www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 3, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားစဉ်


နေပြည်တော် ၊ ၃-၆-၂၀၁၆

စွမ်းဆောင်မှု ဆိုသည်မှာ အလွန် ကျယ်ပြန့်သော အဓိပ္ပာယ် ရှိကြောင်း၊ စွမ်းရည်၊ စွမ်းအားများကို လက်တွေ့ အကျိုးရှိရှိ အသုံးချနိုင်မှ စွမ်းဆောင်မှု ဆိုတာ ဖြစ်လာမည် ဖြစ်ကြောင်း၊ လုပ်နိုင်စွမ်း၊ ဖြစ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း များကို လက်တွေ့ အသုံးချနိုင်သူ၊ လက်တွေ့ အောင်မြင်အောင် ဆောင်ရွက်နိုင်သူ ဖြစ်မှသာ စွမ်းဆောင် နိုင်စွမ်းရှိသူဟု ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်၏ သစ္စာအဓိဋ္ဌာန် ၄ ချက်ကို ဦးထိပ်ရွက်ပြီး ''ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက်'' ဆိုသည့် မွန်မြတ် လေးနက်သော ခံယူချက် စိတ်ထား၊ ကောင်းမွန်သော စွမ်းဆောင်ရည် များဖြင့် တာဝန် ထမ်းဆောင်ခဲ့ ကြသူများကို နိုင်ငံတော် အစိုးရမှ တပ်မတော် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့များကို ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဇေယျာသီရိ ဗိမာန်၌ ကျင်းပ ပြုလုပ်သော စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနား တွင် ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း နှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့်ဇနီး၊ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်ခြင်းခံ ရသည့် အရာရှိကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီး များနှင့်ဇနီးများ တက်ရောက် ကြသည်။

အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့် အပ်နှင်းရခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံ အသီးသီး တွင်လည်း ယခုလို ဘွဲ့၊ တံဆိပ်များကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြဋ္ဌာန်း ထားသည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက် များ၊ စံချိန်စံညွှန်း များနှင့်အညီ ဂုဏ်ပြုပေးအပ် ချီးမြှင့်လျက် ရှိကြောင်း၊ ထိုသို့ ဂုဏ်ပြုချီးမြှင့် ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ အားကျ ဂုဏ်ယူစေရန်၊ စိတ်ဓာတ်ရေးရာ မြှင့်တင်နိုင် စေရန်၊ မိမိနိုင်ငံနှင့် မိမိ လူမျိုးကို ကာကွယ် စောင့်ရှောက် လိုစိတ် ပြည့်ဝ လာစေရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ကို သယ်ပိုး ဆောင်ရွက် လိုစိတ်တွေ ပွားများ လာစေရန်၊ နိုင်ငံခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း လုပ်ဆောင်ကြ ရာတွင် စံနမူနာပြ ဖြစ်စေရန် စသည့် ရည်ရွယ်ချက် ပေါင်းများစွာဖြင့် လုပ်ဆောင် ကြခြင်း ဖြစ်ကြောင်း ၊ ၄င်း ရည်ရွယ်ချက် များကို စုစည်းပါက တပ်မတော် အနေဖြင့် နိုင်ငံတော်အတွက် ပကတိ လိုအပ်ချက် ဖြစ်နေစဉ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အတူ သန္ဓေတည် ပေါက်ဖွားခဲ့ကြောင်း၊ ယင်း အချိန်ကာလတွင် မြန်မာပြည်သူ များ၏ မျှော်လင့်ချက်၊ အလိုလားဆုံး ဆန္ဒ၊ တစ်နည်းအားဖြင့် အမျိုးသား နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်သည် လွတ်လပ်ရေးပင် ဖြစ်ကြောင်း၊ ပြည်သူများ၏ အလိုလားဆုံး ဆန္ဒဖြစ်သော လွတ်လပ်ရေးကို တပ်မတော်၏ ဦးဆောင်မှုဖြင့် တိုက်ပွဲကြီးငယ် ပေါင်းများစွာကို ပြည်သူ တစ်ရပ်လုံးနှင့် အတူ လက်တွဲပြီး ဆင်နွှဲရယူ နိုင်ခဲ့ကြောင်း၊ ''လွတ်လပ်ရေး'' ဆိုသော အမျိုးသား နိုင်ငံရေး လိုအပ်ချက်ကြောင့် စတင်ပေါ်ပေါက် လာခဲ့သည့် တပ်မတော် အနေဖြင့် ''ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်း '' နှင့် တစ်ပါးကျွန် ဘဝမှ လွတ်လပ်သော နိုင်ငံတစ်ခုကို ဦးဆောင် တည်ဆောက် ခဲ့ခြင်းသည် မည်သူမျှ ငြင်းဆိုမရ နိုင်သည့် သမိုင်းမှန် တစ်ခုပင် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် နိုင်ငံကို နှစ်ပေါင်း တစ်ရာကျော် ကျွန်ပြုခဲ့သော နယ်ချဲ့များ၏ သွေးခွဲ အုပ်ချုပ်မှုကြောင့် ပေါ်ပေါက် လာရသော နိုင်ငံရေး၊ အယူဝါဒရေး၊ တိုင်းရင်းသားရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနား မှုများ၊ ပဋိပက္ခ များကြောင့် တိုင်းရင်းသား များ၏ စည်းလုံး ညီညွတ်မှုများ ပြိုကွဲပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ပျက်ပြားခဲ့ ရကြောင်း၊ လွတ်လပ်ပြီး ခါစ ''တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်'' ဆိုသော အခြေအနေ ဆိုးများမှ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ပြီး လွတ်မြောက် ရုန်းထွက် စေနိုင်ခဲ့ခြင်း သည်လည်း တပ်မတော်၏ ထူးခြား ပြောင်မြောက်သော လုပ်ဆောင်ချက် များပင် ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်က စပြီး မျက်မှောက်ကာလ လက်ရှိ အခြေအနေကို ရောက်ရှိသည့် တိုင်အောင် နိုင်ငံတော်၏  လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို စောင့်ရှောက် ကာကွယ်ရင်း နိုင်ငံတော်၏ သမိုင်းတစ်လျှောက် တိုင်းပြည် တည်ဆောက်ရေး ( National Building ) ၊ နိုင်ငံ တည်ဆောက်ရေး ( State Building ) လုပ်ငန်းစဉ်များတွင် တပ်မတော်သည် အမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ် အနေဖြင့် ပါဝင် ထမ်းဆောင်ခဲ့ ရကြောင်း၊ ထို့ကြောင့်လည်း တပ်မတော် အနေဖြင့် ''တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် " ဆိုပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ရပ်တည် နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော် ကာကွယ်ရေးနာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် ခေတ်အဆက်ဆက် ထူးခြားသည့် ဝိသေသ လက္ခဏာများ ရှိခဲ့သလို တပ်မတော်တွင် တာဝန်ထမ်းဆောင် နေကြသော တပ်မတော်သား များသည်လည်း နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော် အတွက် ထူးကဲသာ လွန်သော စွမ်းဆောင်မှု၊ စွန့်လွှတ် အနစ်နာခံမှု များဖြင့် တာဝန်ထမ်းဆောင် ခဲ့ကြကြောင်း၊ နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု မှသည် ယနေ့ကာလ တိုင်အောင် နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ခဲ့ရသော သမိုင်းဝင် ဖြစ်စဉ်ဖြစ်ရပ် များတွင် တပ်မတော်သား များသည် အသက်၊ သွေး၊ ချွေး၊ ခန္ဓာများ ပေးဆပ်မှု များစွာဖြင့် စွန့်လွှတ်စွန့်စားစွာ ကြိုးပမ်း လုပ်ဆောင် ခဲ့ကြကြောင်း၊ အမိနိုင်ငံတော်၏ မြေပြင်၊ ဝေဟင်၊ ရေပြင်၊ ရေအောက်ပိုင်နက် နယ်မြေများ၊ နိုင်ငံသူ နိုင်ငံသား၊ ပြည်သူများ၏ အကျိုးစီးပွားများ၊ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက် ကြရမည့် တာဝန် ၀တ္တရားသည် နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ကြောင်း၊ ယင်းတာဝန်ကို ပြည်ထောင်စုသား အားလုံး ပါဝင်သော ပြည်ထောင်စု တပ်မတော်က တာဝန်ယူ၊ တာဝန်ခံ ပြီး ဦးဆောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ဒို့တာဝန် အရေးသုံးပါး ကို ထိခိုက် လာနိုင်မည့် လုပ်ဆောင်ချက် မှန်သမျှ၊ အဖွဲ့အစည်း မှန်သမျှကို စစ်မှန်သော အမျိုးသား နိုင်ငံရေး တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ပြတ်ပြတ် သားသား ချေဖျက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်သားများ ထားရှိရမည့် ယုံကြည်ချက်၊ ခံယူချက်နှင့် ပတ်သက်၍ တပ်မတော်သား တိုင်းသည် နေ့စဉ်ရွတ်ဆို  နေကျဖြစ်သည့် သစ္စာအဓိဋ္ဌာန် ၄ ချက်နှင့်အညီ ပြည့်ပြည့်ဝဝ လိုက်နာ သစ္စာစောင့်သိ ဆောင်ရွက် သွားကြရန် လိုကြောင်း၊ မြင့်မြတ်သော အစဉ်အလာ၊ သာလွန် ထူးခြားသော စွမ်းဆောင်မှု၊ ရဲဝံ့ ပြောင်မြောက်သော စွမ်းရည်သတ္တိ ရှိမှု စသည်များနှင့် ပြည့်စုံသည့် မြန်မာနိုင်ငံ ၏ သမိုင်းတွင် ယနေ့ထက်တိုင် ခိုင်မာ တောင့်တင်းသော အမျိုးသား နိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်နေသော တပ်မတော်သည် တစ်ဦးချင်း စွမ်းဆောင်နိုင်မှု မြင့်မားသော တပ်မတော် ဖြစ်သည့်အပြင် အစုအဖွဲ့လိုက် စွမ်းဆောင်နိုင်မှု မြင့်မားသော တပ်မတော်လည်း ဖြစ်သည် ဆိုသည်ကို တပ်မတော်သား တိုင်းက ခိုင်မာစွာ ယုံကြည်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် စွမ်းဆောင်မှု များကို ပိုမိုအားကောင်း လာစေရေး ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ယင်း စွမ်းဆောင်နိုင်မှု များကို တပ်မတော်သား တိုင်းက ဂုဏ်ယူ၍ တပ်မတော်၏ အမျိုးသား နိုင်ငံရေး မူဝါဒဖြစ်သည့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံသားများ စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်နှင့် ပြည်သူများဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များတွင် နိုင်ငံတော်၏ မဏ္ဍိုင်ကြီး ၃ ရပ်နှင့်အတူ ပြည်သူပြည်သား များနှင့် လက်တွဲညီညီ ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ရရှိကြသော ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေး နှင့် တပ်မတော် အရာရှိကြီး များအား ''ဇေယျကျော်ထင်ဘွဲ့'' ကိုပေးအပ် ချီးမြှင့်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသော ဗိုလ်ချုပ်ကြီး တင်အောင်စန်း အား ဇေယျကျော်ထင် ဘွဲ့ ပေးအပ်ချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသော ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အား 
ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသော အရာရှိကြီးများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ဆက်လက်ပြီး စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသော အရာရှိကြီး များနှင့် အခမ်းအနား တက်ရောက် လာကြသူ များအား လက်ဖက်ရည် နှင့် မုန့်များဖြင့် ဂုဏ်ပြုဧည့်ခံ ပြီး မြဝတီ တေးဂီတအဖွဲ့မှ တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေ ကြသည်။ 

ယမန်နေ့ ချီးမြှင့်အပ်နှင်း ပေးသည့် ''ဇေယျကျော်ထင်'' ဘွဲ့သည် စစ်ဘက်ဆိုင်ရာ တွင် ကောင်းမွန်စွာ အမှုထမ်းဆောင်ခြင်း အတွက် ပေးအပ် ချီးမြှင့်သော စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တစ်ခုဖြစ်ပြီး နိုင်ငံတော် အစိုးရမှ ၂ဝ၁၆ ခုနှစ်၊ မတ်လ ၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၄/၂ဝ၁၆ ဖြင့် ထုတ်ပြန် ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ရာတွင် နိုင်ငံတော် အနေဖြင့် သင်္ဂဟဘွဲ့၊ စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့  နှင့် ဂုဏ်ထူးဆောင် တံဆိပ်ဟူ၍ အမျိုးအစား ၃ မျိုး ခွဲခြားချီးမြှင့် ပေးလျက် ရှိကြောင်း၊ စွမ်းရည်သတ္တိ ဆိုင်ရာ ဘွဲ့နှင့်တံဆိပ်များ ချီးမြှင့်ခံခဲ့ ရသော နိုင်ငံ့သားကောင်း တပ်မတော်သား အရာရှိ၊ စစ်သည်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ဇေယျာသီရိ ဗိမာန်၌ ဘွဲ့၊ တံဆိပ်များ အပ်နှင်းပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger