www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 17, 2016

ဘွဲ့ ၊ ဘွဲ့ရ နှင့် အလုပ်အကိုင်



ဇော်နောင်ဟိန်း (Guitar)

တစ်နှစ်တစ်တန်း အောင်ခဲ့မယ် ဆိုရင် ဘွဲ့တစ်ခု ရဖို့ ၁၅ နှစ်လောက် အချိန်ပေး ရမှာပါ။ ပြည်တွင်းက ဘွဲ့ပဲဖြစ်ဖြစ်၊ ပြည်ပက ဘွဲ့ပဲဖြစ်ဖြစ် ရထားတဲ့ လူတစ်ယောက်ကို ဘွဲ့ရလို့ အလွယ် ခေါ်ကြပြီးတော့ ဒီဘွဲ့နဲ့ သက်ဆိုင်တဲ့ အလုပ်တစ်ခုကို အသက်မွေး ဝမ်းကျောင်း အလုပ်တစ်ခု အနေနဲ့ ဘဝ တစ်လျှောက်လုံး လုပ်ကိုင် သွားလေ့ ရှိကြတယ်။

အစဉ်အလာ တစ်ခုလို ဖြစ်နေတော့ ဘွဲ့တစ်ခု ရထားသူ တစ်ယောက်က ဒီဘွဲ့နဲ့ သက်ဆိုင်တဲ့ အလုပ်မဟုတ်ရင် မလုပ်ချင်ကြ တော့ဘူး။ လုပ်ရ ကောင်းမှန်းလဲ မသိတော့ဘူး။ ဒီဘွဲ့နဲ့ ဒီအလုပ် သတ်မှတ် ထားသလို ဖြစ်နေတာ။ 

''ကျွန်တော်က ဘွဲ့ရဗျ၊ ဈေးမရောင်းဘူး''ဆိုတဲ့ လူတွေ တွေ့ခဲ့ဖူးတယ်။ ဘွဲ့ရတွေ ဈေးမရောင်း ရဘူးလို့ ဘယ်သူပြောလဲ။ ဘွဲ့ရ ဈေးသည်တွေ မြန်မာနိုင်ငံမှာ အများကြီးပဲ။ တစ်ခုရှိတာက ဘွဲ့ရ တစ်ယောက် အနေနဲ့ သာမန်ထက်တော့ ပိုလုပ်ပြ နိုင်ရမှာပေါ့။ ကျောင်း ကောင်းကောင်း မနေခဲ့ရသူတွေ၊ ပညာရေး အဆက်ပြတ်ခဲ့ သူတွေထက် ပိုပြီး ထက်မြက်ရမယ်။ အောင်မြင်ရမယ်။ ဒီလိုမှ မဟုတ်ရင် ၁၅ နှစ်လောက် စာသင်ခဲ့ရတာ အလကား ဖြစ်သွားမယ်။

မိရိုးဖလာ လုပ်ကိုင်နေသူ တွေထက် စနစ်ကျမှု ရှိရမယ်။ တိုးတက်တဲ့ အမြင် ရှိရမယ်။ တခြားသူတွေက ကိုယ့်ဆီက ပညာပြန်ယူ ရတဲ့ထိ လုပ်ပြနိုင်ရမယ်။ ''ဆရာကြီး'' နာမည်ခံထား တဲ့သူတွေ ကိုယ့်ဆီလာပြီး ဟိုဟာကြည့်၊ ဒီဟာကြည့်နဲ့ ပညာယူသွား တဲ့ထိ လုပ်ပြ နိုင်ရမယ်။ ဒီလိုမှ မဟုတ်ရင် " ဘာမှ အသုံးမကျတဲ့ ဘွဲ့ရ " သာ ဖြစ်လိမ့်မယ်။ " အလုပ်ဟူသမျှ ဂုဏ်ရှိစွ'' တဲ့။ ဘွဲ့ရပြီး ကွမ်းယာရောင်းတာ ရှက်စရာမှ မဟုတ်တာ။ ဘွဲ့ရပြီး လက်ဖက်ရည် ရောင်းတာ ရှက်စရာမှ မဟုတ်တာ။ ဥပဒေဘွဲ့ ရပြီး ဝက်သားတုတ်ထိုး ရောင်းနေတဲ့ သူတောင် ရှိသေးတာပဲ။ အလုပ်မရှိ တာကသာ ရှက်စရာပါ။ MBBS ဘွဲ့ကို ပစ်ထားပြီး စီးပွားရေး လုပ်နေတဲ့ ဆရာဝန် လုပ်ငန်းရှင်တွေ၊ ဆရာဝန် ကျူရှင်ဆရာ တွေ၊ ဆရာဝန် ဈေးသည်တွေ အများကြီးရှိတယ်။ ဘွဲ့လက်မှတ်တွေ က အလုပ်အကိုင် ရဖို့ လက်မှတ် မဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြား လက်ခံ နိုင်ဖို့လိုတယ်။ လက်ရှိ အခြေအနေကို လက်ခံနိုင်ကြဖို့ လိုတယ်။ ကိုယ့် ဘဝရပ်တည်မှု၊ မိသားစုဘဝ ရပ်တည်မှုကို ဦးစားပေး စဉ်းစားကြ ရမှာပါ။ ပညာ ဘယ်လောက် တတ်တတ် လုပ်ကိုင်မစား တတ်ရင် ငတ်နေအုံးမှာပဲ။ ဒါ ဘွဲ့ရတွေ ကိုချည်း ရည်ရွယ်တာ မဟုတ်ဘူး။ စက်မှုလက်မှု အတတ်ပညာေ လာကမှာလဲ ရှိတယ်။ တချို့လူတွေ သူတို့လုပ်နိုင် တယ်၊ လုပ်တတ်တယ် ဆိုပြီး အတော် ကိုယ်ရည်သွေး ကြတာ တွေ့ဖူးတယ်။ ဒါပေမဲ့ သူတို့ပစ္စည်းကို သုံးစွဲသူ မရှိဘူး။ ဝယ်လိုအား မရှိဘူး ဈေးကွက်ထဲမှာ ရှိမနေဘူးဆိုရင် အောင်မြင်တဲ့ ထုတ်လုပ်သူ တစ်ယောက် မဟုတ်ဘူးဆိုတာ လက်ခံနိုင်ဖို့ လိုတယ်။ ပညာရှင်အဆင့် မဟုတ်ဘူး။ Amateur လို့ခေါ်တဲ့ အပျော်တမ်း အဆင့်ပဲ ရှိသေး တယ်ဆိုတာ နားလည်လိုက်ပါ။ ဒါကြောင့်သိပ်ပြီး ကြီးကြီးကျယ်ကျယ် မစဉ်းစားဘဲ အလုပ်ကိုအရင် စလုပ်လိုက်ပါ။ ကြီးကျယ်သွား ပါလိမ့်မယ်။ စမတ်ကျကျနဲ့ အောင်မြင်နေတယ် ဆိုတဲ့သူတိုင်း စမတ်ကျကျ လုပ်ငန်းနဲ့ စခဲ့ကြတာ မဟုတ်ပါဘူး။ ကိုယ်ပိုင် စီးပွားရေး လုပ်ချင်တယ် ဆိုရင်လဲ အရင်းအနှီး မရှိရင် စက်မှုလက်မှု အတတ်ပညာ အခြေခံတဲ့ အလုပ်တွေကို ဦးစားပေး စဉ်းစားလိုက်ပါ။ အတတ်ပညာ ဆိုတာ တန်ဖိုးအကြီးဆုံး အရင်းအနှီးပါ။ ငွေရှိမှ စီးပွားရေး လုပ်မယ်ဆိုတဲ့ သူတွေ နောက်ကျကျန်ခဲ့ ပါလိမ့်မယ်။

လူငယ်အတော် များများ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းလာတာ သတိထား မိကြမယ် ထင်တယ်။ ကောင်းတဲ့ဘက်မှာ မထူးချွန်ဘဲ မကောင်းတဲ့ ဘက်တွေမှာ ထက်မြက် လာကြတယ်။ အကျိုးရှိတဲ့ အပြောအဆို၊ အရေးအသား တွေမှာ တွန့်ဆုတ် နေကြပေမယ့် facebook ပေါ်မှာ စည်းမဲ့ကမ်းမဲ့ ရေးချင်သလို ရေးလာကြတယ်။ Post တစ်ခု တင်လိုက်တဲ့ အချိန်မှာ ''ငါကွ''လို့ လက်မထောင်ချင် ထောင်ကြလိမ့်မယ်။ တစ်ဖက်က ကြည့်ရင် စိတ်ဓာတ် ကြံ့ခိုင်မှု လျော့နည်းလာတဲ့ လက္ခဏာတွေ ဖြစ်တယ်။ အများအကျိုး ရှိမယ့် အချက်အလက် တွေ တင်ပေး နေကြသူ လူနည်းစုရဲ့ စိတ်ကောင်း စေတနာကို မြင်နိုင်သလို စိတ်ဓာတ်ပျက်စီး လာတဲ့လူ အများစုကို ထင်ထင်ရှားရှား သိလာရတယ်။ တစ်ချိန်က အမှန်တရားကို အင်မတန် မြတ်နိုးလှ ပါတယ် ဆိုတဲ့သူတွေလဲ facebook နဲ့တွေ့တဲ့ အချိန်ကစပြီး ဇာတိရုပ်တွေ ထင်ရှားလာ တော့တယ်။ အကောင့် အမျိုးမျိုးဖွင့်ပြီး မကောင်းတဲ့ဘက် တွေမှာ အသုံးချ လာကြတယ်။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို မြှင့်တင် နေရမယ့် အချိန်မှာ ကိုယ်တိုင်က မသိလိုက်ဘဲ ကိုယ်ရည်ကိုယ် သွေးတွေ ကျဆင်း လာတော့တယ်။ ဒီလိုအချိန်ဖြုန်း နေကြရင် ဘာဘွဲ့တွေပဲ ရထားပါစေ၊ ပညာတွေ ဘယ်လောက်သင်ယူ ခဲ့ပါစေ အသိဉာဏ်မရှိတဲ့ အလကား ဘွဲ့ရတွေ ဖြစ်နေအုံးမှာပဲ။ ကြက်မ တစ်ကောင်က ကြက်ဥ ဥနေသရွေ့တန်ဖိုးရှိနေတယ် ဆိုပေမယ့် ဥမဥ နိုင်တော့တဲ့ အချိန်မှာတော့ ဟင်းအိုးထဲ ရောက်သွားမှာပါ။ အရင်က ကြက်ဥတွေ ဘယ်လောက် များများဥပေး ခဲ့ပါစေ။ ဒီနေ့ဥ မဥနိုင်ရင် ဒီနေ့ တန်ဖိုးမဲ့ တာပါပဲ။ ကြက်မ တစ်ကောင်အတွက် ဥဥပေးနေတာ တန်ဖိုးဖြစ်သလို လူတစ်ယောက် အတွက် အလုပ်လုပ် နေတာဟာ သူ့ရဲ့တန်ဖိုးပါပဲ။ အရင်က အလုပ်တွေ ဘယ်လောက် လုပ်ခဲ့လုပ်ခဲ့ အလုပ်မလုပ် တော့တဲ့အချိန်မှာ တန်ဖိုးမဲ့ သွားတာပါ။ ဒါကြောင့် ဘယ် အသက်အရွယ်ပဲ ဖြစ်ဖြစ် အရွယ်နဲ့ ကိုက်ညီတဲ့ အလုပ်တွေ လုပ်နေရပါ မယ်။ လူဖြစ်လာတာ အလုပ်လုပ်ဖို့ပါ။ ကျောင်းသား ဘဝမှာ ကျောင်းစာ လုပ်တာဟာ ကျောင်းသား တစ်ယောက် အတွက် တန်ဖိုးရှိသလို မိသားစုကို ရှာဖွေလုပ်ကိုင် ကျွေးရမယ့် အရွယ်မှာ သင့်တော်တဲ့ အလုပ်တစ်ခုကို  လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ဒါမှတန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်မှာပါ။ ရဟန်းက ရဟန်းအလုပ်၊ ကျောင်းသားက ကျောင်းသားအလုပ်၊ အားလုံး အလုပ်ကိုယ်စီ လုပ်ကြမယ် ဆိုရင် မိသားစု တစ်စုချင်း တိုးတက်မှု ကနေ နိုင်ငံတိုးတက်မှု ဖြစ်လာ ပါလိမ့်မယ်။

ဘွဲ့လက်မှတ် တစ်ခုကိုင်ပြီး ဘယ်သူက အလုပ်ပေးမလဲ ဆိုပြီး စောင့်မနေပါနဲ့။ အစိုးရလဲ အားမကိုးနဲ့။ မိဘလဲ အားမကိုးနဲ့။ ကိုယ့်အားကိုယ်ကိုး ပါ။ အစိုးရဆီကလဲ မမျှော်လင့်နဲ့။ မိဘဆီကလဲ မမျှော်လင့်နဲ့။ ကိုယ်တိုင် ကြိုးစားမှုရဲ့ အသီးအပွင့်ကိုပဲ မျှော်လင့်ပါ။ အလုပ်တစ်ခု လုပ်ရင်း ကိုယ့်ပညာရေးကို ထပ်မြှင့်တင်ပါ။ နေ့စဉ် ကြိုးစားပါ။ တစ်နေ့မှာ အလုပ်ပေးချင်တဲ့ သူတွေ၊ နေရာ ပေးချင်တဲ့သူတွေ အများကြီး ရောက်လာကြ လိမ့်မယ်။ ရာထူး နေရာပေးချင်တဲ့ သူတွေ၊ ဆရာတင်ချင်တဲ့ သူတွေ ရောက်လာကြ လိမ့်မယ်လို့ အကြံပေး ရေးသား လိုက်ရပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page