www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 5, 2016

မြောက်ကိုရီးယားကြောင့် အရေးပေါ်လုံခြုံရေးအစည်းအဝေး ခေါ်ယူခဲ့ရသည့် ကုလသမဂ္ဂ




( ရှိန်းထက် )

မြောက်ကိုရီးယား သည် သြဂုတ် ၂ ရက်က ဒုံးပျံများကို ဂျပန်ပင်လယ်ပြင်သို့ ထပ်မံပစ်လွှတ် ခဲ့ပြန်သည်။ တာလတ်ပစ် ဒုံးပျံများဖြစ်ပြီး ပထမဆုံး အနေဖြင့် ဂျပန်၏ အထူးစီးပွားရေး ဇုန် အိုဂါကျွန်းစွယ်များ EEZ အတွင်းသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော ဂျပန်၏ အဓိကအချက်အချာ ကျသည့် နေရာ တစ်ခုလည်းဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတော့ အကြီးမားဆုံး ခြိမ်းခြောက်မှုဟု ခေါင်းစဉ်တပ်ခဲ့သည်။ မြောက်ကိုရီးယား၏ အဆိုပါ ဒုံးပျံ ပစ်လွှတ်မှုကြောင့် ကုလသမဂ္ဂက လုံခြုံရေးကောင်စီ အစည်းအဝေး ချက်ချင်းခေါ်ယူခဲ့ ရသည်။

နျူကလီးယား နည်းပညာတွင် ဒုံးပျံစမ်းသပ်ခွင့် များပါ ပါဝင်သောကြောင့် ကုလသမဂ္ဂ၏ ပိတ်ပင် တားမြစ်ချက် များတွင် မြောက်ကိုရီးယား ၏ ဒုံးပျံအရေးလည်း ပါဝင်သည်။ ထို့ကြောင့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာက မြောက်ကိုရီးယား ၏ နျူကလီးယား နှင့် ဒုံးပျံစမ်းသပ်ခွင့် များကို အပြင်းအထန် ပိတ်ပင်ထားခြင်း ဖြစ်သည်။ အရေးယူ ပိတ်ဆို့မှုများကို အီရန်ထက် အဆပေါင်းများစွာ သာသော ကမ္ဘာ့ အကြီးမားဆုံး အရေးယူ ပိတ်ဆို့မှုများဖြင့် အရေးယူ ထားသည်။ သို့သော်လည်း မြောက်ကိုရီးယား က သူ၏ စီးပွားရေး ပိုပိတ်လေ ပိုပြီး စမ်းသပ်မှုများကို ပြုလုပ်လေ ဟု ဆိုခဲ့သည်။ ဇူလိုင် ၁၉ ရက်ကလည်း အရှေ့ဂျပန် ပင်လယ်ပြင် သို့ပင် တာတိုပစ်ဒုံးပျံ သုံးစင်း စမ်းသပ်ပစ် လွှတ် ခဲ့သေးသည်။ ၂ဝ၁၅ ခုနှစ်မှစ၍ မြောက်ကိုရီးယား သည် ဒုံးပျံစမ်းသပ်မှု များကို ထူးခြားစွာ ခပ်စိပ်စိပ် ပြုလုပ်လာ ခဲ့သည်။ ထိုကြားထဲက မြောက်ကိုရီးယား တို့သည် မိုင်ပေါင်း ၇ဝဝဝ ခန့်ထိ ရောက်နိုင်သော တာဝေးပစ် ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့သည်။

ဂျပန်သို့ အရောက်ပစ်နိုင်ရန် မြောက်ကိုရီးယား သည် တာလတ်ပစ် ဒုံးပျံများသာ လိုသည်။ မြောက်ကိုရီးယား သည် တာလတ်ပစ် ဒုံးပျံများနှင့်ပင် ဂျပန်နိုင်ငံ တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ကင်ဂျုံအီ သေဆုံးပြီး ယခု သူ့သားအသက် ၃၁ နှစ်အရွယ် ကင်ဂျုံအွန် အာဏာရလာ ခဲ့သည်။ ၂ဝ၁၁ ခုနှစ်မှစတင်ကာ မြောက်ကိုရီးယား သည် ဒုံးပျံစမ်းသပ်မှု ပေါင်း ၃ဝ ကျော် လုပ်ဆောင် ခဲ့ပြီး ဖြစ်သကဲ့သို့ ပိုမို အထီးကျန်ဆန် လာခဲ့သည်။ 

ထိုအရာကပင် မြောက်ကိုရီးယား ကို စစ်ပွဲတစ်ပွဲဆီသို့ အရောက်သွားရန် တွန်းအားပေး နေသလို ဖြစ်နေသည်။ ယခု တရုတ်ကလည်း မြောက်ကိုရီးယားကို အရေးယူ ပိတ်ဆို့မှုတွင် ပါဝင်ရန် အမေရိကန်၏ ဖိအားပေး မှုနှင့် နီးစပ်နေသည်။ ယခု မြောက်ကိုရီးယား သည် စီးပွားရေးလည်း ပိုမိုကျပ်တည်း လာကာ ထင်ရာ စွတ်လုပ်သည့် ကင်ဂျုံအွန် ကြောင့် နိုင်ငံတကာ က စိုးရိမ်နေရသည်။

ထို့ကြောင့် အမေရိကန်သည် တောင်ကိုရီးယား၌ အမေရိကန်ဒေါ်လာ သန်း ၈ဝဝ ကျော် အကုန်အကျခံကာ THAAD လေကြောင်းရန် ကာကွယ်ရေး စနစ်ကို တပ်ဆင်ရန် ဖြစ်လာခဲ့ရသည်။ ဆောင်းဂျူခရိုင် ၌ တပ်ဆင်မည်ဖြစ်ပြီး မြောက်ကိုရီးယား တို့ ပစ်ခတ်လာမည့် ဒုံးပျံများကို ကာကွယ် နိုင်မည်ဖြစ်ကာ တောင်ကိုရီးယား တစ်နိုင်ငံလုံး၏ သုံးပုံနှစ်ပုံကို အပြည့်အဝ ကာကွယ် ပေးနိုင်မည် ဖြစ်သည်။

မြောက်ကိုရီးယား ကတော့ အမေရိကန်ရဲ့ THAAD လေကြောင်းရန် ကာကွယ်ရေးစနစ်သည် သူ့နိုင်ငံ၏ လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်။ စစ်ရေးအတွက် အမေရိကန် ဘက်က လှုံ့ဆော်မှု ဖြစ်သည်ဟု ဆိုကာ သူ၏နိုင်ငံ ကာကွယ်ရေး အတွက် ဒုံးပျံစမ်းသပ် နေရကြောင်း စသည်ဖြင့် ဆင်ခြေပေးသည်။ ယခုတော့ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများမှာ ယခင်ကထက် စိုးရိမ်စရာ ကောင်းလာခဲ့သည်။ ၂ဝ၁၆ ခုနှစ် အစပိုင်းကပင် ခြိမ်းခြောက်မှုများက ယခုအချိန်ထိ ရပ်တန့်မသွား ခဲ့ဘဲ အမြင့်ဆုံး အခြေအနေသို့ပင် ရောက်ရှိ လာနေပြီဖြစ်သည်။ ပထမဆုံး ဇန်နဝါရီလက ကင်ဂျုံအွန်၏ မွေးနေ့ကို ဂုဏ်ပြုပြီး ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ခဲ့သည်။ စမ်းသပ်မှု အောင်မြင်ခဲ့ပြီး ပြင်းအား ၄ ရစ်ခ်ျတာစကေး ကျော်ရှိသော ငလျင်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလနှင့် မတ်လ တို့တွင် မြောက်ကိုရီးယား တို့ ဒုံးပျံ များကို ဆက်တိုက်ပစ်လွှတ် ခဲ့ကြသည်။

တိုက်ချင်းပစ်ဒုံးပျံ ICBM ကိုပင် ၂ဝ၁၇ ခုနှစ်တွင် စမ်းသပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ အမေရိကန် တို့သည် ဟိုက်ဒရိုဂျင်ဗုံး ကို နျူကလီးယားဗုံး တီထွင်ပြီး လေး၊ ငါးနှစ် နောက်ကျပြီးမှသာ တီထွင်နိုင် ခဲ့သည်။ ယခုမြောက်ကိုရီးယား တို့က ဟိုက်ဒရိုဂျင်ဗုံး ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် နျူကလီးယားကို ပိုင်ဆိုင် နေပြီဟု ယူဆထားသည်။ နျူကလီးယား ထိပ်ဖူး လေးခုအထိ ပိုင်ဆိုင်မှု ရှိနိုင်သည် ဟုပင် အမေရိကန်တို့က ပြောသည်။

ယခု ကင်ဂျုံအွန် သည် ရေငုပ်သင်္ဘော ဆီမှ ဒုံးပျံပစ်လွှတ် နိုင်မည့် နည်းပညာကို အသည်းအသန် လိုချင်နေသည့် အချိန်ဖြစ်သည်။ စမ်းသပ်ဆဲ အဆင့်ဟု ဆိုသော်လည်း ခရီးအတော်အတန် ရောက်ရှိနေပြီ ဖြစ်သည်။
ရေငုပ်သင်္ဘော ပေါင်း ၇ဝ ကျော် ပိုင်ဆိုင်ထားပြီး မြောက်ကိုရီးယား သည် ကမ္ဘာ့အင်အား အကောင်းဆုံး ရေငုပ်သင်္ဘော အုပ်စုကို ပိုင်ဆိုင်ထားသည့် နိုင်ငံလည်း ဖြစ်သည်။ အမေရိကန် သည် ဂျပန်နှင့် တောင်ကိုရီးယား တို့၌ အချိန်ပြည့် မြောက်ကိုရီးယား ၏ ရေငုပ်သင်္ဘော များကို စောင့်ကြည့် နေရသည်။ ထိုကြားထဲမှပင် မြောက်ကိုရီးယား သင်္ဘောများသည် တစ်ခါတစ်ရံ အမေရိကန် တို့ရေဒါပေါ်က ပျောက်ပျောက် သွားတတ် သေးသည်။ 

မြောက်ကိုရီးယား တို့သာ သင်္ဘောပေါ်က နျူကလီးယားဒုံးပျံ ပစ်လွှတ်နိုင်သည့် နည်းပညာသာ ပိုင်ဆိုင်သွားခဲ့ ပါက ကမ္ဘာ့ စစ်ရေး ခြိမ်းခြောက်မှုသည် အဆိုးဆုံး အခြေအနေတစ်ခု ဖြစ်သွားတော့မည် ဖြစ်သည်။ မကြာခဏ မြောက်ကိုရီးယား တို့သည် တောင်ကိုရီးယား ရေပြင်ကို ကျူးကျော်သည်။ စစ်ရေးအတွက် လှုံ့ဆော်မှုများကို ပြုလုပ်သည်။ မကြာမီကပင် မြစ်ညာဘက် ကနေ တောင်ကိုရီးယား ဘက်ခြမ်းသို့ ဝါဒဖြန့်သည့် စာရွက်များကို ရေမျှောခဲ့ သေးသည်။ ထို့ကြောင့်ပင် မြောက်ကိုရီးယား တို့သည် စစ်ကိုဖြစ်ပွား စေချင်သည့် နိုင်ငံအနေဖြင့် စွပ်စွဲခံနေရခြင်း ဖြစ်သည်။

မြောက်ကိုရီးယား က စစ်ရေးအတွက် ပိုမိုခြိမ်းခြောက်မှု ပေးလေ ကုလသမဂ္ဂနှင့် အနောက်အုပ်စုက အရေးယူ ပိတ်ဆို့မှု များကို ပိုမိုပြုလုပ်လေ ဖြစ်သည်။ ထို့ကြောင့် တစ်နှစ်ကို သန်းရာနှင့် ချီ၍ ကူညီကာ ပို့ပေး နေရသော အစားအသောက် များကို ပိုမိုဖြတ်တောက် လာလေ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ ဒုက္ခရောက်ကြ တော့သည်။ မြောက်ကိုရီးယား ကလေးငယ် များသည် များသောအားဖြင့် အာဟာရချို့တဲ့ ကြသည်။ ကိုယ်ဝန်ဆောင် မိခင်များသည် များသောအားဖြင့် လုံလောက်သည့် ဆေးဝါးကုသမှု မရရှိကြပေ။ ထို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသည်။ ဒိန်းမတ် အခြေစိုက် လူသားချင်း စာနာ ထောက်ထားရေး အကူအညီ ပေးရေးအဖွဲ့ Mission East မှ မန်နေးဂျင်း ဒါရိုက်တာ ကင်ဟာတန်ဇာ ၏ အစီအရင်ခံစာ တွင် မြောက်ကိုရီးယား ၌ သူတွေ့ကြုံခဲ့ ရသောအရာ များသည် ကမ္ဘာပေါ်၌ အဆိုးဆုံး အခြေအနေ ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ကင်ဂျုံအွန် က စစ်ဘက်ကို လိုက်လေ မြောက်ကိုရီးယား ပြည်သူများက အငတ်ဘေးဆိုက် လေဆိုသလို ဖြစ်နေသည်။ အီရန်နိုင်ငံသည်ပင် ၄င်း၏ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ပြီး ပြည်သူများ မျက်နှာကို ကြည့်ခဲ့သည်။ ထို့ကြောင့် ယခုအီရန်၏ စီးပွားရေးသည် တစ်စတစ်စ အကောင်းဘက်ကို အရှိန်ဖြင့် ဦးတည်နေပြီ ဖြစ်သည်။ သို့သော် ကင်ဂျုံအွန် ကတော့ နျူကလီးယားမှ နျူကလီးယား ဖြစ်နေသေးသည်။

ထို နျူကလီးယား သာ မြောက်ကိုရီးယား တို့ မစွန့်လွှတ်ခဲ့ပါက တစ်ချိန်တွင် ကျိန်းသေပေါက် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် အတူ မြောက်ကိုရီးယား တို့ စစ်ပွဲတစ်ပွဲကို ရင်ဆိုင်တွေ့ကြုံ ရတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger