ချစ်စရာ ဒေသိယ အသုံးလေးများ
စန္ဒကူး (ယဉ်ကျေးမှု)
မြန်မာစကားတွင် ''တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း'' ဆိုသည့်အတိုင်း နေရာဒေသ တစ်ခုနှင့် တစ်ခု ပြောဆိုကြသော အခေါ်အဝေါ် လေးများသည် စိတ်ဝင်စားစရာ ကောင်းလှသည်။ ထိုပြောဆို နေကြသည့် လေသံလေး များကို နားထောင်၍ လည်း မြန်မာနိုင်ငံ အတွင်းရှိ မည်သည့် အရပ်ဒေသတွင် နေထိုင်ကြ ကြောင်း ကိုလည်း ခန့်မှန်း နိုင်သည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရောက်ဖူးရန် ခဲယဉ်းသော သူများအတွက် မိမိတို့ နေထိုင်ရာ ဇာတိအတွင်း လာရောက် နေထိုင်ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေး လုပ်ကိုင်သူများ ကတစ်ဆင့် မိမိနိုင်ငံ အတွင်းရှိ ဒေသ အခေါ်အဝေါ် လေးများကို သိရမည် ဖြစ်သည်။
အထူးသဖြင့် အောက်မြန်မာပြည် ရှိ ရန်ကုန်မြို့နှင့် အထက် မြန်မာပြည်ရှိ မန္တလေးမြို့ တို့၏ ဒေသထွက် အစားအစာများ၊ ဒေသ အခေါ်အဝေါ် များသည် သူ့နေရာနှင့်သူ စိတ်ဝင်စားစရာ ကောင်းလှသည်။ သူ့အရပ်၊ သူ့ဓလေ့နှင့် တကွ မိမိတို့၏ ဒေသ အသုံးအနှုန်း လေးများကို အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်း ခဲ့ကြခြင်း ဖြစ်သည်။
ဝန်ထမ်းဘဝတွင် မိမိမွေးရပ်မြေ ရန်ကုန်မှ တာဝန်ကျရာ မန္တလေးတိုင်း ဒေသကြီး၌ နှစ်ပေါင်း ၁၃ နှစ်ခန့် နေထိုင်လာသည့် အခါ မိမိ၏ ပတ်ဝန်းကျင်ရှိ ချစ်စရာ ဓလေ့စရိုက်လေး များကို သတိပြုမိ လာခဲ့သည်။ အထက် မြန်မာပြည်ရှိ ယဉ်ကျေးဖွယ် ဓလေ့စရိုက်များ၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာ ခေါ်ဝေါ်ပုံ များကိုလည်း မကြာမကြာ ကြားမိမြင်မိ သည်များကို စိတ်ထဲတွင် အမှတ်ထင်စွဲ နေသည်။
မန္တလေးမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာလေး များ၏ ချစ်စရာဓလေ့များ ကလည်း တစ်မျိုးတစ်ဖုံ ဆန်းသစ် နေသည်ကို တွေ့ရသည်။ မန္တလေးတွင် နှစ်စဉ် သက်ကြီးဝါကြီး များကို ကန်တော့သည့် ဓလေ့နှစ်ခု ရှိသည်။ ၄င်းမှာ မြန်မာတို့ နှစ်သစ်ကူးသော တန်ခူးလတွင် သင်္ကြန်မကျမီ လူကြီးများကို မိမိ တတ်နိုင်သည့် ပစ္စည်း (သို့မဟုတ်) ကန်တော့ပစ္စည်း တစ်ခုခုတွင် ရေခွက်တစ်ခွက် အတွင်း ရေထည့်၍ ရေကန်တော့ ကြခြင်း ဖြစ်သည်။ ထို့နောက် ဝါကျွတ်သည့် အခါ သီတင်းကျွတ် ကန်တော့ခြင်း ကိုလည်း ဆက်လက် ပြုလုပ်ကြသည်။ တစ်နှစ်လျှင် နှစ်ကြိမ် တန်ခူးရေ ကန်တော့ခြင်းနှင့် ဝါကျွတ်၊ သီတင်းကျွတ် ကန်တော့ခြင်းကို ပြုလုပ်ကြသည်။
ထို့ပြင် နေ့စဉ်သုံးစွဲ ပြောဆို နေသည့် စကားလေးများ တွင်လည်း သူ့အရပ်နှင့် သူ့ဒေသ တစ်မျိုးစီး နား "ဆန်း" နေသည်။ သာဓက အနေဖြင့် ရန်ကုန်တွင် ပစ္စည်းတစ်ခုခုကို ဝယ်သည့်အခါ ဈေးသက်သာ သည်ကို ''ဝယ်လို့ ကောင်းတယ်။ ဈေးတန်တယ်။ ဈေး သက်သာတယ်'' ဟု ပြောကြသည်။ မန္တလေးဘက်တွင် ''ဈေးတန်သည်'' ဆိုသည်မှာ ဈေးကြီးပေး၍ မတန်တဆ ၀ယ်ရသည့် အခြေအနေတွင် ပြောသည့် စကားဖြစ်သည်။ ရန်ကုန်တွင် နေ့စဉ် ဘတ်စ်ကားစီး၍ လူအများဖြင့် တိုးဝှေ့နေကြ သည့်အခါ ''ကားကျပ်လိုက်တာ။ လူတွေများလို့ ကားကို အတင်းတိုးစီး ရတယ်'' ဟု ပြောကြသည်။ မန္တလေး၌ ကားကျပ်သည့် နေ့များ၊ လူများသည့် နေ့များတွင် ပြောကြပုံမှာ ''ကားကို တစ် နေတာပဲ၊ လူတွေနဲ့ တစ် နေတာပဲ''ဟု ''ကျပ်'' နေရာတွင် ''တစ်'' ဟု ခေါ်ဝေါ်ကြသည်။
မိန်းမသားပီပီ မိမိတာဝန်ကျရာ မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့နယ် အုန်းချော ကျေးရွာရှိ ဈေးလေးသို့ သွားရောက် ဈေးဝယ်သည့် အခါတွင်လည်း ဈေးသည်များ၏ ဈေးသုံး စကားလေးများ ကိုလည်း ကြားမိပြန်သည်။
သရက်သီးမှည့်၊ သံပရာသီး အစရှိသည့် ကုန်စိမ်း ရောင်းသည့် ဈေးသည်လေးများ သုံးသည့်စကား ဖြစ်သည်။ စာရေးသူ တို့ ရန်ကုန်တွင် လိမ္မော်သီး၊ သရက်သီးများ ဝယ်လျှင် တစ်ထောင်ဖိုး ငါးလုံး (သို့မဟုတ်) ခုနစ်လုံး ရောင်းခဲ့လျှင် အဆစ် တစ်လုံး ပိုတောင်း လေ့ ရှိသည်။ အုန်းချောကျေးရွာ လေးတွင်မူ အထက်ပါ အသီးများ ကို ပုံစံအမျိုးမျိုး၊ ဈေးအမျိုးမျိုးဖြင့် ရောင်းချကြ ရာတွင် တစ်ထောင်ဖိုး ငါးလုံးဆိုလျှင် ဈေးသည်ထံမှ ''သာတမ်း'' (အဆစ်) အနေဖြင့် နှစ်လုံး (သို့မဟုတ်) တစ်လုံး အလိုအလျောက် ရသည်။ မိမိ ဝယ်ယူသည့် အသီး အရေအတွက် များလျှင် များသလောက် ''သာတမ်း'' အနေဖြင့် အပိုပေး ကြသည်။ ဈေးဝယ်သူက မိမိဝယ်သည့် အသီးများ အပေါ်မူတည်၍ ဈေးရောင်းသူကို ''သာတမ်းလေး ဘာလေးလဲ ပေးအုံးနော်'' ဟု ဆိုလျှင် အလိုအလျောက် အပို (အဆစ်) ထည့်ပေးကြသည်။ ဤဓလေ့သည် အုန်းချောရွာ လေး၌ တွေ့ရသော ဈေးဝယ်ဓလေ့ တစ်ခုဖြစ်သည်။
ဤကဲ့သို့ပင် အခြား စိတ်ဝင်စားစရာ လေးများလည်း ရှိသည်။ ရန်ကုန်တွင် ''မုန့်ဟင်း ခါးစားသည်'' ကို မန္တလေးဘက် တွင် ''မုန့်ဟင်းခါး သောက်သည်''၊ ''ကြာဆံချက်''ကို ''ကြာဆံဟင်း''၊ ''ပဲပင်ပေါက်'' ကို ''တိုရ''၊ ''သကြားလုံး''ကို ''ချိုချဉ်''၊ ''ပဲငံပြာရည်''ကို ''ကြာညို့'' ၊ ''ဒိန်ချဉ်'' ကို ''နို့ချဉ်''၊ ''ထမင်းချိုင့်ထည့်'' တာကို ''ထမင်းထုပ်'' တာ၊ အမျိုးသား ငယ်လေးများကို ''သားသား'' အစား ''ဖိုးသား'' ၊ အသက်အရွယ် ကြီးရင့်သော ''အဘိုး၊အဘွား'' များကို ''ဘိုးတော်၊ ဘွားတော်'' အစရှိသဖြင့် မိမိဒေသလေသံ အတိုင်း ခေါ်ဝေါ်သုံးစွဲ နေကြဆဲဖြစ် သည်။
ယခု ဖော်ပြခဲ့သည့် ဒေသ အခေါ်အဝေါ် လေးများသည် များစွာကျန်ရှိ နေပါသေးသည်။ မည်သို့ပင် ဖြစ်စေ မိမိ ပတ်ဝန်းကျင်ရှိ ချစ်စရာ ဓလေ့စရိုက် လေးများကို မိမိနှင့်တကွ အခြားသူများ ကိုပါ သိစေချင်သည်။ ခံစား စေချင်သည်။ မိမိမြန်မာ နိုင်ငံအတွင်းရှိ မြန်မာ လူမျိုးများသည် မိမိတို့ ရေမြေသဘာဝ ၏ လေသံလေး များကို မှတ်သားစေချင် သည့် စေတနာဖြင့် အချို့သော ဒေသ အခေါ်အဝေါ် လေးများကိုသာ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။
ရတနာပုံနေ့စဉ် ၊ စာ(၂၃)
No comments:
Post a Comment