www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 11, 2016

ကမ္ဘာ့ဘဏ်မှထုန်ပြန်သော ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းအဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်မှာ အဆင့် ၁၁၃ ရရှိခဲ့



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်မှာ အဆင့် (၁၁၃)ဆင့် ရရှိခဲ့ကြောင်း ၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော Logistics Performance Index (LPI) အရ သိရသည်။ 

ကမ္ဘာ့ဘဏ်၏ LPI စစ်တမ်းတွင် နိုင်ငံပေါင်း ၁၆ဝ ပါဝင်ကာ စစ်တမ်းကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် စာရင်းတွင် မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အဆင့်(၃၂) အထိ တက်လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အဆင့် (၁၄၅)တွင် ရပ်တည်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် အဆင့် (၁၁၃) ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

အဆိုပါ စစ်တမ်းကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ၊ ပင်လယ် ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှုဆိုင်ရာ သယ်ယူ ပို့ဆောင်မှု အရည်အသွေး၊ သင်္ဘောတင် ရာတွင် လွယ်ကူ လျင်မြန်မှု၊ ကုန်ကျစရိတ် သက်သာမှု စသည့်သင့်တင့် ကောင်းမွန်သော ထောက်ပံ့ ပို့ဆောင်မှု အရည်အသွေး များကို အကဲဖြတ်ပေးခြင်း ဖြစ်သည်။

အာဆီယံနိုင်ငံများ အနက် စင်ကာပူနိုင်ငံ က ကမ္ဘာ့အဆင့် (၅)ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး မလေးရှားက အဆင့် (၃၂)၊ ထိုင်းက အဆင့် (၄၅)၊ အင်ဒိုနီးရှားက အဆင့် (၆၃)၊ ဗီယက်နမ်က အဆင့် (၆၄)၊ ဘရူနိုင်းက အဆင့် (၇ဝ)၊ ဖိလစ်ပိုင်က အဆင့် (၇၁)၊ ကမ္ဘောဒီးယားက အဆင့် (၇၃)၊ လာအိုက အဆင့်(၁၅၂)တို့ဖြင့် ရပ်တည်လျက် ရှိသည်။

အာဆီယံနိုင်ငံများ အနက် ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံ တို့သည် အဆင့် သိသိသာသာ မြင့်တက်လာပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံ တို့က ၂ဝ၁၄ ခုနှစ်ထက် အဆင့်များ ကျဆင်းခဲ့ကာ မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ် LPI စစ်တမ်းတွင် ရမှတ် ၂ ဒသမ ၄၆ မှတ်ဖြင့် အဆင့် (၁၁၃) ရရှိခဲ့သည်။

အဆိုပါစစ်တမ်း တွင် ထိပ်ဆုံး ၁ဝ နိုင်ငံအတွင်း ပါဝင်သော နိုင်ငံများမှာ ဂျာမနီ၊ လူဇင်ဘတ်၊ ဆွီဒင်၊ နယ်သာလန်၊ စင်ကာပူ၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဗြိတိန်၊ ဟောင်ကောင် (တရုတ်)နှင့် အမေရိကန်တို့ ဖြစ်ပြီး အဆင့်အနိမ့်ဆုံး သုံးနိုင်ငံမှာ ဆီးရီးယား၊ ဟေတီနှင့် ဆိုမာလီယာ တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့် သင်္ဘောလိုင်းများ အတင်အချ လျင်မြန်စေရေး အတွက် မြန်မာ့ အကောက်ခွန် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) နှင့် မြန်မာ့အကောက်ခွန် ခေတ်မီ နည်းစနစ်ဖြင့် ကောက်ခံမှုစနစ် (Myanmar Customs Intelligence System -MCIS) တို့ကို ဂျပန်နိုင်ငံ၏ ငွေကြေးအကူအညီ နှင့် ဂျပန် အကောက်ခွန်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေပြီး စနစ်တစ်ခုလုံး စတင်လည်ပတ် နိုင်ရေး စမ်းသပ်ခြင်းကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလ အတွင်း ဆောင်ရွက်ရန် စီစဉ်ထားကာ နိုဝင်ဘာလတွင် ရာနှုန်းပြည့် လည်ပတ်နိုင်မည် ဖြစ်သည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger