www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 2, 2016

သြဂုတ် ၁ ရက်မှစ၍ တောင်သမန်အင်းတံတားကြီး ပေါ်သို့ လမ်းလျှောက်ခြင်းကို ရေကျဆင်းချိန်ထိ ခေတ္တပိတ်ထားမည်



မန္တလေး ၊ ၂-၈-၂၀၁၆

တောင်သမန်အင်း အတွင်း အင်းရေများ တံတားကြီး၏ ကြမ်းခင်းနစ်မြုပ် သည်ထိ မြင့်တက်လျက် ရှိသောကြောင့် တံတားပေါ်သို့ လမ်းလျှောက် လည်ပတ်ခြင်းကို ယမန်နေ့မှ စ၍ အင်းရေပြန်လည် ကျဆင်းချိန်ထိ ဖြတ်သန်း သွားလာခွင့် ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း တောင်သမန် ချစ်သူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

ဇူလိုင် ၃၁ ရက်မှစ၍ ဧရာဝတီမြစ်ရေ နှင့် ဒုဋ္ဌဝတီမြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန် မြင့်တက် လာခဲ့သောကြောင့် အဆိုပါ မြစ်ရေများ လျှံတက်ကာ တောင်သမန်အင်း အတွင်းသို့ ဝင်ရောက်ခဲ့ပြီး အင်းအတွင်းရှိ တောင်သမန် တံတားကြီး၏ ကြမ်းခင်းနစ်မြုပ် သည်ထိ အင်းရေမှာ မြင့်တက်လျက် ရှိသောကြောင့် တံတားပေါ်သို့ ဖြတ်သန်း သွားလာခွင့်ကို ယမန်နေ့မှ စ၍ ရက်အကန့်အသတ် မရှိ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ကနေစပြီး တံတားပေါ်ကို ဖြတ်သန်း သွားလာခွင့် ပိတ်ထားတာပါ။ ရေပြန်ကျသွား တဲ့ထိ ပိတ်ထားမှာပါ။ လောလောဆယ် တော့ အင်းရေမြင့်တက် မှုက ရပ်နေပါတယ်။ ဒါပေမဲ့ နောက်တစ်ရက် နှစ်ရက်အတွင်း အင်းရေပြန်ပြီး မြင့်တက်လာနိုင် ပါသေးတယ်။ ပိတ်ထားရတာ ကလဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွင်းဆင်းကြည့်ရှု ပြီးမှ ထုတ်ပြန်ထား တာပါ။ တံတားက ရေမြုပ်နေတဲ့ နေရာမှာဆိုရင် လှုပ်ရမ်းနေပါတယ်။ ဧည့်သည်တွေကို သွားလာခွင့် ပေးထားရင် အန္တရာယ်လဲ များပါတယ်။ တံတားရဲ့ အလယ်လောက်မှာ တံတားကြမ်းခင်း မြုပ်နေပါပြီ။ တံတားရဲ့ အရှေ့ဘက် ထိပ်ပိုင်းနဲ့ အနောက် ဘက်ထိပ်ပိုင်း တွေလောက်ပဲ ရေမြုပ်ဖို့ တစ်ပေခွဲ နှစ်ပေလောက် လိုတော့တာပါ။ ဖြတ်သန်း သွားလာခွင့် ပိတ်ထားပေမယ့် ငှက်လှေစီးပြီး တံတားအလယ် လောက်ရောက်မှ တံတားပေါ် တက်လျှောက်ကြတဲ့ သူတွေလဲ ရှိပါတယ်'' ဟု တောင်သမန် သစ္စာအဖွဲ့မှ ဦးစိုးဝင်း က ပြောပြသည်။

ယမန်နေ့ တိုင်းတာချက်များ အရ ဧရာဝတီမြစ်ရေ သည် စိုးရိမ်ရေမှတ် စင်တီမီတာ ၁၂၆ဝ ထက် ကျော်လွန်ကာ ၁၃၂၅ စင်တီမီတာ ထိ ရောက်ရှိနေပြီး ဒုဋ္ဌဝတီမြစ်ရေ မှာလည်း စိုးရိမ်ရေမှတ် စင်တီမီတာ ၈၇ဝ ကျော်လွန်၍ ၉၃၇ စင်တီမီတာ ထိ ဆက်လက်မြင့်တက် နေမှုများကြောင့် တောင်သမန်အင်း ပတ်လမ်း ရေကျော်ခြင်း၊ တောင်သမန် ကျေးရွာနှင့် အင်းအနီးရှိ ကျေးရွာအချို့တွင် ရေဝင်ရောက် မှုများ ဖြစ်ပေါ်လျက် ရှိရာ ရေဘေး အန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ ယာယီ ကယ်ဆယ်ရေး စခန်းများဖွင့်လှစ် ထားကြောင်း၊ ယခုကဲ့သို့ တောင်သမန် အင်းရေမြင့်တက် မှုမှာ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၃ခုနှစ်တွင် တစ်ြကိမ် ၊ ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ယခုအင်းရေ မြင့်တက်မှုမှာ လေးကြိမ်မြောက် ဖြစ်ကြောင်း တောင်သမန် ကျေးရွာမှ ဒေသခံ တစ်ဦး၏ ပြောပြချက် အရ သိရသည်။ (၁၈၃)

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger