www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 25, 2016

ဆေးလိပ်တစ်လိပ် အသက်တစ်ချောင်း



ကြည်လွင်မြင့် (မုဒြာ)

တစ်လောက တိုင်းပြည်အတွက် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသော ဆရာဝန် စာရေးဆရာ တစ်ဦးသည် ရုတ်တရက် ရင်ဘတ်အောင့်ရာမှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ရောက်ပြီး ဆေးကုသမှု မခံရမီ ကွယ်လွန် သွားကြောင်း ဖတ်ရှုရသည်။ Heart Attack ခေါ် နှလုံးတိုက်ခိုက်ခံ ရသောဝေဒနာ ပြင်းထန်စွာ ခံရပြီး ကွယ်လွန်ခြင်း ဖြစ်သည်။

ထိုဆရာသည် အလုပ်ကိုကြိုးစား၊ တာဝန်ကို လေးစားသူဖြစ်ပြီး အားလပ်ချိန်လည်း နည်းသူဖြစ်သည်။ အသောက်အစား မရှိ။ သို့သော်လည်း အတွေးအခေါ် သမားပီပီ ဆေးလိပ်ကိုတော့ အလွန် သောက်သည်ဟု သိရသည်။ စိတ်မကောင်း စရာပင်၊ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ ဖြစ်သူ၊ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်သူ၊ လေပြွန်ရောင် ရောဂါ နာတာရှည် စွဲကပ်သူ၊ လက်ဖျားခြေဖျား၊ လက်ချောင်းခြေချောင်း လေးများ သွေးမရောက်၍၊ ပုပ်သွား၍ ဖြတ်ရသူ များစွာရှိသည်ကို တွေ့မြင်ကြားသိ နေရသော်လည်း ထိုဆေးလိပ် စွဲသူများတွင် ဆေးပညာကို သိနားလည်ပြီးသား ဆရာဝန်များ ပါဝင်နေခြင်းမှာ ပို၍ ဆိုးလေသည်။ ဆေးလိပ်ကြောင့် ဖြစ်သော နှလုံး သွေးကြောကျဉ်း ရောဂါမှာ လူတန်းစား မရွေးပါ။ သောက်တာ နှစ်ကြာလေ ပိုဖြစ်လေ ဖြစ်သည်။

အနောက်တိုင်း သုတေသီများ ပြောကြသော နီကိုတင်းဓာတ် သည် ဤမျှပင် စွဲလမ်းစေ သလား။ ဆရာဝန်၏ အသိဉာဏ်ကိုပင် လွှမ်းမိုး နိုင်သလား။ ဖြတ်၍မရနိုင် ဘူးလား။ မဖြတ်နိုင်၍ လျှော့သောက် လျှင်ကော လုံလောက်ပြီလား။ ဆေးလိပ်ဖြတ်ဖို့ မည်မျှခက်ခဲ ပါသနည်း။ ''ဆေးလိပ်အစ တစ်လိပ်က'' ဤစကားမှာ စာတွေ့ မဟုတ်။ စာရေးသူ၏ ကိုယ်တွေ့ ဖြစ်သည်။ ငယ်စဉ်က ရန်ကုန်တက္ကသိုလ် ရောက်ခါစက ဖြစ်သည်။ 

ကျောင်းအိမ်သာ တက်လျှင် နံစော်နေသဖြင့် အနံ့မခံနိုင်။ ကိုယ့် ထက် အတန်းကြီး ကျောင်းသား အစ်ကိုကြီး တစ်ဦးက- ''မင်းအိမ်သာ တက်ရင် ဆေးလိပ်ဖွာပြီး တက်ကွ။ အနံ့ခံနိုင် သွားလိမ့်မယ်'' ဟု သင်ပေးသည်။ အိမ်သာနံ့ကို ကြောက်၍ မရဲတရဲ ဆေးလိပ်တစ်လိပ် ဝယ်ပြီး မီးညှိဖွာရှိုက် ကြည့်လိုက်သည်။ အိမ်သာနံ့ မရတော့ သက်သာသွား သလိုလို။ သို့သော် တခြားမသက် သာသည်က ဆေးလိပ် တစ်လိပ်ကို စတင် လိုက်မိခြင်းပင် ဖြစ်ပါတော့သည်။

ဆေးလိပ် သောက်သူ၊ ဆေးလိပ်၊ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံကြိုက်သူ မည်သူမဆို တစ်လိပ်တစ်ဖွာ က စခဲ့ကြမည် ဖြစ်သည်။ လူကြီးများက မီးညှိခိုင်း၍၊ သူငယ်ချင်း အချင်းချင်း တိုက်တွန်း၍၊ ရှေးကရုပ်ရှင် ဇာတ်လမ်းထဲက မင်းသားဆေးလိပ် သောက်သည့် စတိုင်လ် ကို သဘောကျ၍ အကြောင်း အမျိုးမျိုးဖြင့် အစပြုသည်။ တချို့မှာ မသောက်တတ်မှန်း မသိ၍ သူများ လက်ဆောင် ပေးသည့် စီးကရက်ဘူးမှာ လှလည်းလှ၊ တန်ဖိုးကြီးမှန်း လည်း သိသဖြင့် ဂုဏ်ယူပြီး စမ်းဖွာကြည့်ရာမှ အစဖြစ် သွားသည်ကို ကိုယ်တွေ့ ပြောပြသူက ပြော၍ ကြားသိ ရဖူးသည်။

ဆရာကြီး လူထုဦးလှ ရေးသော ထောင်အရသာ စာအုပ်တွင် ဟိုခေတ်က B-Class အကျဉ်းသားများကို ထောင်မှ နာမည်ကြီး Triple Five ခေါ် ငါးသုံးလုံး စီးကရက်ဘူးများ အလကား ပေးသဖြင့် မသောက်တတ်ဘဲ ခြင်ကိုက် သက်သာအောင် ဖွာပစ် နေရသည်ဟု ဖတ်ရဖူးသည်။ အလကား ဖွာကြည့်ရင်း စွဲမသွားသော ဆရာကြီးကို ချီးကျူးမိသည်။ စာရေးသူ မှာတော့ အိမ်သာအနံ့ကို ကာကွယ်ဖို့ တစ်လိပ် သောက်ရင်း နှစ်ပေါင်း ၃ဝ ခန့် ဆေးလိပ်စွဲ ခဲ့ရသည်။

တစ်လိပ်သောက်သူ၊ စွဲစွဲလမ်းလမ်း သောက်သူများမှာ အစာမစားရ လျှင်နေ၊ ဆေးလိပ်မရှိရင် မနေတတ် ဟု ဆိုကြသည်။ အိပ်ရာထ တစ်ရေးနိုး သည်နှင့် သောက်သည်။ ပြီးမှ မျက်နှာသစ်၊ သွားတိုက်သည်။ ထမင်းစားပြီး ခံတွင်းချဉ်၍ သောက်သည်။ စဉ်းစားရင်း သောက်သည်။ အလုပ်ပင်ပန်း၍ အနားယူရင်း သောက်သည်။ ညအိပ်ရာဝင် ခါနီး သောက်သည်။ ထို့ထက် ဆိုးသည်မှာ ညတစ်ရေးနိုး ထသောက်သည် အထိ စွဲလမ်းခြင်း ဖြစ်သည်။

ဆိုက်ကားသမား တစ်ဦး လေဖြတ်၍ ကုသပေးရဖူးသည်။ ထိုသူသည် အဆီအအိမ့်များ မစားနိုင်သော်လည်း နှလုံး သွေးကြောကျဉ်း ရောဂါနှင့် လေဖြတ်ရသည်။ ဆေးလိပ်ကို အချိန်ပြည့် သောက်သည်။ ညတစ်ရေးနိုးချိန် အိပ်ရာဘေးထား သောက်သည်။ နောက်ဆုံးဆေးရုံ ရောက်ချိန်မှာပင် သူ့ဆိုက်ကား လက်ကိုင်တန်းတွင် ဆေးပေါ့လိပ်တို ညှပ်ထားသည်ကို တွေ့ရဖူးသည်။ သူ ဆိုက်ကားနင်း၍ ရသမျှ ဝင်ငွေမှာ သူ့ဆေးပေါ့လိပ်ဖိုး နှင့် ကုန်သည် ဟု သူ့သားက ပြောသည်။

ဆေးလိပ်သောက် သူတိုင်း ဆေးလိပ်ဖြတ်ချင် ကြသည်။ တချို့လည်း ကြိုးစားပြီး ဖြတ်ကြည့်ကြသည်။ ရက်ပိုင်းအတွင်း ပြန်သောက်ကြသည်။ တချို့မှာ နှစ်ချီပြတ် ပြီးမှ ပြန်သောက်ကြသည်။ အထူးသဖြင့် စိတ်ညစ်သော အခါ ထွက်ပေါက်အဖြစ် ပြန်သောက်မိ ကြသည်ဟု ပြောသည်။ ဆေးလိပ်ဖွာ နေရခြင်းကြောင့် စိတ်ထွက်ပေါက် ရသည်ဟု ဆိုသည်။

ထောင်များတွင် အကျဉ်းသား များသည် ဆေးလိပ် အလွန် သောက်ကြသည်။ ဆေးလိပ်ကို ပိုက်ဆံအဖြစ် သုံးကြသည်။ စားစရာ ဟင်းတစ်ခွက် ရသည်ကိုပင် ဆေးလိပ်နှင့် လဲသောက်ပစ် တတ်ကြသည် ဟု ဆိုသည်။ ဆေးလိပ် သောက်လိုက် ချိန်တွင် ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော သွေးလှည့်အဖွဲ့မှ သွေးကြောများမှာ မိုင်ထောင်ချီ၍ ကျဉ်းသွားသည် ဟု သိပ္ပံပညာရှင် များက ဆိုသည်။ အဆုတ်မှာ ဆေးလိပ်မှ ဆေးချေး၊ ကျပ်ခိုးများကြောင့် မာဆတ်ပြီး လေအဝင် နည်းလာသည်။ လေကောင်း လေသန့် မရတော့။ တစ်ကိုယ်လုံးရှိ သွေးကြော များသို့ အောက်ဆီဂျင် အပြည့်အဝ မပေးနိုင်တော့။ ကျန်းမာရေး ကျဆင်းပြီး အမောမခံ နိုင်တော့ပေ။ ဆေးလိပ်အတွက် အသက်ကို ပေးဆပ်ရခြင်းမှာ တကယ်တော့ မတန်ပါ။ သို့သော်လည်း လူကြီးများ ဆေးလိပ်သောက် နေသည်ကို တွေ့သဖြင့် ဘာမှ အရေးမကြီး ပါဟု လူငယ်များက ထင်လာပြီး လိုက်လုပ် ကြသည်။ အမှတ်မထင် အတုယူတတ် သည်မှာ လူငယ်များ သဘာဝ ဖြစ်သည်။ ဆရာဝန်များ ကပါ သောက်နေသည် ကိုမြင်တော့ ပိုဆိုးသည်ပေါ့။

ဆရာများသည် တပည့်များ အတွက် ရှေ့ဆောင်၍ မိမိကပါ လုပ်ပြနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ စာရေးသူ၏ ဇာတိမြို့လေးတွင် ဘုန်းတော်ကြီး တစ်ပါးရှိသည်။ ထို ဆရာတော်၏ ဘုန်းကြီးကျောင်း ဝင်းအတွင်းတွင် ဆေးလိပ်သောက်ခွင့် မပြု။ ဦးပဉ္စင်း၊ ကိုရင်၊ ကျောင်းသားများကို တင်းကျပ်စွာ တားမြစ်သည်။ တစ်နေ့တွင် ရန်ကုန်မြို့မှ တပည့်ဒကာ တစ်ဦးက ကျောင်းသစ် တစ်ဆောင် ဆောက်လုပ် လှူဒါန်းပြီး ရေစက်ချရန် လာသည်။ ထိုအလှူရှင် ဒကာမှာ အမှတ်တမဲ့ အိတ်အတွင်းမှ စီးကရက်ဘူး ထုတ်ယူပြီး သောက်မည် အပြုတွင် ဆရာတော် မြင်သွားသည်။ ''ဟေ့ ဒကာ မင်းကျောင်းလှူတာ ဒီကလေးတွေ အတွက် မဟုတ်လား။ ငါ့ကျောင်းဝင်းထဲ မှာတော့ ဆေးလိပ် မသောက်နဲ့၊ ကလေးတွေ အတုယူ မှားမယ်'' ဟု တားသည်။ ထို အလှူရှင်လည်း ရှက်သွားပြီး စီးကရက်ဘူးထဲ ပြန်ထည့်သည်။ စည်းကမ်း ကောင်းပြီး အတု ယူအပ်သော ဆရာတော် တစ်ပါးဖြစ်သည်။

နိုင်ငံကြီးများတွင် အများနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ် သောက်ခြင်း ခွင့်မပြုတော့ပါ။ ကျွန်ုပ်တို့နိုင်ငံ တွင်လည်း ဤသို့ တားမြစ်သင့် ပေသည်။ အထူးသဖြင့် ကျောင်းသားလူငယ် များကို ပညာပေးရုံ မျှမက သူတို့မျက်စိ ရှေ့တွင် ဆေးလိပ် သောက်သူများကို မမြင်မတွေ့ ရလေ ပိုကောင်းလေ ဖြစ်သည်။ ဆေးလိပ်အစ တစ်လိပ်က၊ စမိလျှင် အဆုံးမရှိ။ မစမိစေနှင့်၊ မသောက်မိ စေနှင့်ဟု ပညာပေးရန် လိုအပ်သည်။ ဆေးလိပ်ကြောင့် မီးဘေးအန္တရာယ် သင့်ပြီး တစ်အိမ်လုံးကုန်၊ တစ်ရပ်ကွက်လုံး ပြာကျသည့် သာဓကများလည်း ရှိခဲ့ဖူးသည်။ ဆိုင်ကယ် ဓာတ်ဆီထည့်ရင်း နံဘေး မှ မီးခြစ်၊ ဆေးလိပ် သောက်ရာမှ ရုတ်တရက် ထလောင်ကာ နံဘေးမှ ဆိုင်ကယ်များပါ ဆက်လက် ကူးစက် လောင်ကျွမ်းသည့် အဖြစ်မျိုးလည်း ရှိခဲ့ဖူးသည်။

ဆေးလိပ်ဖြတ်လျှင် မုချ အကျိုးရှိမည်။ ဆေးလိပ်ဖြတ်ပြီး လေးနာရီ ကြာသည်နှင့် အဆုတ်တွင် လေဝင်ကောင်း လာပြီး သွေးသန့် လာမည်။ လေးရက်ကြာရင် နှလုံးသွေးကြော များပါ ပြန်ကောင်း လာမည်။ လေးနှစ်ကြာလျှင် နှလုံး သွေးကြောပိတ် ရောဂါမှ ကင်းဝေးနိုင် ပြီ ဟု အနောက်တိုင်း ဆေးပညာ ဂျာနယ်များတွင် ဖော်ပြသည်။

ဆေးလိပ်ကြောင့် ရင်ဘတ် အောင့်ခြင်း၊ နှလုံး တိုက်ခိုက်ခံရခြင်း Heart Attack ၊ နှလုံး သွေးကြောကျဉ်း ရောဂါ နာတာရှည် ခံစားရခြင်းများ တစ်ကမ္ဘာလုံးတွင် နေ့စဉ်ဖြစ်ပွား နေသည်။ အဖြစ်များသော အဆုတ်ကင်ဆာ ရောဂါမှာလည်း ဆေးလိပ်သောက်သူများ တွင်သာ အများဆုံးဖြစ်သည်။ ဆေးလိပ် တစ်လိပ်မှ စတင်သော လူသတ်မှုသည် တစ်ကမ္ဘာလုံး တွင် နေ့စဉ် ဖြစ်နေသည်။ လူသတ် တရားခံမှာ တခြားသူ မဟုတ်၊ မိမိကိုယ်တိုင် ပင်ဖြစ်သည်။ ဆေးလိပ်ကြောင့် ဖြစ်သော လူသတ်တရားခံ ကိုယ်တိုင် မဖြစ်ရ လေအောင် လူတိုင်းကြိုးပမ်း နိုင်ကြပါစေ။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger