www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 9, 2016

အာရှသင်္ချာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၉-၈-၂၀၁၆

ဟောင်ကောင်၌ သြဂုတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် အာရှသင်္ချာ ထူးချွန်လူငယ်များ တွေ့ဆုံပွဲ၊ ယဉ်ကျေးမှု ဖလှယ်ပွဲ နှင့် သင်္ချာပြိုင်ပွဲ ၂ဝ၁၆ (Asia International Mathematical Olympiad 2016) သို့ သွားရောက်ယှဉ်ပြိုင် ခဲ့ကြသည့် T & H Maths Centre မှ သင်္ချာထူးချွန် မြန်မာ ကျောင်းသား၊ ကျောင်းသူ များသည် ယမန်နေ့ ညနေပိုင်းက လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ ကြသည်။

အဆိုပါ AIMO ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း သည် စတုတ္ထအကြိမ် မြောက်ဖြစ်ပြီး တရုတ်(တိုင်ပေ) ၌ ပထမ အကြိမ်၊ တရုတ်နိုင်ငံ၌ ဒုတိယအကြိမ်၊ ထိုင်း နိုင်ငံ၌ တတိယအကြိမ် နှင့် ယခု ဟောင်ကောင် ၌ စတုတ္ထအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 

ယခု ကျင်းပသည့် AIMO 2016 တွင် အရည်အချင်း ပြည့်ဝသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာပြီး ဆုတံဆိပ်များ ပိုမိုရရှိ စေရန် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပသည့် American
Mathematics Olympiad (AMO) ၊ ၂ဝ၁၆ ခုနှစ် မတ်လတွင် ကျင်းပသည့် Kangaroo Math Competition နှင့် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကျင်းပသည့် Singapore and Asia Schools Math Olympiad (SASMO) ပြိုင်ပွဲများ၌ ရွှေ၊ ငွေ၊ ကြေးရရှိသူ များအား ဆရာ၊ ဆရာမများက ကြိုတင် ပြင်ဆင်မှု အဖြစ် အနီးကပ်ကြပ်မတ် သင်ကြားပြသ ပေးခဲ့ကြောင်း သိရသည်။ 

''သင်္ချာမှာ အင်အားကြီး နိုင်ငံတွေလို့ ပြောလို့ရတဲ့ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ မက္ကာအိုက ကလေးတွေက ကျွန်တော်တို့ ကလေးတွေ အတွက် တကယ့် ပြိုင်ဘက်ကောင်း တွေပါပဲ။ ပြိုင်ပွဲမှာလည်း သူတို့တွေနဲ့ပဲ အဓိကယှဉ်ပြိုင် ခဲ့ရတာပါ။ အောင်မြင်မှု အတွက် ပြီးခဲ့တဲ့ နှစ်ကတည်းက အချိန်ယူ လေ့ကျင့်ခဲ့ ပါတယ်။ သွားခါနီး မှာလည်း အနီးကပ် သင်တန်းတွေ ထပ်ပြီးပို့ချ ပါတယ်။ ပထမအကြိမ် တုန်းက ကျောင်းသား လေးဦးနဲ့ သွားပြိုင်ခဲ့တယ်။ ငွေ တစ်ခု၊ ကြေး တစ်ခုရခဲ့ပါတယ်။ ဒုတိယအကြိမ် မှာကျောင်းသား ၂၅ ဦး ဝင်ပြိုင်တာ ကျောင်းသား အားလုံး ရွှေ၊ ငွေ၊ ကြေးတံဆိပ် တွေ ရခဲ့ပါတယ်။ တတိယ အကြိမ်မှာ ကျောင်းသား ၃၅ ဦး ပြိုင်ခဲ့ပါတယ်။ 

ငွေ လေးခု၊ ကြေး ၁၇ ခု ရခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူ ၃၈ ဦး ဝင်ရောက် ယှဉ်ပြိုင်တာ ရွှေ တစ်ခု၊ ငွေ ခုနစ်ခု၊ ကြေး ၃ဝ ခုနဲ့ အထူးဆု ခုနစ်ခု ရရှိခဲ့ကြပါတယ်။ ပြိုင်ခဲ့တဲ့ အထဲမှာ ဒီနှစ်ပြိုင်ပွဲ ကိုတော့ အားရပါတယ်။ ကလေးတွေလည်း ကြိုးစားကြ ပါတယ်။ ပေးထားတဲ့ Guide line တွေအတိုင်း သူတို့တွေ လုပ်နိုင်လို့လည်း သူတို့အတွက် ဂုဏ်ယူမိ ပါတယ်'' ဟု T & H Maths Centre မှ အထွေထွေ မန်နေဂျာ ဒေါက်တာ သက်ဇော် က ပြောသည်။

AIMO ပြိုင်ပွဲခရီးစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး၊ ဆရာ၊ ဆရာမ သုံးဦးနှင့် မိဘ အုပ်ထိန်းသူ ၄၇ ဦးတို့ လိုက်ပါသွား ကြကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger