www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 22, 2016

မြန်မာစာ မြန်မာအစား မြန်မာ့အလေ့အထ မမေ့ကြနှင့်


ဒေါက်တာချစ် (ထပ်ဆင့်အမျိုးသားစာပေဆုရ)

မြန်မာနိုင်ငံတွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်။ ပြည်ထောင်စု နိုင်ငံ ဖြစ်သဖြင့် လူမျိုးပေါင်းစုံ နေထိုင်ကြပြီး စာ၊ စကား၊ အစားအစာ၊ ဓလေ့ထုံးစံ စသည်များလည်း ကွဲပြားကြသည်။ သို့ရာ ရုံးသုံးစာမှာ မြန်မာစာ သာ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လမ်းညွှန် ဆိုင်းဘုတ်များ၊ ကြော်ငြာများ၊ ဈေးဆိုင် နာမည်များ စသည်တို့ ပေါ်တွင် ရေးသားရာ၌ အပေါ်ဆုံးက ဦးစားပေး၍ မြန်မာစာ ရေးသားပြီးမှ တိုင်းရင်းသားစာ သို့မဟုတ် အင်္ဂလိပ်စာ၊ တရုတ်စာ၊ ဂျပန်စာ၊ ထိုင်းစာ (ယိုးဒယားစာ) စသည်တို့ကို ရေးသားရန် နိုင်ငံတော် က အမိန့် ထုတ်ပြန်သင့် သည်။ မြန်မာ တချို့သည် ''အမေကျော် ဒွေးတော်လွမ်းတတ်'' ကြသည်။ အင်္ဂလိပ်စာ သို့မဟုတ် စကားနှင့် ရေးလိုက်ရ၊ ပြောလိုက်ရ မှပဲ အားရသွားသည်။ ဘေးလူက မိမိကို အထင်ကြီးမည် ဟု ယူဆကြသည်။ အပြစ်မပြော လိုပါ။ အဲဒီစကား ကိုပြော၊ အဲဒီစာကို ရေးရတာ ကြိုက်ပြီ ဆိုရင်လည်း သူတို့တစ်တွေက သူတို့တိုင်းပြည် အတွက် အလုပ်လုပ် ကြသလို ကိုယ်ကလည်း ကိုယ့်တိုင်းပြည် အတွက် ကြိုးစားပြီး အလုပ်လုပ် ရမည်ဖြစ်သည်။ သူတစ်ပါး တိုင်းပြည်တွေက တိုးတက်တာ အားကျပြီး ကိုယ့်တိုင်းပြည် က မမီတာကို အားမရ သဖြင့် ဟိုလူ့ကို အပြစ်ပြော၊ ဒီလူ့ကိုအပြစ်ပြော နေရုံ နှင့်တော့ တိုင်းပြည် မတိုးတက်နိုင်ဘူး ဆိုတာကို သတိရှိသင့် ပါပြီ။ ပြာပုံထဲမှ တိုးတက်လာသော ဂျပန်လူမျိုး၊ ထမင်းရည် သောက်ခဲ့ပြီး တိုးတက်လာသော တရုတ်လူမျိုး၊ တစ်ရက်မှာ ဂျုံမှုန့်ဂရမ် ၅ဝ သာ စားခဲ့ရာမှ တိုးတက် လာသော ရုရှားလူမျိုး တို့ကို နမူနာယူပြီး လုပ်ကြပါဦး လို့ တိုက်တွန်းချင်သည်။

မြန်မာတချို့သည် မိမိတိုင်းပြည် အတွင်းနေစဉ်က မြန်မာ ဖြစ်ရတာ အားငယ်ကြသည်။ ဟိုလူဒီလူကို အပြစ်ပြော ကြသည်။ လုပ်နည်း လုပ်ဟန်တွေကို ဝေဖန်ကြသည်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ စသော နိုင်ငံကြီးများကို အထင်ကြီး ကြသည်။ သဘောကျ ကြသည်။ ထို့ကြောင့် ထိုထိုသော တိုင်းပြည်ကြီး များသို့ ရရာ အဆက်အသွယ်ဖြင့် သွား၍ အလုပ်လုပ် ကြသည်။ အဲဒီနိုင်ငံကြီးတွေ ရောက်သွားပြီး အလုပ်လုပ်တော့ ဘယ်လို နေထိုင်ရသလဲ၊ ဘယ်လို စားရသလဲ၊ ဘယ်လို အလုပ်ကို လုပ်ကြသလဲ၊ လစာက ဘယ်လောက် ရသလဲ၊ ဘယ်လောက် ငွေစုနိုင်သလဲ၊ ဘယ်လောက် မိဘဆွေမျိုး များကို ထောက်ပံ့ နိုင်သလဲ၊ စိတ်ကရော ဘယ်လောက် လွတ်လပ်ပေါ့ပါး သလဲ စသည်တို့ကို ပြန်ကြည့်ရင် ဘယ်နိုင်ငံက သက်ကြီးရွယ်အို နှင့် မသန်စွမ်း ဖြစ်သောအခါ ခေါင်းချဖို့ ကောင်းသလဲလို့ မေးကြည့်ပါ။ ခေါင်းမချမီရော ယာဉ်မောင်းငှားထား နိုင်သလား၊ အိမ်ဖော် ခေါ်ထားနိုင် ပါသလား၊ သားသမီး အငယ်များကို ကျောင်းကြို၊ ကျောင်းပို့ လုပ်နိုင်ပါ သလားဆိုတာ တွေးကြည့်ကြ ဖို့လိုသည်။ အဲဒီနိုင်ငံတွေ တိုးတက်သလို တိုးတက်ချင်ရင် အဲဒီမှာလို အလုပ်လုပ် ကြပေါ့။ အတင်းအဖျင်း ပြောခြင်း၊ မနာလိုဝန်တို စိတ်ထားခြင်း၊ ကိုယ်နှင့် မဆိုင် ကိုယ့်အလုပ် မဟုတ်တာကို အလေးထားခြင်း၊ အချောင်ခိုခြင်း စသည်တို့ကို ပယ်ဖျောက်ကြဖို့ အချိန် ရောက်ခဲ့ ပြီးပါပြီ။

ယခု နိုင်ငံခြား တိုင်းပြည်များတွင် ရောက်ရှိပြီး အလုပ်လုပ် နေကြသူ များသည် မြန်မာပြည်ကို ပြန်ရောက် ရင်လည်း သူတစ်ပါး တိုင်းပြည်မှာ လုပ်ခဲ့သလို အလုပ်အရှိန် မလျှော့ဘဲ ဆက်လက် လုပ်ကိုင်သွားဖို့ သတိမမေ့ သင့်ပါ။ ထို့ပြင် အဲဒီကို ရောက်ရှိပြီး နိုင်ငံသားခံယူ ထားသူများ ကလည်း ကိုယ့်အတွက် ဖြစ်စေ၊ ကိုယ့်လူမျိုး အတွက်ဖြစ်စေ တိုးတက်စေဖို့ အကြံကောင်း ဉာဏ်ကောင်းများ၊ မိမိတို့၏ အတွေ့အကြုံများ၊ တခြားကူညီ ထောက်ပံ့မှုများ ကိုပါ ကူညီပေးဖို့ အထူးလိုအပ်သည်။ နောက်ဆုံး အသက် ၆၅ နှစ် ပြည့်ပြီးရင်လည်း အမိနိုင်ငံတွင် ရက်ရှည်နေ၍ အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းဌာန စသည်များ ဖွင့်၍ မြန်မာ အလုပ်သမား များနှင့် လုပ်ခြင်းဖြင့် လက်တွေ့ ပညာတတ် သွားနိုင်သည်။ ထိုသူတို့ အတွက် အိုဂျေတီ ( On job training) သဘော ဖြစ်သည်။

''မြန်မာစာ၊ မြန်မာ့အစား၊ မြန်မာ့ အလေ့အထ မမေ့ကြဘဲ ကမ္ဘာမှာ မြန်မာဟေ့'' လို့ အော်နိုင်အောင် ကိုယ့်မြန်မာ တွေကပဲ ကြိုးစားကြ ရမည် ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger