အိန္ဒိယနှင့် ပါကစ္စတန်ကြား ဖြစ်ပေါ်လာနိုင်သည့် ရေအရင်းအမြစ် တိုက်ပွဲ
( ရှိန်းထက် )
၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့သော အမေရိကန် နိုင်ငံသား ကင်မရွန်း စထရတ်ရှာ ၏ Water War ဝတ္ထုတွင် ရေအရင်းအမြစ် ကြောင့် လူသားတို့ စစ်ခင်းရသည့် အကြောင်းအရာ များကို ထင်ထင်ရှားရှား ရေးသားခဲ့သည်။ ယင်းမှာ အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သည့် ရေအတွက် တိုက်ပွဲဝင် ကြမည့် သရုပ်ဖော်ကွက် များ ဖြစ်ခဲ့သည်။
ထိုအချိန်က သူ၏ ခန့်မှန်းချက်သည် ယခုအာရှ၌ နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံကြီး နှစ်နိုင်ငံကို နမူနာယူ ရေးသားထား သည်ဟု ဆိုရလောက်အောင် အခြေအနေ များက တိုက်ဆိုင်လျက် ရှိသည်။
၁၉၄၇ ခုနှစ် ကတည်းက အိန္ဒိယနှင့် ပါကစ္စတန် တို့၏ ကက်ရှ်မီးယား ပြဿနာ သည် ယခုအချိန်ထိ မပြီးပြတ် သေးဘဲ လိပ်ခဲ တည်းလည်း အခြေအနေတွင် ရှိနေသေး သည်။ အိန္ဒိယနှင့် ပါကစ္စတန် ဟူ၍ ခွဲခြားလိုက် ကတည်းက ကက်ရှ်မီးယား သည် စွမ်းအင် ထုတ်ယူစရာ အကောင်းဆုံး အနေအထား တစ်ခု ဖြစ်သောကြောင့် နှစ်နိုင်ငံ စလုံးက လက်မလွှတ် နိုင်အောင် ဖြစ်နေခဲ့ရသည်။ ကက်ရှ်မီးယား တွင် ၂ဝဝဝဝ မဂ္ဂါဝပ် အထိ ထုတ်လုပ် နိုင်သည့် သဘာဝ စွမ်းအင် အရင်းအမြစ်များ ရှိသည်။ ယခုအချိန်ထိ ၂၅၅၆ မဂ္ဂါဝပ်သာ ထုတ်လုပ် နိုင်သေးသည်။ အထူးသဖြင့် ရေ အရင်းအမြစ် ကရသည့် စွမ်းအင်များ ဖြစ်သည်။ ကက်ရှ်မီးယား တွင် အိန္ဒိယတို့၏ စွမ်းအင် စီမံကိန်း များကို ၁၉၇ဝ ပြည့်နှစ်တွင် စတင်ခဲ့ပြီး လက်ရှိတွင် စီမံကိန်း ပေါင်း ၃၃ ခုအထိပင် ရှိနေပြီ ဖြစ်သည်။
အာရှတွင် အရှည်ဆုံး မြစ်ကြီးတစ်စင်း ဖြစ်သော ခြင်္သေ့မြစ် ခေါ် အင်ဒပ်စ်မြစ် ကိုဖြတ်ပြီး ဆည်ဆောက်မည့် အိန္ဒိယတို့၏ အကြီးမားဆုံး စီမံကိန်း တစ်ခုကြောင့် အိန္ဒိယ နှင့် ပါကစ္စတန်တို့ ထိပ်တိုက် တွေ့ကြ တော့မည်။
အင်ဒပ်စ်မြစ် သည် အနောက်ဘက် တိဘက်ဒေသမှ ကက်ရှ်မီးယား သို့ဖြတ်ကာ ပါကစ္စတန် အရောက် စီးဆင်းသော ၃၁၈ဝ ကီလိုမီတာ အထိ ရှည်လျားသည့် မြစ်ဖြစ်သည်။
စိုက်ပျိုးရေး အဓိကထားသည့် နိုင်ငံတစ်ခု ဖြစ်သည့် ပါကစ္စတန် အတွက် မြစ်ရေသည် အဓိက အားအထားရ ဆုံးသော အရင်းအမြစ် တစ်ခုဖြစ်သည်။ ထိုမြစ်ရေကို တာတမံနှင့် တူးမြောင်းများ တည်ဆောက်ကာ စိုက်ပျိုးမြေ များသို့ ခွဲဝေပေးပို့ ရသည်။ ပါကစ္စတန်၏ အဓိက မြစ်ခြောက်စင်း ထဲတွင် အင်ဒပ်စ်မြစ် သည် ပါကစ္စတန် စိုက်ပျိုးရေး အတွက် လိုအပ်သည့် ရေ ၉ဝ ရာခိုင်နှုန်း ကို ပံ့ပိုး ပေးထားသော အကြီးမားဆုံး မြစ်ဖြစ်သည်။
ထိုမြစ် မရှိတော့လျှင် ပါကစ္စတန် စိုက်ပျိုးရေး ကဏ္ဍကြီး တစ်ခုလုံး ကမောက်ကမ ဖြစ်သွား နိုင်သည်။ စိုက်ပျိုးရေး ကဏ္ဍ ပျက်ပြားသွားလျှင် စီးပွားရေးလည်း ကျဆင်းလာမည်။ ယခု အိန္ဒိယတို့က ပါကစ္စတန် ဘက်သို့ မည်သည့် တရားဝင် အကြောင်းကြား ချက်မျှမရှိဘဲ ကက်ရှ်မီးယား မြေပေါ်၌ အင်ဒပ်စ်မြစ် ကို ဆည် တည်ဆောက်ပြီး ၅ဝဝ မဂ္ဂါဝပ် ကျော် အားရှိသည့် လျှပ်စစ် ဓာတ်အားကို ထုတ်ယူတော့မည်။ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် အဆင်ပြေရန် လမ်းစ မတွေ့ရသေး သည့်အထဲ ပြဿနာ တစ်ခုက အကြောင်းဖန် လာပြန်သည်။
ထို့ကြောင့် တင်းမာမှုက ဆက်လက် မြင့်တက်ခဲ့ ပြန်သည်။ အင်ဒပ်စ်၏ မြစ်ဖျားခံရာ ဒေသရှိ ရေခဲလွှာ များသည် သဘာဝ ပတ်ဝန်းကျင် ကြောင့်ရော ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များ၏ မဆင်မခြင် မှုများ ကြောင့်ပါ တဖြည်းဖြည်း အရည်ပျော်ကာ နည်းပါးလာပြီး ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ် လာချိန်တွင် ဆည်ဆောက် လိုက်ပါက ရာစုနှစ်နှင့်ချီပြီး တည်တံ့မည့် အင်ဒပ်စ်မြစ် သည် ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် ပျောက်ကွယ်သွား နိုင်သည်။
ထိုအချိန်တွင် ပါကစ္စတန်နိုင်ငံ သည်လည်း လုံးဝချွတ်ခြုံကျ တော့မည်။ ၁၉ဝ၅ ခုနှစ်နှင့် ၁၉ဝ၈ ခုနှစ်ကြားတွင် ဆွီဒင် စူးစမ်း လေ့လာသူ ဆီဗင်ဟိတ်ဒင် က အင်ဒပ်စ် မြစ်ဖျားခံရာကို စတင်တွေ့ရှိ ခဲ့ပြီး ဗြိတိသျှ အစိုးရက ထိုမြစ်ကို အိန္ဒိယ အချုပ်အခြာ အာဏာထဲသို့ သွတ်သွင်း ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အိန္ဒိယက သူ၏ သြဇာအာဏာ ကိုအသုံးပြု၍ အင်ဒပ်စ်မြစ်က ရေသွယ် ယူထားပြီး ပါကစ္စတန်ထဲသို့ အရောက်ပေး ပို့သော တူးမြောင်းများ အားလုံးကို ရေဖြတ်တောက် ပစ်ခဲ့သည်။
ထို့ကြောင့် ပါကစ္စတန် နှင့် ပြဿနာ အကြီးအကျယ် တက်ပြီး ၁၉၆ဝ ပြည့်နှစ် ရောက်မှသာ ကမ္ဘာ့ဘဏ်၏ ဦးဆောင်မှုဖြင့် ရေခွဲယူရေး စာချုပ်တွင် ထိုပြဿနာကို အပြီးသတ် နှစ်နိုင်ငံ လက်မှတ်ထိုး ခဲ့ကြသည်။ IWT ဟုခေါ်သော အင်ဒပ်စ်မြစ်ရေ ခွဲယူရေး သဘောတူ စာချုပ်တွင် နှစ်နိုင်ငံ အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့သော်လည်း ရှုပ်ထွေးလှသော သဘောတူ စာချုပ်ကြောင့် ပါကစ္စတန် နှင့် အိန္ဒိယ နှစ်နိုင်ငံသည် ကြားကာလတွင် ပြဿနာ ပေါင်းများစွာ မကြာခဏ ဖြစ်ပေါ်ခဲ့ ရသည်။
ယခုတော့ အိန္ဒိယက သူပိုင်သည်ဟု ဗြိတိသျှတို့ ပေးခဲ့သော အာဏာကို အသုံးချကာ ကက်ရှ်မီးယား တွင် ဆည်ဆောက် တော့မည်။ နိုင်ငံရေးနှင့် စစ်ရေးဗျူဟာ အတွက် ပါကစ္စတန်ကို အကောင်းဆုံး ထိုးနှက်ချက် တစ်ခု ဖြစ်သော်လည်း နိုင်ငံနှင့် လူမျိုးပါ ပျောက်မည့် အရေးအတွက် ပါကစ္စတန် သည် အိန္ဒိယ၏ ဆည်ကိစ္စကို မည်သည့် နည်းနှင့်မျှ လက်ခံလိမ့်မည် မဟုတ်။ သို့သော်လည်း အိန္ဒိယတို့က အလျှော့မပေးဘဲ ဆက်လုပ် နေသည်။
နျူကလီးယား ပိုင်ဆိုင်သော နှစ်နိုင်ငံ၏ တင်းမာမှုသည် မည်သည့် အခြေအနေတွင် မဆို နျူကလီးယား စစ်ပွဲတစ်ပွဲကို ဦးတည် သွားနိုင်သည်။ ထို့ကြောင့် နိုင်ငံရေးသမား များက အနောက် ကမ္ဘာခြမ်း၏ နျူကလီးယား စစ်ပွဲကိုပဲ တစိုက်မတ်မတ် မကြည့်ဘဲ အရှေ့ကမ္ဘာခြမ်းရှိ အိန္ဒိယနှင့် ပါကစ္စတန် တို့၏ နျူကလီးယား စစ်ပွဲ အကြောင်းကို လည်း ထည့်သွင်း စဉ်းစားရန် ကြိုတင် အကြံပြု ထားခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတကာ နျူကလီးယား လုံခြုံရေး အစည်းအဝေးပွဲ များနှင့် ကာကွယ်ရေး အစည်းအဝေး ပွဲများတွင် ယခင်က အိန္ဒိယ သံတမန်များနှင့် ပါကစ္စတန် သံတမန်တို့ အမြဲတမ်း တွေ့ဆုံကာ အကြိတ်အနယ် ဆွေးနွေးရသည်။ နှစ်နိုင်ငံ တင်းမာမှုများ ကြောင့် နျူကလီးယား စစ်ပွဲ မဖြစ်ရေး ဖြစ်သည်။
သို့သော်လည်း မကြာမီက ကျင်းပခဲ့သော နိုင်ငံတကာ နျူကလီးယား လုံခြုံရေး အစည်းအဝေးပွဲ များနှင့် အကြမ်းဖက်မှု ကာကွယ်ရေး အစည်းအဝေးပွဲ များတွင် ပါကစ္စတန်တို့ မတက်ရောက် နိုင်သည်က တစ်ကြောင်း၊ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ သံတမန်များ အကြောင်း အမျိုးမျိုးကြောင့် ထိပ်တိုက် မဆွေးနွေး သည်က တစ်ကြောင်းကြောင့် တအုံနွေးနွေး ဖြစ်နေသော နှစ်နိုင်ငံ ဆက်ဆံရေး သည် မည်သည့်အချိန် ပေါက်ကွဲ ထွက်မည်ကို စိုးရိမ်စရာ ဖြစ်နေရသည်။
ယခု အင်ဒပ်စ်မြစ်ကို ဖြတ်ပြီး ဆည်ဆောက်မည့် ပြဿနာက ထပ်ပေါ် လာသောကြောင့် ယခင်က ရေပြတ်လပ်မှု များနှင့် တွေ့ကြုံ နေရသော ပါကစ္စတန်၏ ဒေါသသည် အိန္ဒိယဘက်သို့ ဦးတည် ရောက်ရှိလာ နိုင်ပြီး စစ်ရေးအရ ဖြေရှင်းရန် စိုးရိမ်ဖွယ်ရာ ဖြစ်နေရသည်။
အိန္ဒိယအတွက် စွမ်းအင်၊ ပါကစ္စတန် အတွက် ၉ဝ ရာခိုင်နှုန်း သော စိုက်ပျိုးရေ နှစ်ခုစလုံး အတွက် အရေးပါလွန်း လှသော အင်ဒပ်စ်မြစ်၏ သဘာဝ ရေအရင်းအမြစ် ကြောင့် နှစ်နိုင်ငံကြား အကြီးမားဆုံး ပြဿနာ က မကြာမီ ပိုမိုကြီးထွား လာတော့မည်။ ထို့ကြောင့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ရေအရင်းအမြစ် ပြဿနာကို အချိန်မီ မဖြေရှင်း နိုင်လျှင် စစ်ပွဲတစ်ခု ဖြစ်ပေါ် လာနိုင်သည် ဟု ဆောင်းပါးရှင် အူမာဘာဘာ က သတိပေး ရေးသားထားခြင်း ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment