www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 3, 2016

တစ်စထက်တစ်စ လျော့ပါးလာသည့် ဆော်ဒီ-အမေရိကန် မဟာမိတ်ဆက်ဆံရေး



ဇေယျဘုန်း

ဒီအာရေဗျနိုင်ငံသို့ ယခုနှစ် ဧပြီလက သွားရောက်ခဲ့သည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား ၏ တရားဝင် အလည်အပတ် ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ကွဲပြားလာသည့် ဆက်ဆံရေး ကို ပုံမှန် အနေအထား သို့ ပြန်လည် ရောက်ရှိအောင် စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိပေ။ အမေရိကန် ပြည်ထောင်စုနှင့် ဆော်ဒီ တို့အကြား လျော့ပါးလာသည့် မဟာမိတ် ဆက်ဆံရေး သည် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှ စ၍ တဖြည်းဖြည်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ အိုဘားမား၏ ဆော်ဒီ ခရီးစဉ်သည် နှစ်နိုင်ငံစလုံးမှ နိုင်ငံရေး အဖွဲ့အစည်းများ အကြား သဘောထား ကွဲလွဲမှုများ ထွက်ပေါ် လာခြင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ကောင်းမွန် လာစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ 

သို့ရာတွင် အိုဘားမား၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြားရှိ ကြီးမားလာ နေသည့် ကွာဟချက်များကို ဖာထေးနိုင် ခဲ့သည့် အလားအလာ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ အိုဘားမား သည် ဧပြီ ၂ဝ ရက်တွင် ဆော်ဒီ ဘုရင် ဆယ်လ်မန် နှင့် တွေ့ဆုံခဲ့ပြီး အီရန် ၊ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှုများ အပါအဝင် လုံခြုံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ သို့သော် နှစ်နိုင်ငံအကြား ရှိ ကွဲပြားမှုများ ပြေပျောက်သွား စေရန် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့ပြင် ယင်း ခရီးစဉ်တွင် အိုဘားမား သည် ရီယက်ဒ်မြို့၌ ဧပြီ ၂၁ ရက်က ကျင်းပ ခဲ့သည့် အမေရိကန်- ပင်လယ်ကွေ့ ပူးပေါင်းရေး ကောင်စီ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်၍ ပင်လယ်ကွေ့ နိုင်ငံများနှင့် ဆက်ဆံရေး ကိုလည်း တိုးမြှင့်ရန် ကြိုးပမ်းခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဆော်ဒီအစိုးရ တို့အကြား ကွဲပြားမှုများသည် အိုဘားမား အစိုးရ၏ အရှေ့ အလယ်ပိုင်း ဆိုင်ရာ နိုင်ငံခြားရေး မူဝါဒမှ စတင်မြစ်ဖျား ခံသည်ဟု ဆိုနိုင်သည်။ ဆော်ဒီ အပါအဝင် ရေနံ ပေါကြွယ်ဝသည့် ပင်လယ်ကွေ့ နိုင်ငံများသည် အမေရိကန် အစိုးရ၏ အစ္စရေး လိုလားသည့် မူဝါဒ အပါအဝင် အသစ်ချမှတ် လိုက်သည့် အီရန်ဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ များနှင့် စပ်လျဉ်း၍ သဘောကျခြင်း မရှိပေ။ 
ထို့ပြင် ဆီးရီးယား အရေးတွင် အမေရိကန် အစိုးရက ပြည်တွင်းစစ် စတင်သည့် ၂ဝ၁၁ ခုနှစ်မှစ၍ ၄င်းတို့ ထားရှိသည့် ကတိကဝတ် အား လိုက်နာဖြည့်ဆည်း ပေးနိုင်မှု မရှိခြင်းကြောင့် ပင်လယ်ကွေ့ နိုင်ငံများက မကျေ မနပ် ဖြစ်လျက်ရှိသည်။

အမေရိကန် အစိုးရသည် ဒေါ်လာ ၁ ဘီလီယံ အကုန်အကျခံ၍ ဆီးရီးယား အတိုက်အခံ တပ်များကို လေ့ကျင့်သင်ကြား ပေးမည့် အစီအစဉ်သည် အောင်မြင်ခဲ့ခြင်း မရှိသောကြောင့် ဆော်ဒီအပါအဝင် ပင်လယ်ကွေ့ နိုင်ငံများက အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက် များအပေါ် အားမလိုအားမရ ဖြစ်လာခဲ့သည်။

အမေရိကန် အစိုးရအနေဖြင့် ၄င်းတို့၏ နိုင်ငံခြားရေး မူဝါဒကို ပြောင်းလဲပစ် သင့်ပြီး ဒေသတွင်းနိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာသည့် အီရန်အပေါ် ဖိအားပေးခြင်းကို ပြန်လည် စတင်သင့်သည်ဟု ဆော်ဒီအစိုးရနှင့် ပင်လယ်ကွေ့ နိုင်ငံများက ယူဆထားသည်။ ထို့ပြင် အီရန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် တခြား အနောက် အင်အားကြီးနိုင်ငံ များအကြား ဆက်ဆံရေး ကောင်းမွန်လာခြင်း ကိုလည်း ဆော်ဒီအစိုးရ က စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ သို့ရာတွင် အမေရိကန် အစိုးရက ၄င်းတို့၏ နိုင်ငံခြားရေး မူဝါဒကို ပြောင်းလဲပစ်ရန် စိတ်ဝင်စားခြင်း မရှိပေ။ ထို့အတူ ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် အား ဖယ်ရှားရေး ကြိုးပမ်းမှုတွင် အမေရိကန် အစိုးရက အောင်မြင်စွာ စွမ်းဆောင်နိုင်မှု မရှိခြင်းက အမေရိကန် ပြည်ထောင်စု အပေါ် ဆော်ဒီက အားမလိုအားမရ ဖြစ်လျက် ရှိနေသည်။

အမေရိကန် အစိုးရ၏ အမြင်တွင် ဆော်ဒီအာရေဗျ အနေဖြင့် အရှေ့အလယ်ပိုင်း ရေးရာများတွင် အီရန်နိုင်ငံနှင့် အတူပါဝင်၍ ဝေမျှလုပ်ဆောင် သင့်သည်ဟု ယူဆထားပြီး ဆီးရီးယား ပြည်တွင်းစစ် အတွင်း၌ ကိုယ်စား စစ်ပွဲများတွင် ပါဝင်နေခြင်းကို ရပ်တန့်ရန် လိုအပ်ကြောင်း အိုဘားမား က ပြောကြား ထားသည်။ ထို့ပြင် ဆော်ဒီအာရေဗျ သည် အမေရိကန် ပြည်ထောင်စုအား ပဋိပက္ခများ အတွင်းသို့ ဆွဲသွင်းနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် အိုဘားမား က ပြောသည်။ ယင်းကဲ့သို့သော ပြောကြားချက် များကြောင့် ဆော်ဒီအစိုးရ၏ ဝေဖန်မှုများ ထွက်ပေါ် လာခဲ့သည်။ ဆော်ဒီအာရေဗျ နိုင်ငံသည် ဆီးရီးယား၊ ယီမင်နှင့် အီရတ်တို့ ၌ ဂိုဏ်းဂဏ ကွဲပြားမှုများ ဖြစ်ပေါ်လာ စေရန် ဖန်တီးလျက် ရှိသည်ဟူသော အိုဘားမား ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ ဆော်ဒီ အိမ်ရှေ့မင်းသား တာကီအယ် ဖာအီဆယ် က အိုဘားမား ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားပေးပို့၍ ကန့်ကွက်ခဲ့သည်။ စင်စစ်တွင် ဆော်ဒီအာရေဗျ နိုင်ငံသည် အမေရိကန် ပြည်ထောင်စုကို ဒေသတွင်း ပဋိပက္ခအတွင်းသို့ ဆွဲသွင်းမည့် နိုင်ငံမဟုတ် ကြောင်းကိုလည်း ဆော်ဒီ အိမ်ရှေ့မင်းသား က အတည်ပြု ပြောကြား ခဲ့သည်။

သို့ရာတွင် ဆော်ဒီအာရေဗျ နှင့် အီရန်နိုင်ငံတို့ အနေဖြင့် ၄င်းတို့အကြား ပြိုင်ဆိုင်မှု များကို ရပ်တန်းက ရပ်၍ အရှေ့ အလယ်ပိုင်း ဒေသအတွင်း အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်နေထိုင် သင့်ပြီဟု အမေရိကန် အစိုးရ က ယူဆထားသည်။ အလားတူ ဆော်ဒီဘုရင် ဆယ်လ်မန် ၏ မိမိကိုယ်မိမိ ယုံကြည်လွန်း လှသည့် စစ်ရေးဝါဒသည် ဒေသတွင်း တည်ငြိမ်ရေးကို အကျိုးမပြုဟု ကျွမ်းကျင် သူများက ထောက်ပြ ထားသည်။ အမေရိကန် ပြည်ထောင်စုသည် ယီမင် နိုင်ငံအတွင်း ပြုလုပ်လျက် ရှိသည့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ နှင့်စပ်လျဉ်း ၍ ထောက်ခံထားပြီး ဆော်ဒီအစိုးရ၏ အမှီသဟဲ ပြုနိုင်သော မဟာမိတ်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်မည်ဟု ပြောကြား ခဲ့သော်လည်း ဆော်ဒီအာရေဗျ ၏ စစ်ရေး လုပ်ဆောင်မှု များသည် အမေရိကန် အစိုးရ၏ အမြင်တွင် စိတ်ကူး ပေါက်ရာကို စိတ်လိုက် မာန်ပါ ပြုလုပ်ခြင်း တစ်ရပ်ဖြစ်သည် ဟူသော အသွင်ကို ဆောင်လျက် ရှိသည်။

တစ်ချိန်တည်း မှာပင် အမေရိကန် အစိုးရသည် ပင်လယ်ကွေ့ ဒေသမှ ရေနံအပေါ် အမှီသဟဲ ပြုနေခြင်းကို တဖြည်းဖြည်း လျှော့ချလာနိုင် ခဲ့သည့်အပြင် ကမ္ဘာ့ရေနံ ဈေးကွက်တွင် နေရာယူထား နိုင်ခဲ့သည့် ဆော်ဒီအာရေဗျ ကိုပင် ပြိုင်ဆိုင် လာနိုင်ခဲ့သည်။ ထိုအကြောင်း များကြောင့် ဆော်ဒီအစိုးရသည် အမေရိကန် အစိုးရအပေါ် မကျေနပ်မှု များကို ကွယ်ဝှက် မထားဘဲ ဖွင့်ဟပြောကြား ခဲ့သည့်အပြင် ရုရှား၊ တရုတ်စသည့် နိုင်ငံများနှင့် ဆက်ဆံရေး ကိုပါ တိုးမြှင့်ရန် လုပ်ဆောင် လာခဲ့သည်။ သို့သော် ဆော်ဒီအစိုးရ အနေဖြင့် ယင်းသို့ လုပ်ဆောင်ရာတွင် စဉ်းစားစရာ တစ်ချက် ရှိနေသည်။ ယင်းမှာ တခြားမဟုတ်။ ရုရှားနှင့် တရုတ်နိုင်ငံ တို့သည် ဆော်ဒီ၏ ပထဝီနိုင်ငံရေး ပြိုင်ဘက်နိုင်ငံ ကြီးဖြစ်သည့် အီရန်နှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းကို ထိန်းသိမ်းထား သည်ဟူသော အချက်ပင် ဖြစ်သည်။ ထို့ကြောင့် နှစ်နိုင်ငံအကြား လျော့ပါးလာ နေသည့် ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်လာ စေရန် ဆော်ဒီအစိုးရ အနေဖြင့် ၄င်းတို့၏ စိုးရိမ်မကင်း ဖြစ်နေခြင်းကို ဖယ်ရှားသင့်ပြီး လက်တွေ့ကျသည့် ချဉ်းကပ်မှု ပုံစံဖြင့် လုပ်ဆောင် ရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ သို့မှသာ ဒေသတွင်းရှိ အကျိုးစီးပွား အများအပြားကို ဝေမျှလျက် ရှိသည့် အမေရိကန် ပြည်ထောင်စု နှင့် ဆော်ဒီအာရေဗျ တို့အကြား ယခင်က ရှိခဲ့သည့် မဟာမိတ် ဆက်ဆံရေးကို ပြန်လည် တည်ထောင် နိုင်မည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger