www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 4, 2016

အမေရိကန်-ရုရှား ပူးပေါင်းစစ်ဆင်ရေး ကို ထိခိုက်စေနိုင်သည့် ရုရှားရဟတ်ယာဉ် ပစ်ချခံရမှု


အမေရိကန်-ရုရှား ပူးပေါင်းစစ်ဆင်ရေး ကို ထိခိုက်စေနိုင်သည့် ရုရှားရဟတ်ယာဉ် ပစ်ချခံရမှု


( ရှိန်းထက် )

သြဂုတ် ၁ ရက်က ရုရှား၏ Mi-8 ပို့ဆောင်ရေး ရဟတ်ယာဉ် သည် အမေရိကန် ကျောထောက် နောက်ခံပြုထားသော သူပုန်တို့၏ ပစ်ချခြင်းကို ခံခဲ့ရသည်။ အဆိုပါ ရဟတ်ယာဉ် ပေါ်တွင် ပါလာသူ ငါးဦး သေဆုံးခဲ့ပြီး ယင်း ရဟတ်ယာဉ်မှာ အလက်ပိုမြို့ ရှိ အစာရေစာ ပြတ်လပ်နေသော ဆီးရီးယားပြည်သူ များထံသို့ အစားအသောက် များ ပို့ဆောင်ပေးရန် သွားရောက်ခြင်း ဖြစ်သည်။

ဆီးရီးယားသူပုန် များက မြို့ထဲ၌ ပိတ်မိနေသော ပြည်သူများ၏ လမ်းကြောင်းကို ဖွင့်ပေးမည်ဟု မကြေညာမီ ကပင် ရုရှား သည် လူသားချင်း စာနာ ထောက်ထားသော အကူအညီ များကို ပေးနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂ အကူအညီ တစ်ခုတည်း ကိုသာ စောင့်ဆိုင်း နေစရာမလိုဘဲ ဆီးရီးယားပြည်သူ များအဖို့ အဆင်ပြေ နေခဲ့သည်။ သို့သော် ယခုအခါ ရုရှားတို့က ထိုလမ်းကြောင်းကို ပြောင်းပစ်ရန် သို့မဟုတ် ပိတ်ပစ်ရန် အထိ စဉ်းစားလာပြီ ဖြစ်သည်။

သူပုန်နှင့် အစိုးရတပ်တို့ အကြား ပိတ်မိနေသော ဆီးရီးယား ပြည်သူများ အစာရေစာ ပြတ်လပ်နေသည်မှာ ၂ဝ၁၅ ခုနှစ် ကတည်းက ဖြစ်ပြီး အစားအစာ ကူညီ ထောက်ပံ့မှုများ ကြောင့်သာ အသက်ရှင်သန် နေခဲ့ရသည်။ သူပုန်တို့၏ လုပ်ရပ်သည် ဆီးရီးယားပြည်သူ များအား အငတ်ဘေးကို တာရှည်အောင် လုပ်နေ သကဲ့သို့ အမေရိကန် နှင့် ရုရှားတို့၏ ဆီးရီးယားတွင် ပူးပေါင်း စစ်ဆင်ရေး ကိုလည်း ထိခိုက် စေနိုင်သည်။

ဇူလိုင်လက အမေရိကန်သည် ရုရှားနှင့် ဆီးရီးယားတွင် ISIS ကို ပူးပေါင်း စစ်ဆင်ရေး အတွက် ကမ်းလှမ်းခဲ့သည်။ ရုရှားကလည်း သူ့ကို အမေရိကန်တို့ ကမ်းလှမ်းအောင် ပြုလုပ်ခဲ့သည်။ သူတို့ ထိန်းချုပ်ထားသော နေရာမှ ISIS များကို မတိုက်ဘဲ အမေရိကန် ကျောထောက် နောက်ခံ ပေးထားသော သူပုန်များကိုသာ တိုက်ထုတ်ရန် ဆီးရီးယား သမ္မတ အာဆတ် ကို အကူအညီ ပေးခဲ့သည်။

ထို့ကြောင့် ရုရှားမပါဘဲ ဆီးရီးယားတွင် ISIS ကို တိုက်ထုတ်ရန်မှာ မဖြစ်နိုင်သည့် အနေအထား တစ်ရပ်သို့ ရောက်ရှိလာခဲ့ သည်။ အမေရိကန်က သံတမန်ရေး အရ အကြမ်းဖက် ဝါဒကို တိုက်ဖျက်ရန် ကမ်းလှမ်း လာသောအခါ နာမည်ကောင်း လည်းရ စီးပွားရေး အရလည်း အမြတ်ထွက်မည့် ရုရှား၏ တွက်ကိန်း ဖြစ်လာသည်။ အမေရိကန် သည် အချိန်တို အတွင်း၌ ရုရှားကို ကမ်းလှမ်း လာခဲ့သည်။ ထိုအခါ ISIS ကို ပူးပေါင်း ထိုးစစ်ဆင်မည့် စီမံကိန်းသည် အကောင်အထည် ပေါ်လာရန် ရာခိုင်နှုန်း အများဆုံး ဘက်သို့ ရောက်ရှိခဲ့သည်။ သို့သော် ယခု ထိုပူးပေါင်းမှု များနှင့် သဘော တူညီမှု များသည် စိုးရိမ်ရေမှတ် သို့ ရောက်နေသည်။ ရုရှားသမ္မတ ပူတင် သည် ၄င်း၏ လေယာဉ်မှူး နှစ်ဦး အပါအဝင် သူ့ Su-24 တိုက်လေယာဉ်ကို ပစ်ချခဲ့သော တူရကီ အား အဆိုးဆုံး အနေအထား နှင့် တုံ့ပြန်ခဲ့သည်။ စီးပွားရေး ကုန်သွယ်မှု များကို ပိတ်ပစ်ခဲ့သည်။ စစ်ရေးအရလည်း တင်းမာမှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည် အထိ ဆိုးရွားသွား ခဲ့သည်။

ထို့ကြောင့် အရှေ့ အလယ်ပိုင်းတွင် ရုရှား-တူရကီ စစ်ပွဲတစ်ပွဲ ဖြစ်ပွားဖို့ အထိပင် ဖြစ်ခဲ့ရသည်။ ယခုလည်း သူပုန်တို့၏ လုပ်ရပ်သည် တည်ငြိမ်ခါနီး နေသော ရုရှားကို သွားဆွပေးနေ သလို ဖြစ်နေသည်။ ထို့ကြောင့် အမေရိကန်နှင့် ISIS ကို ပူးပေါင်း စစ်ဆင်ရေးထက် သူပုန်များကို အမြစ်ဖြတ်ဖို့ အထိပါ ရုရှားတို့ စဉ်းစားလာ နိုင်သည်။ အမေရိကန်တို့ ISIS ကို ပူးပေါင်း ထိုးစစ်ဆင်ရန် စတင်ကမ်းလှမ်း ထားကတည်း ကပင် ရုရှားသည် သူပုန်တို့ကို စစ်ဆင်ရေး ရပ်တန့်ထား ခဲ့သည်။ သို့သော် ၄င်းတို့က ရုရှားလေယာဉ် ကိုမှ ပစ်ချခဲ့သည်။

အမေရိကန်၏ အစီအစဉ်သည် လစ်ဗျားတွင် စတင်ပြီး ISIS တို့ကို ပြင်သစ်နှင့် ပေါင်းပြီးတိုက်မည်။ ထိုအချိန်တွင် ဆီးရီးယားတွင်လည်း ပူတင်နှင့်ပေါင်းပြီး ISIS ကိုတိုက်မည်။ အီရတ်တွင် အမေရိကန်   နှင့် ပူးပေါင်းသော အစိုးရတပ်၏ ဦးဆောင်မှုဖြင့် မြို့သိမ်း တိုက်ပွဲများသည် အောင်မြင်မှု အရှိန်ရနေသည်။ အဓိက သုံးနေရာစလုံး ကို ဝင်တိုက်မည့် အမေရိကန်၏ အစီအစဉ်ဖြစ်သည်။ ထိုသုံးခုစလုံးတွင် ရုရှားသည် အဓိက ဖြစ်နေသည်။ ထို့ကြောင့် အမေရိကန်တို့က စ၍ ရုရှားကို ကမ်းလှမ်းခဲ့သည်။ ပူတင် ကလည်း မီးစိမ်းပြဖို့ အခြေအနေ ဖြစ်သည်။

သို့သော် ယခုသူပုန်တို့၏ လုပ်ရပ်သည် ISIS သုတ်သင်ရေး တစ်ခုလုံးကို ကမောက်ကမ ဖြစ်သွား စေနိုင်သည်။ ထို့ပြင် သူပုန်တို့သည် အယ်လ်ကိုင်ဒါ တို့နှင့် အဆက်အသွယ် လည်း ရှိနေသောကြောင့် အကယ်၍ ရုရှား တိုက်မည်ဆိုပါက နာမည်တပ်၍ ရသည်။ အယ်လ်ကိုင်ဒါ စစ်သွေးကြွ များကို တိုက်သည် သို့မဟုတ် သူ့လေယာဉ်ကို ပစ်ချ ခဲ့သောကြောင့် သူပုန်များကို တိုက်သည် စသည်ဖြင့် ခေါင်းစဉ်တပ်ရန် အခြေအနေ ကောင်းနေသည်။ ထိုကဲ့သို့ ရုရှားလုပ်လိုက် ပါက အမေရိကန် တို့ အီရတ်နှင့် လစ်ဗျားတွင် ပြုလုပ်မည့် ISIS အမြစ်ဖြတ်ရေး ဆိုသည့် ဆောင်ပုဒ်သည် စင်းလုံးချော အောင်မြင် လိမ့်မည် မဟုတ်ပေ။ အမေရိကန် တို့သည် ဆီးရီးယား သမ္မတ အာဆတ် ကိုဖြုတ်ချမည့် ဆီးရီးယား သူပုန်များကို ထောက်ပံ့ပေးသည် ဆိုသော်လည်း သူတို့ ကိုယ်တိုင်က အားလုံးကို ထိန်းချုပ်နိုင်ခြင်း မဟုတ်ပေ။

အမေရိကန်က ထောက်ပံ့ပေးသော လက်နက်များသည် ISIS လက်ထဲသို့ ရောက်သည်က ရောက်သည်။ အယ်လ်ကိုင်ဒါ လက်ထဲသို့ ရောက်သည်က ရောက်သည်။ အထူးသဖြင့် ၄င်းတို့ဆီက စစ်သင်တန်းများကို သင်ယူပြီး စစ်သွေးကြွ များနှင့် ပူးပေါင်းခြင်းက ပိုဆိုးခဲ့သည်။

ယခု ထိုသူပုန်များသည် သူတို့၏စီမံ ကိန်းကြီးကိုပင် ဖျက်ဆီးပစ် လိုက်သည့် အနေအထားသို့ ရောက်လုနီးပါး ဖြစ်နေသည်။ ထို့ကြောင့် အမေရိကန် - ရုရှား ပူးပေါင်း စစ်ဆင်ရေးသည် အကောင်အထည် မပေါ်သေးမီမှာပင် ပျက်စီးမည့်ကိန်း ဆိုက်ရတော့မည်။

ရုရှားဘက်ကသာ သူပုန်များကို စစ်ရေးအရ မတုံ့ပြန်လျှင် ထိုပူးပေါင်း စစ်ဆင်ရေးသည် အကောင်အထည် ပေါ်လာနိုင်သည်။ သို့သော် ထိုအရာ ဖြစ်လာရန် အမေရိကန် ဘက်က ရုရှားတို့ ကျေနပ်လောက်သည့် တုံ့ပြန်မှုတစ်ခုခု လုပ်ပေးဖို့ လိုသည်။ ထိုသို့ မဟုတ်ပါက ခေါင်းငုံ့ခံ မနေတတ်သည့် ရုရှားကြောင့် ပြဿနာပိုမို ကြီးထွား လာနိုင်သည်။

ယခုအချိန်သည် ISIS တို့ အားအနည်းဆုံး အချိန်ဖြစ်သည်။ လစ်ဗျား၊ ဆီးရီးယားနှင့် အီရတ်တို့တွင် အထိနာနေသည်။ နယ်မြေ သုံးပုံတစ်ပုံ ကျော်ကို ပြန်ပေးခဲ့ရပြီး ဖြစ်သည်။ သို့သော် ပြည်ပရောက် ISIS လက်သစ် များက အကြမ်းဖက် လုပ်ငန်းများကို အရှေ့ အနောက်နိုင်ငံ အနှံ့ အောင်မြင်စွာ ပြုလုပ်နိုင်သည်။ သို့သော် သေချာသည်မှာ ISIS တို့ အားအနည်းဆုံး အချိန်ဖြစ်သည်။ ထိုအချိန်ကို အခွင့်ကောင်း ယူကာ အမေရိကန်တို့ တစ်ပြိုင်တည်း ဘက်ပေါင်းစုံက တိုက်စစ်ဆင် နေခြင်းဖြစ်သည်။

အကယ်၍ အမေရိကန် - ရုရှား ပူးပေါင်း စစ်ဆင်ရေးသာ အကောင်အထည် ပေါ်လာခဲ့ပါက အမေရိကန်တို့ ၂ဝ၁၄ ခုနှစ် ကတည်းက ကြွေးကြော်ခဲ့သော အကြမ်းဖက်ဝါဒ ကမ္ဘာကြီးပေါ်က ပျောက်ကွယ်သွား ရမည်။ ISIS တို့ ကမ္ဘာကြီးပေါ်က ပျောက်ကွယ်သွား ရမည်ဟူသော ကြွေးကြော်ချက် သည် အကောင်အထည် ပေါ်လာမည် ဖြစ်သည်။ သို့သော် ထိုရည်ရွယ်ချက် သည် ရုရှားအပေါ်တွင် မှီခို နေသောကြောင့် ယခုသူပုန် တို့၏ လုပ်ရပ်သည် အမေရိကန် တို့စီမံကိန်းကို ရိုက်ချိုးပစ်သလို ဖြစ်ခဲ့ပြီး အမေရိကန်- ရုရှား ပူးပေါင်း၍ လုပ်ဆောင်မည့် ISIS စစ်ဆင်ရေးကို အကြီးမားဆုံး ရိုက်ခတ်မှု ဖြစ်စေပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger