www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 17, 2016

နိုင်ငံတကာက စိတ်ဝင်စားနေသည့် မြောက်ကိုရီးယား၏ စတုတ္ထအကြိမ်မြောက် ငါးနှစ်စီးပွားရေး စီမံကိန်း




( ရှိန်းထက် )

မြောက်ကိုရီးယား တို့ မေလ အစောပိုင်းက နှစ်ပေါင်း ၃ဝ ကျော်ကြာ ဆိုင်းငံ့ထား ခဲ့သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို ကင်ဂျုံအွန် က ပြန်လည် အသက်သွင်း ခဲ့သည်။ ထို ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် မြောက်ကိုရီးယား စစ်တပ်၏ ထိပ်တန်း စစ်ဦးစီးချုပ် သစ်များ ပေါ်ထွက် လာခဲ့သည်။ ရှေ့တန်း စစ်မြေပြင် တင့်ကားတပ်မ ကို ချုပ်ကိုင်မည့် ဗိုလ်ချုပ်သစ် နှင့် လေတပ်၊ ရေတပ်ဦးစီးချုပ် အသစ်များ အပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူးနေရာများကို အကြီးမားဆုံး ပြောင်းလဲပစ် ခဲ့သည်။

ထို့ပြင် ကင်ဂျုံအွန် သည် မထင်မှတ်ထားသော အစီအစဉ်တစ်ရပ် ဖြစ်သည့် စတုတ္ထ အကြိမ်မြောက် စီးပွားရေး စီမံကိန်းတစ်ခု ကို ချပြခဲ့သည်။ စီမံကိန်း ကာလကို ငါးနှစ် သတ်မှတ်ထားပြီး တံခါးပိတ် စီးပွားရေး မူဝါဒကျင့်သုံးသည့် စီးပွားရေး ပိတ်ဆို့ခံ နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး စီမံကိန်းသည် နိုင်ငံတကာ အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် တတိယမြောက် စီမံကိန်းသည် နှစ်နှစ် နောက်ကျပြီးမှ မအောင်မြင်စွာ ပြီးဆုံးခဲ့ကာ ပြီးခဲ့သည့် ငါးနှစ်အတွင်း မြောက်ကိုရီးယား ၏ စီးပွားရေး တိုးတက်မှုနှုန်း သည် ၁ ရာခိုင်နှုန်း သာ ရှိခဲ့သည်။

တတိယမြောက် မျိုးဆက် ကင်ဂျုံအွန် လက်ထက်တွင် မြောက်ကိုရီးယား စီးပွားရေး အဆိုးရွားဆုံး အထိ ကျဆင်းခဲ့သဖြင့် ပြန်လည် ဦးမော့ လာစေရန် ကင်ဂျုံအွန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်လည်း မြောက်ကိုရီးယား စီးပွားရေး ပြန်လည်ဦးမော့ လာစေရန် တစ်ခု တည်းသော ရည်ရွယ်ချက်မှာ တရုတ်ဖြစ်သည်။ သို့သော်လည်း တရုတ်သည် မြောက်ကိုရီးယား ကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် တွန်းအားပေး ခဲ့သူဖြစ်သည်။

အမေရိကန် ဦးဆောင်သော အနောက် အုပ်စုနှင့် တရုတ်တို့ စည်းလုံးမှု ယခုအချိန် ထိ ခိုင်မာနေမည် ဆိုပါက ကင်ဂျုံအွန် ၏ ငါးနှစ် စီမံကိန်းသည် ယခင် ခုနစ်နှစ် စီမံကိန်း များကဲ့သို့ မအောင်မြင်မှု များနှင့်ပင် ပြီးဆုံး သွားမည်မှာ သေချာသည်။ ကင်ဂျုံအွန် သည် သူ့ လက်ထက်တွင် နျူကလီးယား တစ်လမ်းသွား လမ်းစဉ်နှင့် အနောက် အုပ်စုကို ဆန့်ကျင်ပြီး နိုင်ငံ၏ စီးပွားရေးကို အောက်ဆုံး ရောက်အောင် ဆွဲချပစ်ခဲ့သည်။ ကင်ဂျုံအွန် က အဘိုးဖြစ်သူ ချမှတ်ထား ခဲ့သော နျူကလီးယား လမ်းစဉ်ကို လိုက်နာကျင့်သုံး နေခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ၄င်း၏အဘိုး ကင်အီဆွန်း နှင့် ၄င်း၏ဖခင် ကင်ဂျုံအီ တို့နှစ်ဦးသည် နျူကလီးယား လက်နက်များကို စွန့်လွှတ်ရန် အစီအစဉ်များ ရှိခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံရေး ထိပ်တန်း စီးပွားရေး ညီလာခံများကို ကျင်းပသည်။ စီးပွားရေး စီမံကိန်း များကို ခုနစ်နှစ် စီမံကိန်းနှင့် သုံးခုဆက်တိုက် ချမှတ်သည်။ နိုင်ငံတကာနှင့် အဆင်ပြေစွာ ပေါင်းသင်းနိုင်ရန် ကြိုးစားသည်။ တောင်ကိုရီးယား နှင့် ပူးပေါင်းသည့် အနေဖြင့် တစ်ခုတည်းသော နှစ်နိုင်ငံ နယ်စပ်စည်းရှိ စီးပွားရေး ဖြစ်သည့် ကေဆုန် စက်မှုဇုန်ကို ပုံမှန်လည်ပတ် နိုင်စေရန် ကြိုးစားခဲ့သည်။ ယခုအခါ ကင်ဂျုံအွန် ကြောင့် နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၉ဝ ခန့်ဝင်နေသော ကေဆုန် စက်မှုဇုန် ကိုလည်း တောင်ကိုရီးယား တို့က ပိတ်ပစ် လိုက်သည်။ တောင်ကိုရီးယား တို့က မြောက်ကိုရီးယား ပြည်သူများ အလုပ်ရရှိ ရေးနှင့် စားဝတ်နေရေး အဆင်ပြေ စေရန် လူသားချင်း စာနာစွာ ဖွင့်ပေး ထားသော စက်မှုဇုန်မှ အမြတ်များ၏ ၇ဝ ရာခိုင်နှုန်းကို ကင်ဂျုံအွန်က နျူကလီးယား အစီအစဉ် များတွင် အသုံးပြု ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တောင်နှင့်မြောက် ဆက်ဆံရေး ထိစပ်နေသည့် အရာအားလုံး ပြတ်တောက် သွားခဲ့ပြီး တင်းမာမှုများ ကလည်း မြောက်ကိုရီးယား ၏ ဟိုက်ဒရိုဂျင်ဗုံးနှင့် တာဝေးပစ် ဒုံးပျံ စမ်းသပ်မှု များကြောင့် ပိုမိုမြင့်တက် ခဲ့ရသည်။

ဇန်နဝါရီလ အစောပိုင်းက ဟိုက်ဒရိုဂျင် ဗုံးကြောင့် မြောက်ကိုရီးယား သည် နျူကလီးယား စစ်ပွဲကို ခေါ်ဆောင်မည့်သူ အဖြစ် ရုရှားသမ္မတ ပူတင် ထက်ပင် အမေရိကန်၏ ပစ်မှတ်ထားခြင်း ကို ခံခဲ့ရပြီး ပင်တဂွန်၏ နျူကလီးယားဗုံး ပထမဆုံး ပစ်ခတ်မည့် စာရင်းတွင် ထိပ်ဆုံးမှ နေရာယူခဲ့သည်။ ပင်တဂွန် က မြောက်ကိုရီးယား ကိုဖြိုချရန် နျူကလီးယား လက်နက် ခုနစ်ခုအထိ ပစ်ခတ်ရမည် ဟု ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥပဒေအမှတ် ၂၂၇ဝ အရ မြောက်ကိုရီးယား ၏ နျူကလီးယား လက်နက် အစီအစဉ်နှင့် ပတ်သက်ပြီး အဆိုးရွားဆုံး စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခွင့် ရရှိထားသည်။ ထို့ကြောင့် ကင်ဂျုံအွန် ၏ စီးပွားရေး စီမံကိန်းသည် မည်သို့ အကောင်အထည် ဖော်မည်ကို နိုင်ငံတကာက စိတ်ဝင်စား လာရသည်။ ကင်ဂျုံအွန် ကတော့ နိုင်ငံရေး စုံညီပွဲတွင် နိုင်ငံ့ စီးပွားရေးကို စီမံကိန်း အတိုင်း အောင်မြင်အောင် လုပ်ဆောင် သွားမည်ဟု ကတိပေးခဲ့ပြီး အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။

၎င်း၏ ကတိအတိုင်း ရာနှုန်းပြည့် အောင်မြင်ရန်မှာ နျူကလီးယား လမ်းစဉ်ကို စွန့်လွှတ်မှသာ ရမည်။ သုတေသီ တချို့က ကင်ဂျုံအွန် ၏ နိုင်ငံရေး ဗျူဟာများသည် အနည်းငယ် ပိုမိုပျော့ပျောင်း လာသည်ဟု ဆိုသည်။ ဧပြီလ အတွင်းက အမေရိကန်နှင့် တောင်ကိုရီးယား တို့ ပူးတွဲစစ်ရေး လေ့ကျင့်နေစဉ် မြောက်ကိုရီးယား သည် ထိုစစ်ရေး လေ့ကျင့်မှု များကိုသာ ဖျက်သိမ်းပါက နျူကလီးယား သဘောတူညီချက် ဆွေးနွေးရန် အဆင်သင့် ရှိသည်ဟု ဆိုခဲ့သည်။ ယခုလည်း နိုင်ငံတကာ မီဒီယာများနှင့် အကြီးမားဆုံး နိုင်ငံရေး တွေ့ဆုံပွဲကြီးကို နိုင်ငံတကာမှ ခေါင်းဆောင်များအား ဖိတ်ခေါ်ပြီး ကျင်းပခဲ့သည်။ ကင်ဂျုံအွန် ၏ အနည်းငယ် ပွင့်လင်းလာမှု များကို အတိုင်းအတာ တစ်ခုအထိ မြင်လာရသည်။ သို့သော်လည်း နိုင်ငံတကာ ခေါင်းဆောင်များ အနေဖြင့် မြောက်ကိုရီးယား နှင့် သဘော တူညီချက် ရရှိရေးအတွက် ဝေဝါးသည့် မျှော်လင့်ချက် အဖြစ်သာ ရှိနေသေးသည်။

ကင်ဂျုံအွန် ၏ ငါးနှစ် စီမံကိန်းသည် ၂ဝ၁၆ ခုနှစ်မှစတင်၍ ၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးဆုံးမည် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် အမေရိကန်သည် ယခင်က ခွင့်ပြုထား ခဲ့သော မြောက်ကိုရီးယား ၏ ပင်လယ်ကူး ကုန်သွယ်ရေး သင်္ဘောများကို ပိတ်ပင်ထားသည်။ မြောက်ကိုရီးယား ၏ သင်္ဘောများကို မည်သည့် နေရာ၌ တွေ့ရှိသည် ဖြစ်စေ ဖမ်းဆီးခွင့် ရှိသည်။ ယခင်က မြောက်ကိုရီးယား ၏ မဟာမိတ် ကျူးဘား ကလည်း ယခု အမေရိကန်နှင့် အဆင်ပြေ နေသည်။ အမေရိကန် သံရုံးကိုပင် ကျူးဘား၌ ဖွင့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကို မြှင့်တင် နေသည်။ မကြာမီ စစ်ရေးအရ ပူးပေါင်းမှု များလည်း ရှိလာ တော့မည်။ အမေရိကန်နှင့် စီးပွားရေး၊ စစ်ရေး ပူးပေါင်း လိုလျှင် ကျူးဘား အနေဖြင့် မြောက်ကိုရီးယား နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ရမည် ဖြစ်သည်။

ယခင်က မြောက်ကိုရီးယား ၏ ပင်လယ် ရေကြောင်း ကုန်သွယ်ဖက် အဓိက နိုင်ငံသည် ကျူးဘား ဖြစ်သည်။ တခြား ကုန်သွယ်ဖက် နိုင်ငံများသည် အီရန်နှင့် ဆီးရီးယား ဖြစ်သည်။ ယခု ဆီးရီးယား က ပြည်တွင်း စစ်ကြောင့် အမှိုက်ပုံကြီး ဖြစ်နေသည်။ အီရန်က အမေရိကန် နှင့် ဒုံးပျံ သဘော တူညီချက် ကလွဲလျှင် အားလုံး အဆင်ပြေ နေသည်။ ထို့ကြောင့် မြောက်ကိုရီးယား ၏ ကုန်သွယ်ဖက် နိုင်ငံဟူ၍ ရုရှား တစ်နိုင်ငံသာ ရှိတော့သည်။

အကယ်၍ တရုတ်နှင့်သာ သဘောတူ ညီချက် တစ်ခုကြောင့် အဆင်ပြေ သွားခဲ့ပါက ကင်ဂျုံအွန် ၏ စီမံကိန်းသည် အတိုင်းအတာ တစ်ခုအထိ အောင်မြင်နိုင်ဖွယ် ရှိသည်။ သို့သော်လည်း ယခု အချိန်ထိ တရုတ်က မြောက်ကိုရီးယား နှင့် ပြန်လည် ဆက်ဆံရန် အရိပ်အယောင် မပြသေး၊ ရုရှားနှင့်လည်း ကုန်သွယ်ရေး တိုးမြှင့်ရန် မြောက်ကိုရီးယား ယခုအချိန်ထိ မလုပ်ဆောင် နိုင်သေး၊ တစ်ဖက်တွင်လည်း အမေရိကန် နှင့် ကုလသမဂ္ဂ ၏ အဆိုးရွားဆုံး စီးပွားရေး ပိတ်ဆို့မှု များက ရှိနေသောကြောင့် ကင်ဂျုံအွန် ၏ ရှုပ်ထွေး လှသည့် ငါးနှစ် စီးပွားရေး စီမံကိန်း အောင်မြင်ရန် လမ်းစ အနည်းငယ်သာ ရှိနေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger