www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 6, 2016

တန်ဖိုးထားနွှဲပျော် သင်္ကြန်ပွဲတော်


တန်ဖိုးထားနွှဲပျော် သင်္ကြန်ပွဲတော်

၁၃၇၇ ခုနှစ် မဟာသင်္ကြန်ကာလ ရောက်တော့မည် ဖြစ်သည်။ ဧပြီလ ၁၂ ရက်နေ့သည် သင်္ကြန်အကြိုနေ့ ဖြစ်သည်။ ဧပြီ ၁၇ ရက်နေ့သည် ၁၃၇၈ ခုနှစ်၏ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်သည်။ ဧပြီ ၁၂ ရက်မှ ဧပြီ ၁၆ ရက်ထိ ကာလသည် သင်္ကြန်ပွဲတော် ကာလ ဖြစ်သည်။

သင်္ကြန်ပွဲတော်သည် မြန်မာတို့၏ နှစ်သစ်ကူး ပွဲတော် ဖြစ်သည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး ပုံစနစ်မှာ နက္ခတ်ဗေဒ ပညာရှင်များ၏ တွက်ချက်မှုဖြင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နေ့ရက်အချိန် ကာလကို ဖော်ပြ သတ်မှတ်၍ ကျင်းပခြင်း ဖြစ်သည်။ ဘာဏုရာဇာ အမည်ရှိသော တနင်္ဂနွေဂြိုဟ် (နေမင်း)သည် တပေါင်းလ ဖြစ်သည့် မိန်ရာသီ ရေဝတီနက္ခတ်မှ တန်ခူးလ မိဿရာသီ အဿဝတီ နက္ခတ်သို့ ပြောင်းရွှေ့ချိန်ကို သတ်မှတ်သည်။

တန်ခူးလ ပုံရိပ် ပိတောက်ပန်း သည် တစ်နှစ်တွင် တစ်လတည်း၊ တစ်လတွင် တစ်ရက်သာ ပွင့်သည့်ပန်း ဖြစ်၍ မြတ်နိုး တန်ဖိုးထား ကြသည်။ ပိတောက်ပန်း နှင့်အတူ နှစ်တစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပခွင့် ရသည့် နှစ်သစ်ကူး ပွဲတော်ကိုလည်း မြတ်နိုး တန်ဖိုးထား ဆင်နွှဲကြသည်။  ရှေးယခင်က သင်္ကြန်ကာလ ၌ ဘုရားသွား၊ ကျောင်းတက်၊ အလှူဒါနပြု၊ သက်ကြီးရွယ်အို များအား ပူဇော်ကန်တော့ ကြလေ့ ရှိသည်။

လူငယ်လူရွယ် များသည် အစုအဖွဲ့များ ဖွဲ့ကာ ကုသိုလ်မှုကို အပြိုင်အဆိုင်၊ အတီး၊ အမှုတ်၊ အက၊ အခုန်တို့ဖြင့် ပြုလုပ်ကြသည်။ ရေပက်ကစား ရာ၌ ယဉ်ကျေး သိမ်မွေ့စွာ သပြေခက်နှင့် ပက်ကြသည်။ ယခုအခါ လွတ်လပ် ပွင့်လင်း မြင်သာမှုနှင့် အတူ နိုင်ငံတကာမှ ဝင်ရောက်လာသည့် စည်းလွတ်ဝါးလွတ် အပြုအမူများကို အတုယူ ကျင့်သုံး လာကြသည်ကို တွေ့မြင် လာရသည်။

မြို့ပြများတွင် ရေကစား မဏ္ဍပ်များ အပြိုင်အဆိုင် ဆောက်၍ အနောက်တိုင်း တေးဂီတနှင့် အနောက်တိုင်း အဆို၊ အကများဖြင့် ရေပက်ကစား လာကြသည် ကိုလည်း တွေ့မြင် လာရသည်။ လမ်းမပေါ်တွင် အရက်သေစာ သောက်စား မူးယစ်ခြင်း၊ မလုံ့တလုံ ဝတ်စား ဆင်ယင် လမ်းသလား နေသည့် အမျိုးသမီး များကို မြင်တွေ့ နေရသည်။

ထိုမြင်ကွင်း များသည် မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ် ကို အရိပ်မည်း ထိုးသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် လာမည့် ၁၃၇၇ ခုနှစ် အတာသင်္ကြန် ကို မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ် အမှန် ဖော်ဆောင်နိုင်ရန် နိုင်ငံတော်က ကြပ်မတ် ဆောင်ရွက် နေရသည်။ အမှန်တကယ် တွင်မူ နိုင်ငံတော်က တင်းတင်း ကျပ်ကျပ် ကြပ်မတ် ကွပ်ကဲစရာ မလိုဘဲ မြန်မာနိုင်ငံသား တိုင်းက အသိ ကိုယ်စီဖြင့် နိုင်ငံကြီးသား ပီသစွာ မိမိတို့ရိုးရာ ဓလေ့ကို ထိန်းသိမ်းသွား ကြရမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာတွင် မြန်မာဟု ဆိုစမှတ် ပြုလောက် သည်ထိ မြန်မာတို့၏ ရိုးရာသင်္ကြန် ပွဲကို ရိုးရာဓလေ့ ထိန်းသိမ်းလျက်၊ ရိုးရာ ယဉ်ကျေးမှုကို တန်ဖိုးထားလျက် ဒီမိုကရေစီ နိုင်ငံသား ပီသစွာ စည်းကမ်းဥပဒေ တို့ကို လေးစားလျက် အသိကိုယ်စီဖြင့် ပျော်ရွှင်ကြည်နူး ဖွယ်ကောင်းသည့် နှစ်သစ်ကူး သင်္ကြန်ပွဲတော် အဖြစ် တန်ဖိုးထား ပါဝင်ဆင်နွှဲ သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger