www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 8, 2016

နိုင်ငံတော်၏အနာဂတ်ကို ထုဆစ်ပုံဖော်မည့် ရေကြောင်းလူငယ်များ





( ကောင်းစစ်နိုင်)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ကျောင်းသားလူငယ် မောင်မယ်များ၏ ၂၀၁၆ ခုနှစ် နွေရာသီ ကျောင်းပိတ်ရက် များတွင် အသိပညာများ တိုးတက် လာစေရန် နှင့် နိုင်ငံတော် အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်များ ပေါ်ပေါက် လာစေရန် အတွက် တပ်မတော်(ရေ) က ဧပြီ ၂၅ ရက်မှ စတင်၍ ရေကြောင်းလူငယ် အခြေခံ နှင့် တန်းမြင့် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိသည်။

ရေကြောင်းလူငယ် အခြေခံသင်တန်း နှင့် တန်းမြင့်သင်တန်း ဖွင့်လှစ်လေ့ကျင့် ပေးသည့် ရည်မှန်းချက်မှာ ရေကြောင်း ပညာရပ်များကို လူငယ်လူရွယ်များ စိတ်ပါဝင်စားပြီး ကျွမ်းကျင် တတ်မြောက် လာစေရန်၊ ခေတ်မီနိုင်ငံ တည်ဆောက်ရေးတွင် ရေကြောင်း ပို့ဆောင်ရေး အခန်းကဏ္ဍ တိုးတက်မြင့်မား ရေးသည် အရေးပါကြောင်း ကို လူငယ်များ သိရှိနားလည် စေရန်၊ စိတ်ဓာတ် စည်းကမ်းနှင့် ကိုယ်လက် ကြံ့ခိုင်မှု ကောင်းမွန် မြင့်မားပြီး စည်းလုံး ညီညွတ်စွာ စုပေါင်း ဆောင်ရွက်မှု အလေ့အကျင့် ရရှိလာစေရန်၊ ကျောင်းချိန် ပြင်ပဖြစ်သော ကိုယ်ပိုင်အချိန်ကို အလဟဿ မဖြစ်စေဘဲ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ပြီး မိမိဝါသနာ ပါရာ ပညာရပ်ကို တစိုက်မတ်မတ် လေ့လာလေ့ကျင့် နိုင်ရန်နှင့် တိုင်းပြည် ကာကွယ်ရေး အတွက် အရေးပေါ် ကာလများတွင် လူငယ်လူရွယ်များကို နိုင်ငံတော် ကာကွယ်ရေး အရန် အင်အားစုများ အဖြစ် အားကိုးအားထား ပြုနိုင်ရန်တို့ ဖြစ်သည်။

မြန်မာ့ ပင်လယ်ပြင်သည် ဘင်္ဂလား ပင်လယ်အော် နှင့် ကပ္ပလီ ပင်လယ်ပြင် တို့နှင့် ဆက်စပ်တည်ရှိ နေပြီး ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး တို့ပြုလုပ်ရာ အချက်အချာ ကျသော နေရာတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ အပါအဝင် အာရှဒေသ တစ်ခုလုံးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက် မှာ တောင်အာရှဒေသ အပါအဝင် အိန္ဒိယ သမုဒ္ဒရာ စသည့် သမုဒ္ဒရာနှစ်စင်း တို့ကို ဆက်စပ်ပေးသော ကုန်းမြေ တံတား တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင် ကြသော လူသန်း ၅ဝ ၏ အနာဂတ်ကို မြန်မာ့ ပင်လယ်ပြင်က ပုံဖော်ပေးသော သဘာဝက ပေးအပ်ထားသည့် လက်ဆောင်ကောင်းတစ်ခု ဖြစ်ခြင်းကြောင့် မြန်မာ့ ပင်လယ်ပြင်ကို အကျိုးရှိစွာ အသုံးချတတ် စေရန်လည်း လိုအပ်ပေသည်။

နိုင်ငံတစ်နိုင်ငံ၏ ရေကြောင်း စွမ်းအားသည် ရေတပ်စွမ်းအား တစ်ခုတည်းပေါ် မူတည်မနေဘဲ ပြည်သူလူထု နှင့် အနာဂတ် မျိုးဆက်သစ် များ၏ ရေကြောင်း အသိပညာ ရှိမှု၊ ပင်လယ်ပြင်ကို အာရုံစိုက်မှု အပေါ်မှာလည်း မူတည်သည်။ သဘာဝက ပေးအပ်ထားသော လက်ဆောင် ကောင်းတစ်ခု ဖြစ်သည့် မြန်မာ့ ပင်လယ်ထွက် သယံဇာတ စီးပွားရေး လုပ်ငန်းများ သည် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ငန်း၊ သတ္တုတူးဖော်ခြင်း လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ပုလဲလုပ်ငန်း၊ ငှက်သိုက် လုပ်ငန်း၊ ရေထွက် ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတော် စီးပွားရေးကို အဓိက အထောက်အကူ ပြုနေခြင်းကြောင့် ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာကြမည့် လူငယ်များကို အားကိုးအားထား ပြုနိုင်ရန် သင်ကြား ပေးခြင်းလည်း ဖြစ်သည်။

ထို့အတွက် ကြောင့် ရေကြောင်း ပညာရပ်များကို စိတ်ပါဝင်စားပြီး နိုင်ငံတော် အတွက် စိတ်ဓာတ် စည်းကမ်း ကောင်းမွန်၍ ကျန်းမာကြံ့ခိုင် သည့် ထူးချွန် ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်း လာစေရေး အတွက် ရေကြောင်း လူငယ် သင်တန်းတွင် ရေကြောင်းလမ်းညွှန် အခြေခံ သဘော တရားများ၊ နက္ခတ္တဗေဒနှင့် ဂျီပီအက်စ် အပါအဝင် ရေကြောင်း သွားလာရေး ဆိုင်ရာများ၊ အချက်ပြ ဆက်သွယ်ရေး ဆိုင်ရာနှင့် လှေလှော် ရွက်တိုက်နည်း၊ စည်းကမ်းနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကောင်းမွန် စေရန်အတွက် စစ်ရေးပြ ဘာသာရပ် ကိုလည်း သင်ကြားပေးလျက် ရှိရာ ရန်ကုန်တိုင်း ဒေသကြီးတွင် ရန်ကုန်မြို့၊ ရခိုင်ပြည်နယ် တွင် ကျောက်ဖြူမြို့၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြိတ်မြို့၊ ကျွန်းစုမြို့နှင့် ဟိန်းဇဲကျွန်း တို့တွင် သင်ကြားပေးလျက် ရှိသည်။

ယင်းသို့ သင်ကြားပေးလျက် ရှိရာတွင် ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြို့ရှိ ရေကြောင်း လူငယ်သင်တန်းမှ သင်တန်းမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ရင်ထဲက စကားသံများကလည်း သင်တန်းဖွင့်လှစ် သင်ကြား ပေးသည့် တပ်မတော်(ရေ) အတွက် သာမက နိုင်ငံတော်အတွက် အားတက်ဖွယ် ကြားသိခဲ့ ရသည်။

နိုင်ငံတော်အတွက် တစ်ချိန်ချိန်မှာ အကျိုးရှိစေမယ့် လူငယ်တွေ ဖြစ်တာကြောင့် မိဘသဖွယ် သင်ကြား စောင့်ရှောက် နေတာပါ ဆိုတဲ့ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ သင်တန်းမှူး ဗိုလ်မှူး ကျော်စိုးလွင် က ''ကလေးတွေက အနာဂတ် မျိုးဆက်သစ် အင်အားတွေပါ။ ဒါကြောင့် ကလေး တွေကို ကျွန်တော့် အနေနဲ့ သင်ကြားမှုအပိုင်း၊ အနေအထိုင် စားသောက်မှု၊ ကျန်းမာရေး ကအစ အချိန်ပြည့် ကြည့်ရှု နေတာပါ။ ဒါ့ပြင် ကလေးတွေက ရေကြောင်းပညာ တွေနဲ့ ပတ်သက်ပြီးတော့ မြတ်မြတ်နိုးနိုး သင်ယူလေ့လာ နေတာတွေ့တော့ ကျွန်တော့် အတွက် ပိုပြီးတော့ တာဝန်ယူလို စိတ်တွေ ဖြစ်လာပါတယ်။ ဒီအတွက်ကြောင့် ကလေးတွေကို မိဘသဖွယ် အုပ်ထိန်း စောင့်ရှောက် သင်ကြားပေး နေတာပါ'' ဟု ပြောသည်။ 

အရင်ကတော့ ရေကြောင်းပညာ ဆိုတာ ငါနဲ့မှ မဆိုင်တာ မသင်လည်း ရပါတယ်လို့ ထင်ခဲ့တာပါဟု ပြောသည့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (မရမ်းကုန်း) မှ မောင်လမင်းဦး က ''ကျွန်တော် အခုတက်နေတာ ကတော့ ရေကြောင်းလူငယ် တန်းမြင့်သင်တန်း ပါ။ အချက်ပြ ဆက်သွယ်ရေး ပညာရပ်ကိုပါ။ ပြီးတော့ စိတ်ဝင်စား ပါတယ်။ ဘာလို့လဲဆိုတော့ သင်္ဘောတစ်စင်း ပင်လယ်ပြင်မှာ အန္တရာယ် ကင်းစွာ သွားလာရေးမှာ ဆက်သွယ်ရေး ပညာရပ်က အရေးပါတယ်။ ဒါကြောင့် သင်ကြားမှု အားလုံးကို ကျွမ်းကျင်အောင် သင်မှာပါ။ အရေးကြုံလာရင် ကျွန်တော့်အတွက် သာမက အများပြည်သူ အတွက်ပါ အသုံးပြု သွားမှာပါ''ဟု ပြောသည်။

အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ဗိုလ်တထောင်မှ မနွေးသက်ဝေ ကလည်း ''သမီးက ဒီမှာ သင်တန်း တက်ရတာ အရမ်းပျော် ပါတယ်။ ရေကြောင်းနဲ့ ဆိုင်တဲ့ ပညာရပ်တွေ၊ ဗဟုသုတတွေကို ရရှိတဲ့အတွက် သင်ကြားပေးတဲ့ ဆရာတွေ ကိုလည်းကျေးဇူးတင် ပါတယ်။ နောင်နှစ်တွေ ဒီလိုသင် တန်းတွေ ဖွင့်ရင်လည်း အခြားသော မောင်ငယ်၊ ညီမငယ် တွေကို တက်ရောက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်တယ်လို့ တိုက်တွန်း သွားမှာပါ။ ဒါ့ပြင် သင်တန်းက ရရှိတဲ့ ပညာရပ်တွေကို အများအကျိုး၊ တိုင်းပြည်အကျိုး အတွက် အသုံးချသွား မှာပါ။ အရင်ကလည်း ရေကြောင်းနဲ့ ပတ်သက်ပြီး ပင်လယ်ကူး သင်္ဘောသား တွေကို အားကျ နေတာပါ'' ဟုပြောသည်။

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ဒဂုံ)မှ မောင်ဉာဏ်လင်းထွဋ် ကလည်း ''ကျွန်တော် အရင်ထဲက ရေကြောင်းပညာနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတာပါ။ အခု ဒီသင်တန်းမှာ ရေကြောင်းလမ်းညွှန် ဘာသာရပ်တွေ၊ ဂျီပီအက်စ် အပါအဝင် ရေကြောင်း သွားလာရေး ဆိုင်ရာပညာရပ် တွေကို သင်ကြားရတယ်။ ကိုယ်ဝါသနာ ပါတဲ့ ပညာတွေ သင်ကြားရတဲ့ အတွက် အရမ်းပျော် ပါတယ်။ ကြိုးစားပြီး တော့လည်း မှတ်သားလေ့လာ သွားမှာပါ''ဟု ပြောသည်။ 

အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ကမာရွတ်)မှ မကျော့သဉ္ဇာ ကလည်း ''နွေရာသီ ကျောင်းပိတ်ရက်မှာ ဒီလိုရေကြောင်း လူငယ်သင်တန်း တွေဖွင့်လှစ် ပေးတာ ကျေးဇူးတင် ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလို သင်တန်းမျိုး ဆိုတာ တက်ရောက်ဖို့ ခက်ပါတယ်။ သမီးက ရေကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားတယ်။ သင်္ဘော မောင်းနှင်ရာမှာ အရေးကြီးတဲ့ အသုံးချ ရေကြောင်း လမ်းညွှန်ဆိုင်ရာ ပညာရပ်တွေကို လေ့လာရတဲ့ အတွက် မိန်းကလေးတစ်ယောက် ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် လည်း ဂုဏ်ယူပါတယ်။ သင်တန်းက ပို့ချပေးတဲ့ ပညာရပ်တွေကို အခြေခံပြီး နိုင်ငံတော်အတွက် အကျိုးရှိအောင် စွမ်းဆောင် သွားပါမယ်''ဟု ပြောသည်။

အခြေခံရေကြောင်း လူငယ်သင်တန်းကို တက်ရောက်နေတဲ့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ကမာရွတ်)မှ မောင်မင်းပုည က ''အခု သားတို့ ဒီသင်တန်းမှာ ဆို ရေကြောင်းဆိုင်ရာ ဘာသာရပ်တွေ အပြင် စည်းကမ်း သင်တန်းမှူးနဲ့ နည်းပြဆရာ တွေကလည်း သင်တန်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို ရင်ဝယ် သားသမီးများ သဖွယ် အသေးစိတ် သင်ကြား ပေးတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ အခုလို သင်တန်းတွေ တက်ရောက်ရတဲ့ အတွက် အများကြီး အကျိုးရှိပါတယ်'' ဟု ပြောသည်။

အနာဂတ် မျိုးဆက်သစ် အင်အားများ ရရှိစေရန် အတွက် ရေကြောင်းလူငယ် အခြေခံသင်တန်း ကို ၂ဝ၁၄ ခုနှစ်တွင် သင်တန်းသား၊ သင်တန်းသူ ၁၈ဝ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် သင်တန်းသား၊ သင်တန်းသူ ၃၅ဝ ဦးနှင့်ယခု လေ့ကျင့်ရေး နှစ်တွင် သင်တန်းသား၊ သင်တန်းသူ ၃၉ဝ ဦးဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလ အနေဖြင့် ဧပြီ ၂၅ ရက်မှ မေ ၂ဝ ရက် အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ သင်ကြားပို့ချ ပေးလျက်ရှိသည်။ 

သင်တန်း ကာလ တစ်လျှောက် ပထမသုံးပတ်တွင် သင်ကြား လေ့ကျင့် ခဲ့ရသည့် ဘာသာရပ် များကို အမှန်တကယ် တတ်မြောက်ခြင်း ရှိ၊ မရှိ ဆန်းစစ်ပြီး သင်တန်း၏ နောက်ဆုံးပတ်တွင် စခန်းပေါင်းစုံ တွေ့ဆုံပွဲ၊ စခန်းပေါင်းစုံ ပြိုင်ပွဲများ ပြုလုပ်မည် ဖြစ်သည်။

ပြိုင်ပွဲများ ပြီးသွားသည့် အခါတွင်လည်း ရန်ကုန် နယ်နိမိတ်ရှိ အထင်ကရ နေရာများ၊ ရေတပ်စခန်း ဌာနချုပ်နှင့် ဗျူဟာ စစ်ရေယာဉ်စုတွင် ရှိသည့် စစ်ရေယာဉ် များကို လေ့လာရေး ခရီး သွားရောက်ကြမည် ဖြစ်သည့်အပြင် နေပြည်တော် သို့ လေ့လာရေးခရီး သွားရောက်ပြီး ဇေယျာသီရိ ဗိမာန်၌ မျိုးဆက်သစ် များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ပြု အခမ်းအနား နှင့် တွေ့ဆုံပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ နိုင်ငံတော်၏ အနာဂတ် အကျိုးစီးပွားကို ထုဆစ်ပုံဖော်မည့် ရေကြောင်းလူငယ် များအတွက် ယခု သင်တန်းသည် အလွန် တန်ဖိုးရှိသော သင်တန်းများပင် ဖြစ်ကြောင်း ရေးသား လိုက်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger