြစ်ကြောင်း မှာကြားသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရှုရပ်ကုန်း၌ လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် ခြေလျင်နှင့် အကူလက်ရုံးတပ် များမှ အရာရှိ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်သည်။

အဆိုပါ လေ့ကျင့်ခန်းသို့ ပြည်တွင်း သတင်းမီဒီယာ များလည်း တက်ရောက် သတင်းရယူ ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သတင်းမီဒီယာ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်းသတင်း ရရှိသည်။ (၁၀၀) 


မြေပြင်မှ မြေပြင်ပစ်ဒုံးဖြင့် ပစ်ခတ်မှု လေ့ကျင့်စဉ်
တံတားထိုးယာဉ်ဖြင့် တံတားထိုးပြိး တင့်ကားဖြတ်သန်းစဉ်



တပ်မတော်(ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်း ဆောင်ရွက်စဉ်

တိုက်လေယာဉ်များဖြင့် ပစ်မှတ်ကို ပစ်ခတ်မှုလေ့ကျင့်စဉ်

 


မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger