www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 1, 2016

ရုရှားစစ်ရေးဗျူဟာ အတွက် အရေးပါလှသည့် " ပင်လယ်နက် "


Russian Black Sea Fleet Conducts Exercises at Firing Ranges


( ရှိန်းထက် )

၂ဝ၁၄ ခုနှစ်က ခရိုင်းမီးယားကို ရုရှားတို့ ကျူးကျော်ခဲ့သည့် အချိန်မှစ၍ ပိုမိုဆိုးရွား ခဲ့သော နေတိုးနှင့် ရုရှား ဆက်ဆံရေးသည် ယခုထိ အဆုံးမသတ် သေးဘဲ စစ်ပွဲတစ်ခု ဆီသို့ အရှိန်မြှင့် ဦးတည် နေပြန်သည်။ နေတိုးက ပိုလန်နှင့် ရိုမေးနီးယား၌ လေကြောင်း ကာကွယ်ရေး စနစ်များ တပ်ဆင်သည်။ ပိုလန်က စစ်သည် အင်အား ၈ဝဝဝဝ ကို စစ်ရေး လေ့ကျင့်မှုများ ချက်ချင်းပြုလုပ် စေသည်။

ထို့ကြောင့် ရုရှားတို့ကို ပို၍ အမျက်ထွက် စေပြီး နေတိုး၏ လုပ်ဆောင်ချက် အားလုံးသည် ရုရှားကိုသာ ဦးတည် နေကြောင်း ထင်ဟပ်နေသည်။ ဘောလ်တစ် နိုင်ငံများ၌လည်း နေတိုး၏ လေကြောင်း လုံခြုံရေး စနစ်များ အားကောင်း လှကာ ရုရှားတို့၏ အတိတ်က ကျူးကျော်မှုမျိုးကို နောက်ထပ် ပြုလုပ်၍ မရတော့ လောက်အောင် ခိုင်မာနေသည်။ ယခုနေတိုး၏ နောက်ထပ် ဗျူဟာသည် ပင်လယ်နက် နိုင်ငံများဆီသို့ ရောက်လာသည်။

ဘူလ်ဂေးရီးယား၊ ဂျော်ဂျီယာ၊ ရိုမေးနီးယား၊ တူရကီ၊ ယူကရိန်း နှင့် ရုရှားတို့သည် ပင်လယ်နက်ကို ဝန်းရံထား ကြသည့် နိုင်ငံများဖြစ်ပြီး ထိုနိုင်ငံများ၏ ကုန်သွယ်ရေး သည် ပင်လယ်နက်ကို မဖြစ်မနေ ဖြတ်ရသည်။ ရုရှား၏ ၃ဝ ရာခိုင်နှုန်းသော ကုန်သွယ်ရေး သည် ပင်လယ်နက်ကို ဖြတ်ကျော်သည်။ အတိတ်က ပင်လယ်နက် ကို တူရကီတို့ ပိုင်ဆိုင်ခဲ့ကြပြီး အော်တိုမန် အင်ပါယာခေတ် ထွန်းတောက်ချိန် က ဖြစ်သည်။

ယင်းအချိန်က ရုရှားသည် တူရကီကို တွန်းလှန်ရန် BSF ဟုခေါ်သော ပင်လယ်နက် အုပ်စုကိုပင် ဖွဲ့စည်းထား ခဲ့ရသည်။ ယခု ပင်လယ်နက်သည် ရုရှားတို့ အတွက် စစ်ရေးအရရော စီးပွားရေး အရပါ အရေးပါသည့် နေရာတစ်ခု ဖြစ်လာသည်။ ၁၈ ရာစုခန့် ကတည်းက ဖွဲ့စည်းခဲ့သော ရုရှားတို့၏ ပင်လယ်နက် အုပ်စု BSF သည် ပင်လယ်နက်ကို လက်ဝါးကြီးအုပ်ရန် ကြိုးစားလာခဲ့သည်။

BSF ကို ရုရှားသမ္မတ ပူတင် က အတောင့်တင်းဆုံး အင်အားတစ်ခု ဖြစ်အောင် ထပ်မံ ဖွဲ့စည်းခဲ့သည်။ ဖျက်သင်္ဘောများ၊ ဖရီးဂိတ် သင်္ဘောများ၊ ရေငုပ်သင်္ဘော များနှင့် ရုရှား တိုက်လေယာဉ်များ ပင်လယ်နက်၌ အချိန်ပြည့် ကင်းလှည့် နေသည်။ အမေရိကန် နှင့်ဥရောပသို့ ကုန်စည်များနှင့် စွမ်းအင်ကဏ္ဍကို အရောက်ပို့မည့် ပင်လယ်ကူး သင်္ဘောကြီး များသည် ပင်လယ်နက်ကို မဖြစ်မနေ ဖြတ်သန်းရသည်။ ထို့ကြောင့် ပင်လယ်နက် သည် ဥရောပနှင့် အမေရိကန် အတွက်ပါ အရေးပါလာ ရသည်။

ရုရှားတို့ ပင်လယ်နက် ကိုပိုမို အုပ်စိုးထား နိုင်ရန် ၂ဝ၁၄ ခုနှစ်က ကျူးကျော် သိမ်းပိုက်ထားသော ခရိုင်းမီးယား သည် ထပ်မံ အရေးပါ လာပြန်သည်။ ခရိုင်းမီးယားမှ ဆီဗက်စတိုပို ဆိပ်ကမ်းသည် ပင်လယ်နက်၌ အခြေစိုက် ထားသောကြောင့် ရုရှားရေတပ် အတွက် ပင်လယ်နက်ကို ချုပ်ကိုင်ရန် ပင်မကျောရိုး သဖွယ် ဖြစ်နေသည်။ ပင်လယ်နက် အုပ်စုနှင့် ဆီဗက်စတိုပို ဆိပ်ကမ်းကို အားထားပြီး ရုရှား သည် စစ်ရေးဗျူဟာ များကို ပင်လယ်နက်၌ ကျယ်ကျယ်ပြန့်ပြန့် ခင်းနိုင်သည်။ 

ထိုအချက်ကို နားလည်သော နေတိုးသည် ၂ဝ၁၆ ခုနှစ် နှောင်းပိုင်းတွင် ပင်လယ်နက် အတွင်း စစ်ရေးေ လ့ကျင့်မှုများကို စတင် ပြုလုပ်တော့မည် ဖြစ်သည်။ ရုရှားကလည်း ပင်လယ်နက် တစ်ခုလုံးကို စစ်အင်အား အလုံးအရင်း အသုံးပြုပြီး ချုပ်ကိုင်နိုင်ရန် ကြိုးစားနေသည့် အချိန်တွင် နေတိုး ဝင်ရောက် လာမည် ဆိုသောကြောင့် မကြာမီ နေတိုးနှင့် ရုရှား နောက်တစ်ကြိမ် ထပ်မံထိပ်တိုက် တွေ့ဆုံဦးမည် ဖြစ်သည်။

ရုရှားသည် ပင်လယ်နက်ကို ချုပ်ကိုင်ရန် ၂ဝ၁၄ ခုနှစ်ခန့်တွင် အရှိန်မြှင့် ခဲ့သည်။ ရေငုပ်သင်္ဘောများ၊ ဖျက်သင်္ဘောများ၊ ရေခဲပြင်ခွဲ သင်္ဘောများ၊ တိုက်လေယာဉ် များနှင့် အကောင်းဆုံး အားဖြည့် ခဲ့သည်။ ခရိုင်းမီးယား ကို သိမ်းပိုက်ခြင်းသည် ပင်လယ်နက် ကိုချုပ်ကိုင်ရန် ရည်ရွယ်ထားသည့် ရုရှား ၏ ဗျူဟာတစ်ခု အဖြစ် ပါဝင်နေသည် ဟု နိုင်ငံရေး သုတေသီ တို့က ပြောသည်။

ရုရှားတို့က လာမည့် အနာဂတ် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှု များကို စီစဉ်နေခြင်း ဖြစ်သည်။ နေတိုးသည် ပင်လယ်နက်ကို ချုပ်ကိုင်ရန် ကြိုးစားရာတွင် ရုရှားထက် နှစ်နှစ်ခန့် နောက်ကျ နေခဲ့သည်။ ယခု အခိုင်မာဆုံး အနေအထား တစ်ခုသို့ ရုရှားတို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆီးရီးယား စစ်ပွဲများ၌ ပါဝင်နေစဉ် အခိုက်အတန့် နေတိုးကို ရုရှားအာရုံ လွှဲထားသည့် အချိန်နှင့် တစ်ပြိုင်နက်တည်း ဆိုသလို ရုရှားသည် ပင်လယ်နက် ၌ စစ်အင်အား တိုးချဲ့ ခဲ့သည်။

ကုန်သွယ်ရေး အတွက် လုံခြုံရေး အဆင့်မြှင့်တင် သည်ဟု ရုရှားတို့ ခေါင်းစဉ်တပ် ခဲ့ကြသော်လည်း ထိုအချိန်ကပင် အနောက်အုပ်စု မီဒီယာတို့က ရုရှားတို့ အနာဂတ် စစ်ပွဲများအတွက် ပင်လယ်နက်၌ ပြင်ဆင်နေကြောင်း မီးမောင်းထိုးပြ ခဲ့ကြသည်။ သို့သော် အမေရိကန် အစိုးရနှင့် နေတိုးတို့က မည်သည့် လှုပ်ရှားမှုမျှ ပင်လယ်နက်၌ မလုပ်ခဲ့ပေ။ ယခုအချိန် ရောက်မှသာ ပင်လယ်နက်ကို ရုရှားတို့ လက်ဝါးကြီး အုပ်မည်ကို စိုးရိမ်ပြီး အသည်းအသန် ဝင်ရောက်လာခြင်း ဖြစ်သည်။

ရုရှားအတွက် အရေးပါသည့် ပင်လယ် သုံးခုမှာ ပင်လယ်နက်၊ မြေထဲပင်လယ် နှင့် အိန္ဒိယသမုဒ္ဒရာ တို့ ဖြစ်ကြသည်။ ပင်လယ်နက်၌ ရုရှားတို့ အခြေခိုင် နေသလောက် မြေထဲပင်လယ် ၌လည်း ရုရှား သင်္ဘောများ အချိန်ပြည့် ရှိနေသည်။ အိန္ဒိယ သမုဒ္ဒရာ သည်လည်း ရုရှားအတွက် အမြဲတမ်း အဆင်ပြေသည်။ အိန္ဒိယကို ရုရှားတို့ စစ်ရေးအရ အပြည့်အဝ အကူအညီ ပေးထား သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရုရှားအနေဖြင့် စစ်ပွဲတစ်ပွဲ ကို ဆင်နွှဲတော့မည် ဆိုပါက အရေးကြီးသည့် လမ်းကြောင်း သုံးခုသည် ရုရှားဘက်၌ အသင့်ရှိနေသည်။ အမေရိကန် သို့မဟုတ် နေတိုးနှင့် ရုရှား စစ်ဖြစ်လျှင် ပင်လယ်နက်ကို ရုရှားတို့က ပိတ်ပစ်မည် ဖြစ်သည်။ ကုန်သွယ်ရေး လမ်းကြောင်းအရ အရေးပါသော ပင်လယ်နက် လမ်းကြောင်း မရှိလျှင် ဥရောပ နှင့် အမေရိကန် စီးပွားရေး အထိနာစေမည့် ရုရှား၏ အစီအစဉ် ဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင်ကို တရုတ်တို့ အပိုင်စီးသည့် ရည်ရွယ်ချက် နှင့် ရုရှားတို့ ပင်လယ်နက်ကို လက်ဝါးကြီး အုပ်မည့် အစီအစဉ်မှာ ထပ်တူကျ နေသည်။ တရုတ်အတွက် တောင်တရုတ် ပင်လယ်ပြင် သည် စီးပွားရေး အရရော စစ်ရေးအရပါ လွန်စွာ အရေးပါ နေပြီး ရုရှား အတွက်လည်း ပင်လယ်နက် သည် စီးပွားရေး အရရော စစ်ရေးအရပါ များစွာ အရေးပါ နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် မကြာမီ ရုရှားအစိုးရ သည် ပင်လယ်နက်ရှိ တပ်ဖွဲ့များကို ဒုံးပျံများ၊ တိုက်လေယာဉ် များဖြင့် အကောင်းဆုံး ထပ်မံအားဖြည့် ဦးမည်ဖြစ်ကာ ကော့ကေးဆပ်ရှိ စစ်အခြေစိုက် စခန်းကိုလည်း ပင်လယ်နက် လုံခြုံရေး အတွက် အသုံးပြု ဦးမည် ဖြစ်သောကြောင့် ပင်လယ်နက်ကို လွှမ်းမိုးနိုင်ရန် ကြိုးစားလာသည့် နေတိုး အတွက် ထင်သလောက် ခရီးပေါက် နိုင်မည် မဟုတ်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger