www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 3, 2016

စည်းလုံးညီညွတ်မှုသည် "အား" တစ်ခုဖြစ်၍ နိုင်ငံတော် ကာကွယ်ရေး စွမ်းပကားမြင့်မားရေး အတွက် များစွာအရေးကြီး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ရန်ကုန်တပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃-၅-၂၀၁၆

တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာ ရှိပြီး စည်းလုံး ညီညွတ်မှုသည် "အား" တစ်ခုဖြစ်၍ နိုင်ငံတော် ကာကွယ်ရေး စွမ်းပကား မြင့်မားရေးအတွက် များစွာ အရေးကြီးကြောင်း လက်ရှိ လျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ် မှန်မှန်ကန်ကန် ၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်းလမ်းတကျ ဆောင်ရွက် နေသည့် တပ်မတော်၏ ရပ်တည်ချက် ၊ လုပ်ဆောင်ချက် များအပေါ် အထင်အမြင် လွဲမှားသုံးသပ်သူ တချို့သည် တပ်မတော် ပြိုကွဲအောင် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံး ညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ''အား'' ပျော့သွားအောင် လုပ်ဆောင် လာနိုင်သဖြင့် သတိတရား ရှိကြရန်နှင့် တပ်တွင်း စည်းလုံး ညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမ၌ ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိမိတို့နိုင်ငံ အနေဖြင့် လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း၏ ဒုတိယ သက်တမ်း ကာလသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ၂ဝ၁ဝ ခုနှစ်တွင် ပထမအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးချယ်ခံ အစိုးရအနေဖြင့် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့ အား တတ်နိုင်သမျှ လုပ်ဆောင် ခဲ့ကြောင်း၊ တပ်မတော် အနေဖြင့်လည်း ပြည်သူ ရွေးချယ်သော လမ်းကြောင်းကို အနှောင့်အယှက် မရှိစေရန် တည်ငြိမ် အေးချမ်းစွာ လျှောက်လှမ်း ဖြတ်သန်း နိုင်ရန် တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက် ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒုတိယ အကြိမ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲ အလွန်ကာလ များတွင် မိမိတို့၏ အခြေခံ သဘောထား ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား၍ လွတ်လပ်ပြီး တရားမျှတမှုကို ဖော်ဆောင်ပြသ နိုင်ခြင်းမှာ တပ်မတော်၏ ဂုဏ်ပင် ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည် မိသားစုများ၏ လုပ်ဆောင်မှု ကိုလည်း ဂုဏ်ယူ အသိအမှတ် ပြုကြောင်း၊ ပါတီစုံ ဒီမိုကရေစီ စနစ်တွင် ပါတီကြီးများထဲမှ သက်တမ်းကာလ တစ်ခုအတွက် အစိုးရကို ပြည်သူများ၏ ဆန္ဒအရ မဲပေးရွေးချယ် ခဲ့ကြကြောင်း၊ ပြည်သူလူထု ဆန္ဒကို ဖြည့်စွမ်းနိုင်သော အစိုးရသည် ရေရှည်ခိုင်မြဲမည် ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် တချို့နိုင်ငံရေး ပါတီ၊ အစိုးရများသည် သက်တမ်း ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ် စသည်ဖြင့် ကြာရှည် ခိုင်မြဲပြီး တချို့မှာ သက်တမ်းကာလ မပြည့်မီပင် ကျရှုံးမှုများလည်း ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မိမိနိုင်ငံ ဖြတ်သန်း နေရသော လက်ရှိ အခြေအနေတွင် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ဆောင်ရန် များစွာ ရှိနေကြောင်း၊ ဒီမိုကရေစီ စနစ်ကို လက်ခံပါက၊ ခိုင်မြဲ စေလိုပါက လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေ လေးစား လိုက်နာရေး၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ကိုင်ရေးများ အလေးထား ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် ပတ်သက်၍ တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသည် တိုင်းရင်းသား များ၏ အခွင့်အရေး တောင်းဆိုမှု အပေါ် မူတည်ဖြစ်ပေါ် လာသော်လည်း တချို့ အဖွဲ့အစည်း များမှာ ဥပဒေတွင် ပြဋ္ဌာန်း ပေးထား ပြီး ဖြစ်သည့် အချက်အလက် များအား မျက်ကွယ် ပြု၍ အတင်းတောင်းဆို မှုများလည်း ရှိကြောင်း၊ ယင်း အပေါ်တွင် တချို့သော အဖွဲ့အစည်း များက သွေးထိုးရန်တိုက် ၍ အမုန်းတရား ကြီးမားအောင် လုပ်ဆောင် နေခြင်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို မခိုင်မြဲအောင် လုပ်ဆောင်ခြင်း ဖြစ်၍ များစွာ အန္တရာယ် ကြီးမားကြောင်း၊ ထိုသို့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေမည့် ပြုမူပြောဆို ရေးသား လုပ်ဆောင်မှုများ မဖြစ်စေရေး ကြပ်မတ် ထိန်းသိမ်းရန် လိုကြောင်း၊ မိမိတို့ တပ်မတော်သား စစ်မှုထမ်းများ အနေဖြင့်လည်း တစ်ဦးချင်း ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ အပါအဝင် ပြောဆိုနေထိုင် လုပ်ကိုင်မှု အားလုံးကို စဉ်းစား ဆင်ခြင် ထိန်းသိမ်း လုပ်ဆောင်ခြင်းဖြင့် ပြည်သူ နှင့် စည်းလုံး ညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရန် တိုက်တွန်း ပြောကြားသည်။

ကာကွယ်ရေး စွမ်းပကား နှင့်ပတ်သက်၍ ပြောကြား ရာတွင် ဒီမိုကရေစီ နိုင်ငံတိုင်းတွင် တပ်မတော်၏ တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်၍ ကာကွယ်ရေး စွမ်းပကား မြင့်မားအောင် ဦးစားပေး လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ် နိုင်စွမ်းရှိသည့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ရှိသော တပ်များဖြစ်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မိမိတို့တွင် ရှိပြီးဖြစ်သည့် အရည်အချင်းနှင့် အရည်အသွေး များကို ပိုမိုတိုးတက် ကောင်းမွန်အောင် လေ့ကျင့် လုပ်ဆောင်ခြင်း ဖြင့် တိုက်စွမ်းရည် မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ပိုမို အစွမ်းထက်သည့် အဆင့်မြင့် စစ်လက်နက် ပစ္စည်း၊ ယာဉ်ယန္တရား များ တပ်ဆင် အဆင့်မြှင့်ခြင်း ဖြင့် တိုက်စွမ်းအား ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရန် လိုကြောင်း၊ တပ်မတော် စွမ်းရည် မြင့်မားရေးကို အထောက်အကူ ရရှိစေရန် တပ်မတော် သားများ အနေဖြင့် လက်ရှိ အခြေအနေထက် ပိုမို တိုးတက်အောင် ကြိုးစား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ၄င်းအပြင် အသိပညာ၊ အတွေးအခေါ်၊ စဉ်းစား ဆင်ခြင်ခြင်း စသည်ဖြင့် မိမိအတွက် များစွာ အထောက်အကူ ဖြစ်စေသည့် စာဖတ်ခြင်းအား အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိ သားသမီးများ ကိုလည်း ပညာ ဆုံးခန်းတိုင်ပြီး ထိုက်တန်သည့် အလုပ်အကိုင်များ ရရှိအောင် စီမံဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်တွင်း စည်းလုံးညီညွတ် မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် အဆင့်ဆင့်သော တပ်မတော် ခေါင်းဆောင် များ၏ ညီညွတ် မျှတသော အုပ်ချုပ်မှု အောက်တွင် လက်အောက် ငယ်သားများက တညီတညွတ်တည်း လိုက်ပါ လုပ်ဆောင်ကြမည် ဖြစ်သကဲ့သို့ မှန်ကန်သော ခေါင်းဆောင်မှု ပေးနိုင်မှသာ တပ်တွင်း စည်းလုံး ညီညွတ်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော် တစ်ရပ်လုံး ကြည်း၊ ရေ၊ လေ၊ လက်ရုံးဝန်ထမ်း ဟူ၍ စားဝတ်နေရေး၊ ရာထူး တိုးမြင့်ရေး၊ တာဝန်ချထားမှု စသည်ဖြင့် ခွဲခြားမှု မရှိဘဲ ညီညွတ် မျှတစွာ မှန်မှန်ကန်ကန် လုပ်ဆောင်ပေး နေကြောင်းနှင့် အုပ်ချုပ်သူ အဆင့်ဆင့် မှလည်း ခွဲခြားသည့် စိတ်အမြင် လုံးဝမရှိစေရန် သတိပေး မှာကြားသည်။

လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် နောက်ဆံ မတင်းဘဲ စွန့်လွှတ်စွန့်စား သည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်ကြရန် လိုကြောင်း၊ မိမိအား တရားနည်းလမ်း တကျ ပေးအပ်သည့် အလုပ်မှန်သမျှ အောင်မြင်ရမည် ဆိုသည့် စိတ်အမြဲမွေးမြူကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်သား တစ်ဦးချင်း၏ ဝတ်စား ဆင်ယင်မှု၊ ပြုမူပြောဆို လှုပ်ရှားမှု များသည် မိမိအပေါ်၊ တပ်မတော် အပေါ် ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းမှုမျိုး မဖြစ်စေရေး အလေးထား လိုက်နာ ထိန်းသိမ်းကြ ရမည် ဖြစ်ကြောင်း၊ ကွမ်း၊ ဆေးလိပ်သုံးစွဲခြင်း၊ အပျော်အပါး၊ အပြိုင်အဆိုင် များခြင်းများသည် ပျက်စီး စေတတ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် တပ်မတော်သားများ အပါအဝင် အမှုထမ်းများအား ထိုက်သင့်သည့် လစာနှင့် စရိတ်များ ပေးထားကြောင်း၊ အမှုထမ်းများ၏ လစာမှာ အဓိကအားဖြင့် စားရေးတွင် သုံးစွဲရကြောင်း၊ သို့ဖြစ်၍ စစ်သည် မိသားစုများအား စားရေးတွင် အထောက်အကူ ရစေရန် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ နိုင်သလောက် လုပ်ဆောင်စေရန် စီမံဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း၊ တတ်နိုင်သမျှ လစာကို ခြိုးခြံချွေတာပြီး အသုံးနှင့် အဖြုန်းကို စိစစ်သုံးစွဲရန် လိုကြောင်း၊ မိမိကိုယ်ကို လည်းကောင်း၊ လက်အောက်ကို လည်းကောင်း အလိုမလိုက်ဘဲ ကြပ်မတ် ထိန်းသိမ်းကြရန် လိုကြောင်း၊ တပ်မတော်သား မိသားစုများ အနေဖြင့် ဂုဏ်သိက္ခာ ရှိရှိ ရပ်တည် နိုင်အောင် ကြိုးစား လုပ်ဆောင်ကြရန် လိုကြောင်း၊ မြန်မာနိုင်ငံတွင် မည်သည့် ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသော်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူ ၈၅ ရာခိုင်နှုန်း ကျော်ရှိပြီး အခြား ဘာသာ ကိုးကွယ်မှု ကိုလည်း အသိမှတ် ပြုကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမတွင် ငါးပါးသီလ တရားရှိကြောင်း၊ တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် သူ့ကဏ္ဍနှင့်သူ ရှိကြသော်လည်း ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် အနည်းဆုံး ငါးပါးသီလကို ထိန်းသိမ်းပါက ပိုမိုပြည့်စုံ ကောင်းမွန်ကြောင်း၊ ထို့အတူ လူတိုင်းတွင် သစ္စာထားကြ သကဲ့သို့ မိမိတို့သည် တပ်မတော် သားများ ဖြစ်သည်နှင့် အညီ "သစ္စာ" ရှိကြရမည် ဖြစ်ကြောင်း ၊ နေ့စဉ်ရွတ်ဆို နေသည့် သစ္စာလေးချက် လုံးကို စောင့်ထိန်းနိုင်ပါက ပိုမိုခိုင်မာ ကောင်းမွန်ကြောင်း ၊ စစ်မှုထမ်းများ သာမက ကောင်းမွန်စွာ စစ်မှုထမ်း ဆောင်ပြီး အငြိမ်းစား ယူသွားသည့် စစ်မှုထမ်းဟောင်း များကိုပါ စောင့်ထိန်း လိုက်နာ စေလိုကြောင်း မှာကြားသည်။

ပြည်သူကို ကာကွယ် စောင့်ရှောက် ရမည့် အပိုင်းနှင့် ပတ်သက်၍ ပြည်သူကြားမှ ပေါက်ဖွားလာသည့် တပ်မတော် ဖြစ်သည်နှင့် အညီ ပြည်သူကို ကူညီရန်၊ ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ဥပမာ အားဖြင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများေ ဆာင်ရွက် ပေးခြင်းဖြင့် အနည်းဆုံး စိတ်ပိုင်းဆိုင်ရာကို အထောက်အကူ ရစေပြီး ကျန်းမာ ကြံ့ခိုင်စွာ တိုင်းပြည်အ တွက် ပိုမို အလုပ်လုပ် နိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ပိုမို အလုပ်လုပ် နိုင်ခြင်းကြောင့် သက်ဆိုင်သူ၏ ဘဝ တိုးတက်မှု ကိုလည်း ဖြစ်စေနိုင် သဖြင့် ပြည်သူကို ကူညီ စောင့်ရှောက် ခြင်းပင် ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် အမြဲထိတွေ့၍ မိမိလုပ်သင့် လုပ်ထိုက် သည်များ၊ လုပ်ပေး နိုင်သည်များကို ကြိုးစားကူညီ ဆောင်ရွက်ပေးပြီး မလုပ်နိုင် သည်များကို အထက် အဆင့်ဆင့်သို့ တင်ပြ လုပ်ဆောင် သွားရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က တပ်နယ်ရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအတွက် သုတ ၊ ရသ စာအုပ်စာစောင် များ ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ ရန်ကုန်တပ်နယ်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများအတွက် ချီးမြှင့်ငွေ ပေးအပ်စဉ်

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က စားသောက် ဖွယ်ရာများ ကိုလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အားကစား ပစ္စည်းများ ကိုလည်းကောင်း အသီးသီး ပေးအပ် ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက် လာကြသော တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger