www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 17, 2016

မြန်မာ့သရက်သီး ပြည်ပဈေးကွက်ထိ ယုံကြည်စိတ်ချစွာ တင်ပို့နိုင်ရန် GAP လက်မှတ်များ လျှောက်ထားနိုင်


ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ သရက်စိုက်တောင်သူများ GAP လက်မှတ်ရရှိရေး သက်ဆိုင်ရာ က ကွင်းဆင်းဆောင်ရွက်

မန္တလေး ၊ ၁၇-၅-၂၀၁၆

မြန်မာနိုင်ငံမှ သရက်သီး တင်ပို့မှု၌ ပြည်ပဈေးကွက် ပိုမိုရရှိရန် နှင့် စားသုံးသူများ Safety ဖြစ်စေရေး အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းနှင့် ပတ်သက်သည့် GAP ( Good Agricultural Practices ) လက်မှတ်များ လျှောက်ထား နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီး မန်နေဂျာ ဦးမြင့်ဦး က ပြောပြသည်။

သရက်သီးနှင့် ပတ်သက်သည့် GAP လက်မှတ်ကို ယခုနှစ်မှ စတင် လုပ်ဆောင်ခြင်း ဖြစ်ပြီး ပြည်ပ ဈေးကွက်သို့ ထိုးဖောက်ရန်နှင့် စားသုံးသူများ အန္တရာယ် ကင်းရှင်းရေး အတွက် အဓိက ရည်ရွယ်ကြောင်း သိရသည်။

''ဒီနှစ်မှာ စလုပ်တာ ဆိုပေမယ့် အရင်နှစ်တွေက ကိုယ့်ဘာသာ နိုင်ငံခြားတင်ပို့ နေကြတာပါ။ ဌာနအနေနဲ့ အခုလို လက်မှတ်ရရှိဖို့ သရက်စိုက် တောင်သူတွေ စိတ်ဝင်စား လာအောင်ဝင်ပြီး ကူညီပေးတယ်။ အသိပညာ ပေးတယ်။ ခုလို လက်မှတ်ရပြီ ဆိုရင် ပြည်ပ သရက်သီး တင်ပို့မှု မြင့်တက်လာမယ်။ စားသုံးသူလဲ ယုံကြည်မှု ပိုရရှိစေမှာပါ ၊ စားသုံးသူ အန္တရာယ်မရှိဘူး ဆိုတဲ့ အထောက်အထားရှိရင် ဈေးကွက် ရမယ်။ စားသုံးသူကို အဓိက အခြေခံတယ်'' ဟု ၄င်းက ပြောသည်။

GAP လက်မှတ်ရရှိရန် အတွက် ဌာနမှ ဆုံးဖြတ်ချက် ပေးကာ ချထားပေးခြင်း မဟုတ်ဘဲ သရက်စိုက် တောင်သူ စိုက်ခင်းမြေ အနေအထား၊ စိုက်ကွင်း အခြေအနေ၊ စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးရေးဆေး သုံးစွဲထားမှု၊ စိုက်ပျိုးမှု မှတ်တမ်းနှင့် အလုပ်သမားများ အခြေအနေ များကို စစ်ဆေးကာ နေပြည်တော် (ရုံးချုပ်) သို့ တင်ပြပေး သွားမည် ဖြစ်ကြောင်း၊ GAP လက်မှတ်ဖြင့် ပြည်ပ တင်ပို့ရာတွင် သရက်သီးနှင့် ပတ်သက်၍ Safety ဖြစ်ကြောင်း AEC အနေဖြင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီတွင် စတင်ပြီဖြစ်၍ GAP လက်မှတ် ရရှိခြင်းဖြင့် စားသုံးသူ စိတ်ချရသည့် အနေအထား ရရှိမည် ဖြစ်ကြောင်း၊ ၂ဝ၁ဝခုနှစ်တွင် စင်ကာပူသို့ စတင်၍ တင်ပို့ခဲ့ပြီး ၂ဝ၁၁ ခု နှစ်တွင် တရုတ်ပြည်သို့ တင်ပို့ ခဲ့ရာတွင် ထုပ်ပိုးမှုစနစ် ကောင်းမွန်စွာ ထုပ်ပိုးမှုကြောင့် သရက်သီး ဈေးနှုန်းပိုမို ရရှိလာကြောင်း၊ နိုင်ငံခြားသို့ တင်ပို့သည့် သရက်သီးများ မှာ စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်၊ ပန်းဘင်္ဂလား၊ တို့ဖြစ်ကြောင်း သိရသည်။

ဇင် (ကောလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger