www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 27, 2016

TNLA အဖွဲ့၏ အဓမ္မလူသစ်စုဆောင်းခြင်း ၊ ဆက်ကြေး ကောက်ခံခြင်းများကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရ


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများက ပြောင်းရွှေ့လာသူ များကို အားပေးစကား ပြောကြားစဉ်

နေပြည်တော် ၊ ၂၇-၆-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ် ရှောလီဝိုင်း အုပ်စု အရှေ့ရွာ၊ ကုန်းမြင့်သာယာ နှင့် လယ်ဦးအုပ်စု အထက်လယ်ဦး ကျေးရွာများသို့ ဇွန် ၂၃ ရက် နေ့လယ်ပိုင်းတွင် ဟိုဝိတ်ကျေးရွာ နှင့် ကျောင်းခမ်း ကျေးရွာတို့မှ အိမ်ထောင်စုဝင် မိသားစု ကျား ၄၁ ဦး၊ မ ၃၁ ဦး၊ ပေါင်း ၇၂ ဦးတို့သည် TNLA အဖွဲ့၏ အဓမ္မလူသစ် စုဆောင်းမှုကြောင့် ပြောင်းရွှေ့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြောင်းရွှေ့ လာသူများကို တာဝန်ရှိသူ များက မေးမြန်းရာ ၄င်းတို့သည် ဇွန် ၁၈ ရက်တွင် ကျောက်မဲမြို့နယ် အတွင်းရှိ ပါလိုင်ကျေးရွာ တွင် TNLA အဖွဲ့မှ ဒုရင်းမှူး အဆင့်ရှိသူ ဘာဘူ ဦးစီးအဖွဲ့က မိုးကုတ်မြို့နယ် အတွင်းရှိ ဟိုဝိတ်ကျေးရွာ နှင့် ဝင်္ကဘာ ကျေးရွာတို့မှ ကျေးရွာ  အုပ်ချုပ်ရေးမှူး များခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၄င်းတို့ အင်အား ဖြည့်တင်းရေး အတွက် တပ်သားသစ် များအား တစ်ရွာလျှင် ငါးဦး နှုန်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် အဆိုပါ ကျေးရွာများမှ ဒေသခံ ပြည်သူ ၇၂ ဦးသည် တပ်သားသစ် ပေးရမည် ကို စိုးရိမ်သောကြောင့် မိုးကုတ်မြို့ အတွင်းသို့ ပြောင်းရွှေ့ နေထိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြောင်းရွှေ့ ရောက်ရှိလာသော အိမ်ထောင်စုဝင် များအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ များက အားပေးစကား ပြောကြားခဲ့ပြီး လတ်တလော စားသောက်ရေး အဆင်ပြေစေရန် အတွက် ဆန် ၃ဝ အိတ် နှင့် ဆီ ၁ဝ ပိဿာအား ထောက်ပံ့ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇွန် ၂၄ ရက် နေ့လယ်ပိုင်းတွင် မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ သို့ TNLA အဖွဲ့က ဖုန်းဖြင့် ဆက်သွယ်၍ ပိန်းပြစ်(အထက်) ရွာမှ လူသစ် ၂၃ ဦး၊ ပိန်းပြစ်(အောက်) ရွာမှ လူသစ် ၂၁ ဦး၊ စုစုပေါင်း လူသစ် ၄၄ ဦးနှင့် ဆက်ကြေးငွေ ကျပ်သိန်း ၄ဝ အား ပါလိုင်ကျေးရွာ သို့ အမြန် လာရောက် ပေးပို့ရန် ခြိမ်းခြောက် အကြောင်းကြား ခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ် စောင့်ရှောက်ရေး အတွက် အဆိုပါ ပိန်းပြစ်ကျေးရွာ တစ်ဝိုက်သို့ နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger