www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 15, 2016

အလစ်ချောင်းနေသော လေဖြတ်ရောဂါ



ကြည်လွင်မြင့် (မုဒြာ)

ယနေ့ နံနက် အိပ်ရာထချိန်တွင် အိပ်ရာနံဘေးမှ ဖုန်းက ရုတ်တရက် မြည်လာသဖြင့် ဖုန်းကိုင်ရန် ထလိုက်ချိန်တွင် နောက်စေ့ထဲမှ စူးခနဲထိုးသွားပြီး မူးမိုက် သကဲ့သို့ ဖြစ်သွားပါသည်။ ဖုန်းကိုတော့ ကိုင်လိုက်ပြီး ရုတ်တရက် ပြန်မဖြေနိုင်ပါ။ တစ်ဖက်မှ ဖုန်းခေါ်သူ၏ အသံကိုသာ ထပ်တလဲလဲကြားနေရသည်။

''ဟဲလို...ကလား''
''...ကို ခေါ်ပေးပါ''
''ဟဲလို''
''ဖုန်းနံပါတ်...က မဟုတ်ဘူးလား''
ကျွန်တော့်ဘက်မှ သတိဖြင့် ခေါင်းမူးနေသည်ကို ထိန်းရင်း ပြန်ဖြေလိုက်သည်။
''မဟုတ်ပါဘူးခင်ဗျာ၊ ဖုန်းမှားနေပါတယ်''
တူ...တူ...တူ

တစ်ဖက်မှ ဖုန်းချသွားသည်။ ကျွန်တော့်မှာတော့ ဖုန်းမချနိုင်သေး။ ခေါင်းရင်းမှ ခုတင်တိုင်ကို ကိုင်ထားပြီးမှ ထိန်း၍ ခုတင်ပေါ်ပြန်ထိုင်ပြီး ဖုန်းကို ဖြည်းဖြည်း ပြန်ချ လိုက်ပါသည်။

အထက်ဖော်ပြပါ ကျွန်တော်၏ အဖြစ်အပျက်မျိုး ကြုံဖူးသူ များစွာရှိကြ ပါလိမ့်မည်။ ရုတ်တရက် ဖုန်းမြည်သံကြောင့် တိတ်ဆိတ်နေချိန် ဖြစ်ပါက ဦးနှောက်ကို တိုက်ရိုက် တိုက်ခိုက်သလို ဖြစ်တတ်ကြောင်း အနောက်တိုင်း ဆေးပညာဂျာနယ် တစ်ခုတွင် ဖတ်ရှုဖူး ပါသည်။ အထူးသဖြင့် အသက် ငါးဆယ်ကျော်ပြီး သူများတွင် ရုတ်တရက် သွေးတိုးပြီး ဦးနှောက် သွေးကြောပြတ် လေဖြတ်သွား နိုင်သည်ဟု ရေးထားပါသည်။ အခန့်မသင့်လျှင် ရုတ်တရက် ဖုန်းကိုင်ရင်း လဲကျပြီး အသက်ပါ ပါသွားဖူးသည့် သာဓက ရှိဖူးကြောင်းလည်း ရေးသား ထားပါသည်။

လေဖြတ်ခြင်း ဆိုသည်မှာ ဦးနှောက်အတွင်း ရုတ်တရက် သွေးတိုးပြီး သွေးတိုးချိန်တွင် ပြတ်ကာ သွေးကြောအတွင်း မျောသွားသော သွေးခဲလေးများ ပိတ်ဆို့သဖြင့် ဦးနှောက်တွင် သွေးထောက်ပံ့မှု မရသော အစိတ်အပိုင်း၌ အလုပ်တာဝန် ရပ်ဆိုင်းသွားခြင်း ကြောင့် ၄င်းနှင့် ဆက်နွှယ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်း များလည်း ရုတ်တရက် မလှုပ်ရှား နိုင်တော့ဘဲ ဖြစ်သွားတော့၏။

ဥပမာ-ရုတ်တရက် လဲကျခြင်း၊ လျှာလေးသွားခြင်း၊ စကားမပြော နိုင်တော့ခြင်း၊ မျက်စိအမြင် ဝေဝါးသွားခြင်း၊ ခြေမလှမ်း နိုင်တော့ခြင်း၊ လက်မမြှောက် နိုင်တော့ခြင်း စသည်များ ဖြစ်လေ့ရှိပါသည်။

အစားမှားခြင်းကြောင့် သွေးတိုးခြင်း၊ အငန်အစားများ၍ သွေးတိုးခြင်းကိုသာ လူတော်တော် များများ သိကြပါသည်။ ရုတ်တရက် အထိတ်တလန့် ဖြစ်ခြင်းကြောင့် သွေးတိုးပြီး ဦးနှောက်အတွင်းရှိ သွေးကြောများတွင် သွေးခဲပိတ်ခြင်း မဟုတ်ဘဲ ရေပိုက်တွင် ဖိအားပြင်းပြင်း ဖြင့် ရေလွှတ်လိုက်သော အခါ ပိုက်လုံးကွဲ သွားပြီး ပိုက်ပြတ်ထွက် သွားခြင်းကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်လာသောအခါ ပေါက်ထွက်သွားသော သွေးကြောမှ သွေးများမှာ ဦးခေါင်းခွံ အတွင်း အိုင်ထွန်းပြီး နောက်ပိုင်း ခဲသွားကာ ဦးနှောက် ကို ပြန်ဖိသဖြင့် ဦးနှောက် ပျက်စီးပြီး အသက်ဆုံးပါး နိုင်ပါသည်။

လေဖြတ်ခြင်း တော်တော်များများ မှာ နံနက်စောစော တွင် ဖြစ်လေ့ရှိပါသည်။ တချို့မှာ နံနက်အိပ်ရာထ အိမ်သာတက်ရင်း အိမ်သာထဲတွင် လဲကျနေပြီး အပြင်မှ ချက်ချင်းမသိသ ဖြင့် ပိုဆိုးသွားသူ များလည်း ရှိသည်။ တချို့မှာ နံနက်အိပ်ရာထ လမ်းလျှောက်ပြီး အပြန်မှာမှ လေဖြတ်သူလည်း ရှိသည်။ အပြင်မှာ အအေးလွန်ကဲချိန် လမ်းလျှောက်လျှင် အကျိုးမရှိဘဲ အအေးပတ်ကာ လေဖြတ် နိုင်ပါသည်။ တချို့မှာ နံနက်စာစားပြီး လေဖြတ်သူ များလည်း ရှိသည်။ ထိုသူများမှာ နှစ်ကြာ သွေးတိုးရှိသူ၊ အသက်ကြီးသူများ ဖြစ်လေ့ ရှိပါသည်။

နံနက်စာတွင် လေပွပြီး သွေးတိုးစေသော အစာများ ပါသောကြောင့် အဖြစ်များသည်။ ဥပမာ-ပဲပြုတ်၊ နံပြား အစရှိသော အစာများမှာ ဆိုဒါနှင့် ဖွထားသော အစာများဖြစ်သဖြင့် လူကြီးများတွင် သွေးပေါင် မြန်မြန်တက်
လာနိုင်ပါသည်။ ထို့အတူ အစာကြေခဲသော ရှမ်းခေါက်ဆွဲ၊ ဆန်စေး၊ အေးစက်နေသော ကောက်ညှင်းပေါင်း၊ စားအုန်းဆီနှင့် ကြော်ထားသော အကြော်များကို နံနက်စာ မစားသင့်ပါ။ သွေးတိုးပုံမှန် ရှိသူများမှာ ဆရာဝန်နှင့် တိုင်ပင်ပြီး ဆရာဝန်ပေးသော သွေးတိုးကျဆေးကို နေ့စဉ်ပုံမှန် မပျက်မကွက် သောက်နေဖို့ လိုပါသည်။

သွေးပေါင်ကိုလည်း နံနက်စာ စားပြီးတိုင်း တစ်ကြိမ်၊ ညနေစာစားပြီးတိုင်း တစ်ကြိမ် ချိန်ဖို့လိုပါသည်။ တစ်ကြိမ်ပဲ ချိန်နိုင်လျှင်တော့ နံနက်စာ စားပြီးချိန်တွင် သွေးပေါင် ချိန်ပါက အသင့်လျော်ဆုံး ဖြစ်ပါသည်။ သွေးတိုးရှိသူ အတော်များများမှာ အငန်နှင့်ေ သွးကြောကျဉ်း စေသော အဆီကိုသာ အရှောင်များကြသည်။ ရုတ်တရက် သွေးပေါင်တက် စေသော အစာများကို လူသိနည်း ကြသည်။

တိုင်းရင်းဆေး ပညာရှုထောင့်မှ တင်ပြသော ရုတ်တရက် သွေးပေါင်တက် စေသောအစာ (တစ်နည်း-လေတိုး၊ သွေးတက်စေသော အစာ) များမှာ ခွေးတောက်ရွက်၊ တမာရွက်၊ တမာချဉ်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းကစော့၊ ခရမ်းကြွပ်သီး၊ သင်္ဘောပွင့်၊ သင်္ဘောရွက်၊ လက်ဖက်ရွက်၊ လက်ဖက်နှပ်၊ ဂေါ်ရခါးရွက် အစရှိသော အခါးဓာတ်ရှိသည့် အသီးအရွက်များ ဖြစ်ပါသည်။

အခါးဟူသမျှ လေဓာတ်ကြွ သည်ဟု တိုင်းရင်းဆေး ပညာတွင် အဆိုရှိသဖြင့် လေဓာတ်ကြွ၍ သွေးတိုး တတ်သောကြောင့် သွေးတိုးရောဂါကို ရုတ်တရက် ဖြစ်စေနိုင်သည်ဟု ဆိုလိုပါသည်။ ရုတ်တရက် သွေးတိုး လာလျှင်  သောက်ထားသော သွေးကျဆေးများမှာ မကယ်တင်နိုင်ပါ။ ရုတ်တရက် ထိတ်လန့်လျှင် လူကြီးများ သွေးတိုးပြီး ဦးနှောက်ကို ထိခိုက်လေဖြတ် နိုင်သည်။ အခန့်မသင့်လျှင် ရုတ်တရက်လဲကျပြီး အသက်ပါ ပါသွားတတ်သည်။ သတိထားကြရန် ထပ်မံတင်ပြလို ပါသည်။

အသက်ကြီးလျှင် အိပ်ရာနံဘေးတွင် တယ်လီဖုန်း မထားသင့်ပါ။ ကောင်းမွန်စွာ အိပ်မောကျနေစဉ် ရုတ်တရက် ထမြည်သော ဖုန်းသံက ဦးနှောက်ကို ဒုက္ခပေးနိုင်သည်။ ထို့အတူပင် အသံကျယ်သော နှိုးစက်မြည်သံ ကိုလည်း မခံနိုင်ပါ။ မထားသင့်ပါ။ အိပ်ပျော်နေသော လူကြီးများကို တံခါးခေါက်နှိုးခြင်း၊ အထိတ်တလန့် လုပ်ခြင်းများ ရှောင်ကြဉ်ကြပါ။ သက်ကြီးရွယ်အို လူကြီးများ အနေဖြင့် သတိချပ်ဖို့ လိုအပ်သည်မှာ ဖုန်းကို မိမိအိပ်ရာ နံဘေးတွင် မထားပါနှင့်။ အပြင်မှာထား၍ အိပ်လျှင်လည်း ဖုန်းမြည်သံ ကြားတိုင်း ရုတ်တရက် ဗြုန်းစားကြီး မထပါနှင့်။ အိပ်ရာမှ မထမီ ဘေးတစ်ဖက်သို့ စောင်းပါ။ ထို့နောက် စောင်ခြုံထားလျှင် ခြုံစောင်ကို ဖြည်းညင်းစွာ ခွာပါ။ ပြီးမှ တဖြည်းဖြည်း ခုတင်ဘေးသို့ ခြေတွဲလောင်းချသည့် အနေအထားတွင် ထိုင်ပေးပါ။ မိနစ်တစ်ဝက် (စက္ကန့်သုံးဆယ်)ခန့် ထိုင်နေပါ။ ပြီးမှ ခုတင်ပေါ်မှ တဖြည်းဖြည်း ဆင်းပါ။ တခြားကိစ္စများ၊ မီးရေး၊ ထင်းရေး ဆူညံသံများ ကြားပါကလည်း ဤအတိုင်းပင် လိုက်နာ ဆောင်ရွက်ပါ။ မလောပါနှင့်။ 

နိဂုံးချုပ် သတိပေးလိုသည်မှာ အသက်ငါးဆယ် ကျော်လျှင် သတိထားပါ။ လေဖြတ်ခြင်း (ဒုက္ခိတ ဖြစ်စေမည့် ဝေဒနာဆိုးကြီး) သည် သင့်အား အလစ်ချောင်း နေသည်ကို သတိပြု ဆင်ခြင် နိုင်ကြရန်အတွက် သတိပေး တင်ပြ လိုက်ရပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger