www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 25, 2016

အမှုမဲ့အမှတ်မဲ့ နှင့် ကျန်းမာရေး



ကြည်လွင်မြင့် (မုဒြာ)

စာရေးသူ၏ မိတ်ဆွေ ခေတ်ပညာတတ် တစ်ဦးက မေးသည်။

''ဆရာ အရင်က ရေးခဲ့ဖူးတဲ့ ရေနွေးညသိပ် အဆိပ်ထက်ပြင်း ဆောင်းပါးထဲမှာ တချို့လူတွေက ဓာတ်ဘူးထဲမှာ လက်ဖက်ခြောက်ခတ် ထားပြီးသား ရေနွေးကို ညသိပ်ထားပြီး နောက်တစ်နေ့ နံနက်မှာ အမှတ်မထင် သောက်မိ တတ်တာရယ်၊ ရေနွေးကို ဓာတ်ဘူးနဲ့ ထည့်သောက်သူ တွေအတွက် တခြား သတိထားမိတဲ့ အချက်တစ်ခု ကတော့ ဓာတ်ဘူးထဲမှာ သုတ်လိမ်းထားတဲ့ ပြဒါးတွေ ဟာ ကြာရင်ပျက်ပြီး ကွက်မည်း လာတာ တွေ့ရပါတယ်။ ကျွတ်ထွက်သွားတဲ့ ပြဒါးအမှုန်အစ တွေဟာ ရေနွေးထဲမှာ ပါသွားပြီး သောက်သုံးသူ တွေရဲ့ အစာအိမ်ထဲ ရောက်သွားရင် ပြဒါးအဆိပ်သင့် နိုင်ပါတယ်လို့ ဆရာ ရေးခဲ့တယ်နော်''

''အဲဒါက ဓာတ်ဘူးထဲက ရေနွေးကို ပြန်နွှေးသောက်ပြီး အစာအိမ်နာ၊ အော့အန်တဲ့ လူနာတစ်ဦးက လှမ်းမေးတာပါ''

''ဒါဟာ အမှုမဲ့အမှတ်မဲ့ သတိမထားမိတဲ့ ကိစ္စပေါ့''

''အခုနောက်ထပ် ဆရာ့ကို မေးမြန်းဆွေးနွေး ချင်တဲ့ ကိစ္စတစ်ခုရှိလို့ပါ။ ကျောက်ငရုတ်ဆုံနဲ့ ပတ်သက်လို့ပါ။ ငရုတ်ဆုံနဲ့ ကျောက်ကျည်ပွေ့ကို သုံးပြီး အိမ်တိုင်း လိုလိုမှာ ငရုတ်သီး၊ ကြက်သွန် ထောင်းကြပါတယ်။ ပထမ ဝယ်ခါစတော့ ကျောက်ငရုတ်ဆုံက တိမ်တိမ်လေးပါ။ ခွက်က သေးသေးလေးပါ။ ထောင်းတာ နှစ်ချီလာတဲ့ အခါကျတော့ ခွက်က ပိုပိုကျယ်ပြီး နက်လာပါတယ်။ ဒီငရုတ်ဆုံ ကျယ်လာရတာက ကျောက်သားချင်း ပွတ်တိုက်ရာက ကျောက်မှုန်တွေ ထွက်ပြီး ကျယ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အဲဒီကျောက်မှုန် တွေက ဘယ်ရောက် သွားလဲ။ ငရုတ်သီး၊ ကြက်သွန်တွေနဲ့ အတူ ဟင်းချက် စားသောက်သူ တွေရဲ့ ဝမ်းထဲ ရောက်မသွား ဘူးလား'' ဟု မေးလာပါသည်။

ဤမိတ်ဆွေ မေးရခြင်းမှာလည်း အကြောင်းရှိသည်။ သူသည် အောက်မြန်မာပြည် တနင်္သာရီတိုင်း ဒေသကြီးတွင် နေထိုင်သော သူ၏မိဘများထံ ပြန်ပြီး တစ်နှစ်တစ်ကြိမ် ကန်တော့နေကြ ဖြစ်သည်။ ယခုနှစ် သူပြန် သွားသောအခါ သူ၏မိဘနှစ်ပါးလုံးမှာ ခါးနာရောဂါ ဖြစ်နေကြသည်ဟု ဆိုသည်။ ခါးနာရောဂါ အချိန်ကြာပြီး တဖြည်းဖြည်း ပိုဆိုးလာသဖြင့် ရန်ကုန်မှ သမီးအကြီး ဖြစ်သူက သွားခေါ်ခဲ့ပြီး အထူးကုဆေးရုံကြီး တစ်ခုတွင် သမားတော် များနှင့် ပြသ စစ်ဆေးကြည့်သော အခါ နှစ်ဦးလုံး ကျောက်ကပ်တွင် ကျောက်များ တည်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ဆရာဝန်ကြီးများက တွင်းရေ ကန်ရေများ မသောက်ဘဲ ရေသန့် သို့မဟုတ် ရေကို ကျိုချက်ပြီး သောက်ရန် မှာကြားသည်ဟု ဆိုသည်။

စာရေးသူ၏ မိတ်ဆွေသည် စူးစမ်း လေ့လာသော အလေ့အကျင့်ရှိသူတစ်ဦး ဖြစ်သည်။ သူ၏ စောဒကမှာ မှန်သည် မမှန်သည် အတတ်မပြော နိုင်သော်လည်း သတိပြုစရာ၊ စဉ်းစားစရာ အချက် ဖြစ်နေသည်။ ထိုမိတ်ဆွေ၏ 

မိဘများသည် လွန်ခဲ့သော နှစ်နှစ်ခန့်က အထက် မြန်မာပြည်သို့ ဘုရားဖူး လာကြသည်။ လည်ရင်းပတ်ရင်း၊ ဘုရားဖူးရင်း မိမိတို့ နှစ်သက်ရာ အသုံးအဆောင် များလည်း ဝယ်ကြသည်။ စစ်ကိုင်းမြို့ သို့ ရောက်သောအခါ ကောင်းမှုတော် ဘုရားကြီး ဖူးရင်း အိမ်အတွက် ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံ များ ဝယ်သွားကြသည်။ သူတို့ အောက်အရပ်တွင် ရှားပါးသဖြင့် အလေးခံပြီး ဝယ်ယူ သယ်ဆောင် သွားကြခြင်း ဖြစ်သည်။

မိတ်ဆွေက သတိထားမိ သည်မှာ သူကိုယ်တိုင် ဝယ်ပေးလိုက်သည့် ကျောက်ငရုတ်ဆုံ သည် တိမ်တိမ်လေး ဖြစ်သည်။ သူကိုယ်တိုင် ကလည်း အရာရှိကြီး ဖြစ်သော်လည်း မီးဖိုချောင် ဝင်ချက်ပြုတ် ရသည်ကို ဝါသနာပါသည်။ 

ငယ်စဉ် ကတည်းက မိဘကူရင်း မီးဖိုချောင် ဝင်ပြီး ကူညီ၍ ငရုတ်သီး၊ ကြက်သွန် ထောင်းပေးခဲ့သူ ဖြစ်သည်။ သူမှတ်မိသည်မှာ သူတို့ငယ်စဉ်က ထောင်းသည့် ငရုတ်ဆုံမှာ စဥ့်ငရုတ်ဆုံ နှင့် သစ်သား ကျည်ပွေ့ကို သုံးပြီး ထောင်းရသည်။ ကျောက်ငရုတ်ဆုံ သည် အထက် အညာမှာသာ အသုံးများသည်။

သူ လွန်ခဲ့သော နှစ်နှစ်က ဝယ်ပေးလိုက်သော ကျောက်ငရုတ်ဆုံ မှာ ယခုအခါ အတော်ပင် ခွက်ဝင် နေသည်ကို တွေ့ရသည်။ ငရုတ်ကျည်ပွေ့ ထောင်းလိုက်လျှင် ဆုံအတွင်းသို့ နက်ရှိုင်းစွာ ဝင်နေပြီ ဖြစ်သည်။ နှစ်နှစ်အတွင်း ဤမျှ နက်သွားရခြင်း မှာ ကျောက်သား ပွ၍လော၊ ရှေးက ငရုတ်ဆုံ များ၏ ကျောက်သားကို မမီ၍လော သူမသိပါဟု ဆိုသည်။

ရှေးက ကျောက်သားနှင့် ယနေ့ခေတ် ကျောက်သား မတူ၍ဖြစ်စေ၊ ထောင်းသည့် အကြိမ်များ၍ ဖြစ်စေ ကျောက်မှုန့်များ တဖြည်းဖြည်းချင်း ပဲ့ထွက်သွား၊ ပွတ်တိုက်သွား သဖြင့် ငရုတ်ဆုံသည် ခွက်ဝင်သွား ရခြင်း ဖြစ်ရမည်ဟု သူက အတွေးဝင် လာသည်ဟု ဆိုသည်။ စာရေးသူ အနေဖြင့် ကောက်ချက် မချလိုပါ။ သူ၏အတွေး အတိုင်းသာ လိုက်၍ တွေးသည်။ သူ့မိဘများ၏ ကျောက်ကပ်တွင် တွေ့ရသော ကျောက်များသည် ကျောက်ငရုတ်ဆုံမှ ထွက်သော ကျောက်မှုန့်များ ဟုတ်သည်၊ မဟုတ်သည် ကို သုတေသန ပညာရှင်များက သုတေသန ဖြင့်သာ သိနိုင်မည့် အရာဖြစ်သည်။

စာရေးသူ၏ ရေနွေးညသိပ် အဆိပ်ထက်ပြင်း ဆောင်းပါးက ဓာတ်ဘူးမှ ပြဒါး တဖြည်းဖြည်း ထွက်ပြီး ကျွတ်ထွက် သွားသော အမှုန်အစများ သောက်သုံး သူတို့၏ ဝမ်းထဲရောက်ပြီး ပြဒါးဆိပ် သင့်၊ မသင့် မည်သူမျှ သုတေသန မပြုဖူးပါ။ မကြာသေးမီက ရေနွေးဓာတ်ဘူး မှ ပြဒါးသည် တိုင်းရင်းဆေး ဆရာများ သုံးသည့် ပြဒါးနှင့်မတူ၊ အဆိပ်မဖြစ်နိုင် ပါဟု ဆောင်းပါးရေးသူ ရှိသည်။ ထိုပြဒါးအဆိပ် သင့်သည်ဟု စာရေးသူက သုတေသန မရှိဟု ဆိုသည်။ 

ထိုပြန်လည် ချေပသူ ကိုယ်တိုင် ကလည်း သုတေသန ပညာရှင် အဆင့်မရှိဘဲ ထင်ကြေးဖြင့် ရေးသားခြင်းသာ ဖြစ်သည်။ သုတေသန သည် အနောက်တိုင်း ပညာရှင် များပင် ဓာတ်ခွဲခန်း၌ ငွေကြေး အမြောက်အမြား အကုန်ခံ၍ စမ်းသပ်ရုံ ဖြင့်ပင် မလုံလောက် အစမ်းသပ်ခံမည့် ကြွက်များ၊ ပူးများ လိုအပ်လျှင် ထို့ထက်ပို၍ အစမ်းသပ်ခံမည့် လူများလိုသည်။ နှစ်ချီကြာပြီးမှ အဖြေထွက်သည့် ကိစ္စမျိုး ဖြစ်သည်။

ဓာတ်ဘူးထဲက ရေနွေးအပူ ထိန်းရန် သုတ်ထားသည့် ပြဒါးသည် Silver Mercury ဖြစ်သည်။ တိုင်းရင်းဆေး ပညာရပ် ဝိဇ္ဇာဓရ ဆေးပညာသုံး ပြဒါး သည် Mercury (Hg) ဖြစ်သည်။ ထိုပြဒါးသည် မသုံးတတ်လျှင် အန္တရာယ် ရှိသည်။ အဆိပ်လည်း ဖြစ်နိုင်ပါသည် ဟု (ဓာတ်ဘူးထဲက ရေနွေး) ဆောင်းပါးရှင်က ရေးထားသည်။ အမှန်မှာ သေချာ မစဉ်းစားဘဲ ရေးသားခြင်း ဖြစ်သည်။ ဓာတ်ဘူးတွင် မြှုပ်ကွက်တစ်ခု ရှိသည်။ ဓာတ်ဘူးတွင် သုတ်ထားသော ပြဒါးသည် ဓာတ်ဘူး အတွင်း ဖန်သားတွင် မဟုတ်ပါ။ အပြင်ဘက်မှ သုတ်ထားခြင်း ဖြစ်သည်။ မှန်တွင် ပြဒါးသုတ် သကဲ့သို့ ကျောဘက်တွင်သာ ရှိသည်။ ရေနွေးနှင့် ထိတွေ့သော ဖန်သားပြင်တွင် အလင်းပြန်ပြီး အပူထိန်းစေရန် တီထွင်ထားခြင်း ဖြစ်သည်။

အရေးကြီးသည်မှာ ပြဒါးကြောင့် မဟုတ်။ ညသိပ်ထားသော ရေနွေးကို နံနက်တွင် သောက်ရခြင်းသာ။ (ယောအတွင်းဝန် မင်းကြီး ဦးဖိုးလှိုင် ၏ အတွေးအခေါ် ဖြစ်သည်။) ရှေးက တိုင်းရင်းဆေး သမားတော်ကြီး များသည် မည်သည့် ဓာတ်ခွဲခန်းမှမရှိသော်လည်း ''ပဘာဝ''ခေါ် တန်ခိုးထူးများကို ဉာဏ်အစွမ်းဖြင့် သိခဲ့ကြသည်။ အာရုံနေရာ၊ ဆေးအစာကို ကြံဆပြီး အဆိပ်ကိုပင် အခိုးသတ်ပြီး ဆေးဖြစ်အောင် လုပ်နိုင်ခဲ့ ကြသည်။ နန်းတွင်း လျှာပွတ်ဆေးသည် အထင်ရှားဆုံး ဥပမာ ဖြစ်သည်။ နန်းတွင်း လျှာပွတ်ဆေးကြီး သည် အင်္ဂလိပ် လက်အောက် မကျမီက နန်းတွင်းတွင် သုံးစွဲခဲ့သော ဆေးကြီးဖြစ်သည်။ သတိမေ့မြော နေသူကိုပင် ဆေးကိုလျှာတွင် ပွတ်ပေးရုံဖြင့် သတိပြန်လည် သည့် လက်တွေ့ မှတ်တမ်းများ ရှိသည်။ ထိုဆေးတွင် ပါဝင်သော ဆေးများမှာ တစ်မယ်ချင်းသုံးလျှင် လူကို သေစေနိုင်သည့် အဆိပ်ဆေးပင်များ ဖြစ်သည်။ သို့သော် အဆိပ် အတော်များများ ပေါင်းစပ်ပြီးသော အခါ အစွမ်းထက်သည့် အဆိပ်ဖြေဆေး ဖြစ်လာသည်။ တိုင်းရင်းဆေး ဆရာကြီးများတွင် ဓာတ်ခွဲခန်း မရှိခဲ့ပါ။

ယခုတင်ပြသည့် ငရုတ်ဆုံမှ ထွက်သည့် ကျောက်မှုန့်များ ကိစ္စသည် စာရေးသူကို မိတ်ဆွေ ဖြစ်သူက အတွေးတစ်စ ပေးခဲ့သည်။ စာရေးသူက စာဖတ်သူများကို ထပ်ဆင့်တင်ပြပြီး အတွေးအမြင် သံသယပွား စေခဲ့သည် ဆိုငြားအံ့။ စာရေးသူ၏ အပြစ်ဟုပင် ခံယူသည်။ သို့သော် အယူအဆ အမှန်တရား မှန်သမျှသည် အမှတ်မထင် အတွေးကလေးမှ စတတ်သည်ဟု ကမ္ဘာကျော် သိပ္ပံ ပညာရှင်ကြီး အာခီးမီးဒီး က ဆိုဖူးသည်။ အမှန်ပင် ဖြစ်သည်။

အတွေးအခေါ် ရင့်ကျက်ခြင်း မှန်သမျှသည် အခြေခံမှ စသည်။ လူသားတို့ အသက်ရှည် ကျန်းမာရေး အတွက် စေတနာပါသော အတွေးတစ်စကို တင်ပြခြင်းသည် မဖြစ်သင့်သော အရာကို ကြိုတင်ရှောင်ရှား နိုင်ရန်ဖြစ်သည်။ 

ရောဂါဝေဒနာ အတော်များများ ၏ အခြေခံမှာ နေ့စဉ် စားသောက်သော အစားအသောက် များမှ ဖြစ်သဖြင့် သတိပြုဆင်ခြင် နိုင်ကြစေရန် စေတနာဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။

ဆက်စပ်ဆောင်းပါး = ကျောက်ငရုတ်ဆုံအန္တရာယ်

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page