www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 17, 2016

အတ္တလျှော်သည့် ခ၀ါသည်



( မဒါလေး )

စာရေးသူ ခရီးသွားရာမှ ပြန်ရောက်သည်မှာ သုံးရက်ခန့် ရှိပြီဖြစ်သည်။ ပြန်ရောက်သည့် နေ့ကတည်းက အလုပ်များ နေသည်မှာ ယနေ့ထိပင် အလုပ်အကြွေးများက မရှင်းနိုင်သေးပေ။ အလုပ်အကြွေး ထက် ပိုဆိုးသည်က အ၀တ်အစား လျှော်ရန် အကြွေးပင် ဖြစ်သည်။ ခရီးမှာ တစ်ထည်ဝတ် တစ်ထည်လဲ ၀တ်ခဲ့သဖြင့် အ၀တ်များ အတော်ပုံ နေသည်။ ထို အ၀တ်များကို တစ်ထိုင်တည်းနှင့် လျှော်ရန် စာရေစးသူတွင် အချိန်မရှိပါ။ နံနက် ၇ နာရီ မှ စတင်ကာ ည ၉ နာရီထိ လုပ်ငန်းခွင်ဝင် ရသော လူတစ်ဦးအတွက် စားရေး သောက်ရေးထက် လျှော်ဖွပ် သိမ်းဆည်းရေး မှာ အားအနည်းဆုံး ဖြစ်သည်။ လျှော်ဖွပ်သိမ်းဆည်း လျှင်လည်း အခြား အလုပ်များကို လက်လွှတ်ရမည် ဖြစ်သဖြင့် ဒိုဘီ အပ်ရန်သာ စိတ်ဆုံးဖြတ် ခဲ့သည်။ အချိန်တန်လျှင် လျှော်ဖွပ်ပြီးသား ၊ မီးပူ တိုက်ပြီးသား အသင့်ဝတ်လိုက်ရုံပင်။ ထို့ကြောင့် စိတ်လေးစရာ မလို ငွေအနည်းငယ် စိုက်ထုတ် လိုက်လျှင် ရနိုင်သည်။ ထိုသို့သာ စိတ်ဆုံးဖြတ်ပြီး ဒိုဘီဆိုင်သို့ ထွက်လာခဲ့သည်။

အ၀တ်လျှောက်ခြင်း အလုပ်ကိုဒိုဘီ ဟု ဟိန္ဒီ စကားဖြင့် အဓိပ္ပာယ် ဖွင့်ဆိုထားပြီး မြန်မာလို ခ၀ါသည် အိမ်သို့ ထွက်ခဲ့သည်။ ယခင်က ထိုနေရာသို့ စောင်အထူ များနှင့် ခရီးဆောင်အိတ်များ ၊ ရေ နှင့် လျှော်၍ မရသည့် ပိုးထည် များကိုသာ လာအပ်ဖြစ်သည်။ ဆိုင်ရှေ့ အရောက်တွင် မီးလုံးလေးများ လှုပ်ရှားလျက် စာတန်းထိုးနေသော ထိုလုပ်ငန်း ဆိုင်းဘုတ် မရှိတော့ပေ။ နေရာ ရွှေ့သွားခြင်းလား ၊ လုပ်ငန်း သိမ်းသွားခြင်းလား မသေချာပေ။ 

ဘေးဘယ်ညာ မေးကြည့်တော့ ဘယ်ပြောင်း သွားလည်း သေချာမသိ၍ စားရေးသူ အတွက် အခက်တွေ့ ရပါပြီ။ အ၀တ်ထုတ်ကြီး ဆိုင်ကယ်ပေါ် တင်ကာ မြို့ပတ်ပြီး ရှာရန် မဖြစ်နိုင်ပေ။ ဟိုမေး သည်မေးနှင့်ပင် ဒိုဘီ အ၀တ်လျှော် လက်ခံသည် ဆိုသော စာတန်းလေး နှစ်ကြောင်း တွေ့မှပင် စိတ်ထဲသက်သာရာ ရသွားသည်။ မရှိသည့် အဆုံးတွင်မူ သည်မှာပဲ အပ်မှဖြစ်မည်။ မဟုတ်လျှင် အ၀တ်အစား အသစ်ဝယ်ဝတ်ရန်သာ ကျန်တော့သည်။

အိမ်ရှေ့တွင် အသက် အနည်းငယ် ကြီးဟန်တူသော အမေအိုတစ်ဦး ထိုင်နေသည်။ အိမ်ရှေ့သို့ ရပ်လိုက်သည်နှင့် ထိုင်ရာမှ ထလာကာ အ၀တ်ထုတ်ကို လာဆွဲသည်။ ဆိုင်းဘုတ်ကို ကြည့်ကာ ပိုသေချာအောင် " အ၀တ်လျှော် ချင်လို့ရလား " ဟု ထပ်မေးလိုက်သည်။ အမေအို က ခေါင်းကိုညိတ်ကာ ပြုံးလျက် "ရတယ်လေ" ဟု ဖြေရင်း စာရေးသူ၏ အ၀တ်ထုပ်ကို ၀ိုင်းမပေးနေသည်။ အသက်အရွယ် ကြီးသူမို့ အားတုံ့အားနာ ဖြစ်ကာ "ရတယ်" ဟု ပြောနေသည့် ကြားကပင် အ၀တ်ထုပ်ကြီးကို မကာ အိမ်ထဲလာရန် ခေါ်နေသည်။ ခက်တော့ခက်ပြီ အိမ်ထဲဝင်ရန် ၀န်လေးသော စာရေးသူအတွက် အ၀တ်ထုပ် ကလည်း ပါသွားပြီမို့ အိမ်ထဲဝင်ရန်သာ ရှိတော့သည်။ အိမ်ရှေ့တွင် လှန်းထားသော ပုဆိုးများကြားမှ နေရာလွတ်တစ်ခုကို ရှာကာ ကြိုးတန်းအောက်မှ ဖြတ်ဝင်လိုက်သည်။ လေအတိုက်မှာ ရုတ်တရက် လွင့်လာသော ပုဆိုးစများနှင့် စားရေးသူကို မထိစေရန် ကိုယ်ကိုယိမ်းကာ ရှောင်လိုက်သည်။ 

အိမ်ဝတွင်ရပ်ကာ " ရတယ်။ အ၀တ်တွေ ထားခဲ့လိုက်မယ်။ ဘယ်နေ့ လာယူရမလဲ " ဟု စာရေးသူအမေးကို အမေအို ကြားဟန်မတူ အိမ်ထဲလာရန် တွင်တွင်သာ ခေါ်နေသည်။

စာရေးသူ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြန့်ကြက်လျက် ရှိသည်။ ခါတိုင်း အပ်နေကျ ဒိုဘီဆိုင်ကို မျက်လုံးထဲ မြင်မိသည်။ ယခင်ဆိုင်ထဲတွင် မိတ်ကပ်အလှ ခြယ်ထားသော မျက်နှာနှင့် မိန်းမငယ်လေး တစ်ဦး ထိုင်နေသည်။ မနိုင်မနင်း ပစ္စည်း သယ်လာလျှင်လည်း အရေးမစိုက်။ ဧည့်သည်ကို အပြုံးနှင့် ကြိုရမှန်းမသိ။ စတိုင်လ်ကျကျ ထိုင်ကာ အမှုစစ် သကဲ့သို့ မေးသော မေးခွန်းများကို ဖြေကာ မိမိပစ္စည်းများကို စာရွက်တစ်ရွက် နှင့် လဲလှယ်ထား ခဲ့ရသည်။ ယခုဆိုင်တွင် ဆိုင် အခင်းအကျင်း ကလည်း ဒိုဘီဆိုင်ဟု မထင်ရက်စရာ သပ်သပ်ရပ်ရပ် နှင့် ပစ္စည်းများ နေရာတကျ ချထားသည်။ အိမ်ထဲ ၀င်လိုက်လျှင် အိမ်က ညစ်ပတ်နေလျှင် (သို့မဟုတ်) အ၀တ်လျှော်မည့် နေရာမှာ မသပ်မရပ် ဖြစ်နေလျှင် နှလုံးမသန့်သော စာရေးသူအတွက် " အ၀တ်ထုပ်ကို ပြန်ယူမည် " ဟု စသည့် အတွေးများနှင့် အိမ်ထဲဝင် လိုက်သည်။ အိမ်ရှေ့အ၀ တွင် အ၀တ်လျှော်သည့် နေရာနှင့် ရေကန်ကို သပ်သပ်ရပ်ရပ် နှင့် တွေ့ရသဖြင့် အနည်းငယ် စိတ်ဖြေလျှော့ သွားသည်။ အိမ်ထဲဝင်ရန် အ၀တွင် ဖိနပ်ချွတ် လိုက်သည်။ အနည်းငယ် မှောင်နေသော အိမ်ထဲတွင် မီးပူတိုက်နေသော အန်တီတစ်ဦး အခန်းအမှောင်ကြောင့် မျက်နှာကို အတော်မှန်းယူ ရသည်။ ပြုံးပြနေသော သွားများကြားမှ အရောင်လက် နေသော မျက်လုံးများကိုသာ ပေါ်ပေါ်ထင်ထင် မြင်နေရသည်။ အိမ်ထဲတွင်လည်း သန့်ရှင်းသပ်ရပ်ကာ ဖုန်တစ်မှုန် မရှိအောင် ရှင်းလင်းနေသည်။ အနံ့အသက် ကင်းသည့်အတွက် စားရေးသူစိတ်ထဲ ကျေနပ်သွားသည်။

အမေအိုက အ၀တ်ထုပ်ရှေ့ ထိုင်ကာ " ဘာတွေလဲ " ဟုမေးသည်။ လျှော်စရာ အ၀တ်များကို "ဘာတွေလဲ" ဟု မေးသဖြင့် ရုတ်တရက် အံ့သြမိစွာ ဖြေမိသည်။ " အ၀တ်တွေပါ။ လျှော်မယ့် အ၀တ်တွေ " အမေအိုက ပြုံးကာ "သြော် . . .  စောင်တွေပါလား လို့ " အမေအိုအမေးကို " မဟုတ်ပါဘူး။ အင်္ကျီနဲ့ ထဘီတွေပါ။ ဒါတွေ မလျှော်ဘူးလား " စာရေးသူအမေးကို ခေါင်းလေးခါလျက် " လျှော်ပါတယ်။ ဒါနဲ့ ကလေးမက ဘာလုပ်လို့လဲ အ၀တ်လျှော် မ၀တ်ဘူးလား " အမေအိုအမေးကို မကြိုက်ချင်သလို ရှိသော်လည်း စာရေးသူပင် မိမိကိုယ်ကို ရှက်သလိုလို ဖြစ်မိသည်။ " မဟုတ်ပါဘူး။ လျှော်စရာတွေ ပုံသွားလို့ မလျှော်နိုင်တော့ လို့ပါ ။ အလုပ်က မိုးချုပ်တော့ ဒီလောက် အများကြီး လျှော်ဖို့ အချိန်မရှိလို့ပါ " စာရေးသူ၏ အဖြေကို နားထောင်ရင်း အိတ်ထဲက အ၀တ်များကို ကိုယ်တိုင် ရေတွက်နေသည်။ ပြီးမှ " ဘယ်နေ့လိုချင်လဲ ၊ ဘယ်အချိန်ရရင် အဆင်ပြေမလဲ " ဟုမေးသည်။ ထိုမေးခွန်း အတွက် စာရေးသူ အံ့အားသင့်ရပြန်သည်။ " အဆင်ပြေတဲ့ရက် ပြောလိုက်ပါ။ လာယူပါ့မယ် " ဟု ပြောတော့ နောက်ရက် ညနေလာယူရန် ပြောသည်။ အမေအိုမှာ ၀န်ဆောင်မှု ပေးသည့် သင်တန်းတစ်ခုခုများ တက်ထားသလား ထင်ရသည်။ စာရေးသူ ကြုံဖူးသည့် ယခင် ဒိုဘီဆိုင်သည် မိမိလိုချင်သည့်ရင် ပြောခွင့်မရှိ မေးလည်းမမေး ၊ မိမိအ၀တ်ကို အင်္ကျီဘယ်နှထည် ၊ စောင်ဘယ်နှထည် ပြောရသည်။ သူတို့ပေးသော အိတ်ထဲ ထည့်ပေးရသည်။ ပြီးလျှင် လက်ခံစာရွက်ပေးကာ သူရေးပေးသော နေ့မှလာယူရသည်။ မိမိ လိုချင်သည့်ရက် ပြောလျှင်လည်း မည်သည့်အခါမျှ မရ။

" တစ်ထည် ဘယ်လောက်ပေးရမလဲ " ဟု မေးလိုက်ရာ " မီးပူတိုက်ပြီး အပြီးအစီးမှ တစ်ရာ့ငါးဆယ် ကျမယ် " စာရေးသူ စိတ်ထဲဘုရားတမိသည်။ ခါတိုင်း အင်္ကျီတစ်ထည် လေးငါးရာ ပေးရသည်။ စောင်ဆိုလျှင် အနည်းဆုံး သုံးလေးထောင် ၊ အိတ်တစ်လုံးကို နှစ်ထောင် ၊ သုံးထောင် လိုချင်သည့်ရက် မရပေ။ ယခုမူ တစ်ထည် တစ်ရာ့ငါးဆယ် သာကျမည်။ စာရေးသူက " မလျှော့တော့ ဘူးလား " ဟု အကျင့်ပါနေသော ပါးစပ်က အလိုက်မသိစွာ  ဆစ်လိုက်သေးသည်။ ပြုံးနေသော အမေအိုက ဘာမျှမပြောဘဲ စာရေးသူကို ပြုံးကာကြည့်နေသည်။ " လျှော့ပေးပါ့မယ်။ သေသေချာချာ လေးလဲ လျှော်ပေးပါ့မယ် " ဟု အမေအိုစကားကို ကြားတော့ စာရေးသူ မိမိကိုယ်ကို ပြန်ရှက်မိသည်။ ယခင်ဆိုင်တုန်းက ဆစ်ဖို့ နေနေသာသာ သူတို့မျက်နှာ ကြည့်ကာ မိမိအ၀တ်လေး သေချာလျှော်ပေး၇န် ခခယယ ပြောရသေးသည်။ သူတို့ပြောသည့် စက်ရုံမှာ လျှော်တာ ဆိုတာကို နားမလည်စွာဖြင့် လက်ခံ လိုက်ရသည်။ ယခုမှ စေတနာအပြည့်ဖြင့် သေသေချာချာ မျက်မြင်ကိုယ်တွေ့ လုပ်ပေးနေသည် ကိုပင် အဆစ် တောင်းမိသည်။ အ၀တ်များလျှော်ရန် အပ်၍ရသကဲ့သို့ စာရေးသူ၏ အတ္တကြီးသည့် စိတ်ဓာတ်များ လျှော်ရန် အပ်၍ရလျှင် တစ်ခါတည်း လျှော်ခဲ့လိုက်ချင်သည်။ တစ်ခါတစ်ရံ မစာမနာ တွေးမိသောစိတ်ဖြင့် မြေနိမ့်ရာ လှံစိုက်ချင်သော စာရေးသူစိတ်ကို သန့်စင်သွားအောင် လျှော်ပစ်လိုက် ချင်သည်။

အသိနှင့်သတိရှိစွာ ထိန်းသိမ်း ပါသော်လည်း တစ်ခါတစ်ရံ လွတ်ထွက်သွား သေးသည်။ ကြောက်စရာ ကောင်းသော လူ့အတ္တကို မျက်မြင်သိရှိ လိုက်ရသည်။ အမေအိုမှာ အ၀တ်ပင် လျှော်ပေးသည် မဟုတ်ဘဲ စာရေးသူ၏ အတ္တစိတ်ကိုပါ လျှော်ဖွပ်သန့်စင် ပေးလိုက်ခြင်း ဖြစ်သည်။ အမြင်နှင့် ဆုံးဖြတ်သည့် အရာမို့ မှားစရာ အကြောင်း မရှိပေ။ အိမ်ထဲမှ အမေအိုသည် အိမ်အပြင်ထိ ပြန်လိုက်ပို့ကာ နှုတ်ဆက်နေသဖြင့် နှုတ်ဆက်ပြီး ပြန်အလှည့် လှန်းထားသော ကြိုးတန်းပေါ်မှ လေထဲတွင် လွင့်လာသော ပုဆိုးစတစ်စကို လက်ဖြင့်ဖယ်ကာ အိမ်အပြင်သို့ ထွက်ခဲ့သည်။ အတ္တလျှော်သည့် ခ၀ါသည် အမေအိုကို ရင်တွင် ချီထားသော လက်အစုံဖြင့် နှုတ်ဆက်ရင်း စိတ်ချမ်းမြေ့စွာ ဆိုက်ကယ်လေးစီး၍ ပြန်ခဲ့ ပါတော့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger