www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 5, 2016

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ခေါင်းဆောင်နှစ်ဦး နျူကလီးယားလုံခြုံရေးညီလာခံ မှာ ဘာတွေ သဘောတူညီမှု ရခဲ့သလဲ




( ရှိန်းထက် )

မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်က ဝါရှင်တန်၌ ကျင်းပခဲ့သော နျူကလီးယား ထိပ်သီး အစည်းအဝေး သည် နျူကလီးယား လုံခြုံရေးအတွက် သာမက ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် စီးပွားရေး အတွက် ဆွေးနွေးပွဲ တစ်ခုလည်း ဖြစ်သည်။ ယင်း ဆွေးနွေးပွဲတွင် လိပ်ခဲတည်းလည်း အခြေအနေ များကို အတည်ပြုပေး နိုင်ခဲ့သည်။ အထူးသဖြင့် ပြိုင်ဘက်များ အဖြစ် ရပ်တည်နေသည့် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကြားက ပြဿနာများကို ဆောင်ရွက်ပေး နိုင်ခဲ့သည်။

တရုတ်သည် အမေရိကန်၏ စစ်ရေးအင်အား နှင့် စီးပွားရေး အင်အားကို အမီလိုက်ပြီး ၄င်း၏ သြဇာကိုဖြန့်ကြက် လိုသူဖြစ်သည်။ အမေရိကန်၏ နည်းပညာ များကို မရမက အရယူသည်။ မတ်လကုန် ပိုင်းက တရုတ်နိုင်ငံသား တစ်ဦးသည် အမေရိကန်၏ F-22 တိုက်လေယာဉ် နည်းပညာများကို ခိုးယူရန် ကြိုးပမ်းခဲ့သည်။ အမေရိကန် တို့က တရုတ်အစိုးရ၏ လျှို့ဝှက် အစီအစဉ် အဖြစ် စွပ်စွဲခဲ့ကြသည်။ ထို့ပြင် တရုတ်၌ အမေရိကန်၏ ဆိုက်ဘာ လုံခြုံရေးစနစ် များကို တိုက်ခိုက်ရန် ဟက်ကာအဖွဲ့များ သီးသန့်ရှိ နေသည်။

ထို့ကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံ ကြား ဆိုက်ဘာလုံခြုံရေး ညီလာခံကို နှစ်စဉ် ကျင်းပရသည်။ သို့သော် နှစ်နိုင်ငံကြား ဆိုက်ဘာ တိုက်ခိုက်မှုသည် ပြေလည်သွားသည် ဟူ၍မရှိဘဲ ဆိုက်ဘာ တိုက်ခိုက်မှု များက ပို၍ပင် ဆိုးရွား လာသည်။ နောက်ဆုံး တရုတ်တို့က အမေရိကန် တို့၏ ဂြိုဟ်တု များကိုပင် တိုက်ခိုက်လေ့ ရှိသည်။ သို့သော် နျူကလီးယား ညီလာခံက အောင်မြင်မှု များစွာကို ဆောင်ကြဉ်း လာနိုင်ခဲ့သည်။ အထူးသဖြင့် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား တို့သည် မြောက်ကိုရီးယား နျူကလီးယား မပိုင်ဆိုင် နိုင်ရေးကို အတူတကွ တားဆီး သွားမည်ဟု ကတိပြု ခဲ့ကြပြီး အမေရိကန် နှင့် တရုတ်တို့၏ သမိုင်းဝင် ပထမဆုံး ပူးပေါင်းမှု ဖြစ်သည်။

ထို့ပြင် တရုတ်နှင့် အမေရိကန် တို့သည် ဆီးရီးယားနှင့် အာဖဂန်နစ္စတန် ရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများနှင့် ကျန်းမာရေး၊ ပညာရေး အကူအညီများကို အတူတကွ ဆောင်ရွက်ရေးပါ သဘောတူညီမှု ရခဲ့သည်။ အမေရိကန်သည် အာဖဂန်ရှိ သူ၏တပ်ဖွဲ့ များကို ပြန်လည်ခေါ်ယူ နေပြီး တည်ငြိမ်မှု မရှိသည့် အာဖဂန်နစ္စတန် အတွက်လည်း အမေရိကန် ထွက်ချိန်တွင် အကူအညီ လိုနေသေးသည်။ ထိုအချိန် တရုတ်ကလည်း အရှေ့ အလယ်ပိုင်းတွင် သူ၏စီးပွားရေး ဗျူဟာများကို ခင်းချင်နေသည့် အတွက် အာဖဂန်၌ နေရာဝင်ယူချင် နေသည်။ ထို့ကြောင့် အာဖဂန်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းသူ များနှင့် သူ၏ ဆေးတပ်ဖွဲ့ကို တာဝန်ချထား ခဲ့သည်။

သို့သော်လည်း လူအများ စိတ်ဝင်စား နေကြသည့် တောင်တရုတ် ပင်လယ်အရေးကို တရုတ်နှင့် အမေရိကန်တို့ လုံးဝမဖြေရှင်း နိုင်ခဲ့ပေ။ သမ္မတ ရှီကျင့်ဖျင် က တောင်တရုတ် ပင်လယ်ပြင်သည် သူတို့ပိုင်နက် ဖြစ်သောကြောင့် အမေရိကန်၏ ရေကြောင်း ကင်းလှည့်ရေး အစီအစဉ်ကို ကန့်ကွက်ကြောင်း ပြောခဲ့သည်။ သို့သော် အမေရိကန် က တရုတ်တို့ ကန့်ကွက်နေသည့် ကြားမှပင် ကင်းလှည့်မည့် အစီအစဉ်ကို ရပ်တန့်မည် မဟုတ်ကြောင်း ဆိုခဲ့သည်။

ထို့ပြင် တောင်ကိုရီးယား တွင်ချထားမည့် အမေရိကန်၏ ဒေါ်လာသန်း ၈ဝဝ တန် ဒုံးပျံကာကွယ်ရေး အစီအစဉ် THAAD များ ကိုလည်း တရုတ်က ကန့်ကွက်ကြောင်း ဆိုခဲ့သည်။ အမေရိကန်၏ ဒုံးပျံ ကာကွယ်ရေး စနစ် THAAD များသည် ကိုရီးယားကျွန်းဆွယ် လုံခြုံရေးအတွက် လိုအပ်သည်ထက် ပိုမို အင်အားကြီးမား နေသည်ဟု သမ္မတ ရှီကျင့်ဖျင် ကဆိုသည်။ အမေရိကန်  ၏ဒုံးပျံကာကွယ်ရေး စနစ် THAAD က လိုအပ်လျှင် တရုတ်နိုင်ငံထဲ အထိပင် ရေဒါဖြန့်ကြက် နိုင်သောကြောင့် ဖြစ်သည်။ ရှီကျင့်ဖျင် စိုးရိမ်သည်မှာလည်း ထိုအရာကြောင့် သာ ဖြစ်သည်။ သို့သော် အမေရိကန်က တရုတ်၏ ကန့်ကွက်မှုကို ငြင်းဆန်ပြီး THAAD များကို မြောက်ကိုရီးယား အား အကြောင်းပြ၍ ဆက်လက် ထားရှိသွားမည် ဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင် အနေဖြင့် အမေရိကန် သမ္မတ အိုဘားမား ထံမှ နောက်ထပ် အလိုရှိသည့် အရာများ ရှိသေးသည်။ စက်မှုထိပ်သီး ညီလာခံ G 20 အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး နှင့် တရုတ် (တိုင်ပေ) အရေးဖြစ်သည်။ G 20 အိမ်ရှင်အဖြစ် ကျင်းပလျှင် လတ်တလော ဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၄ဝဝ ခန့် အမြတ်ရမည်။ ထို့ပြင် သတ်မှတ်ထားသည့် အိမ်ရှင်နိုင်ငံ အတွက် ရေရှည် ရင်းနှီးမြှုပ်နှံမှု များကြောင့် ဒေါ်လာ ဘီလီယံနှင့်ချီ အမြတ် ရရှိနိုင်သည်။ တစ်ဖန် တရုတ်(တိုင်ပေ) အရေးသည် သမ္မတ ရှီကျင့်ဖျင် အတွက် အမေရိကန် ဝင်လာမှ ကိုင်တွယ်ရ ပိုခက်သွားသည်။ စီးပွားရေးအရ ဆက်ဆံရေး လွှမ်းမိုးထားနိုင်သော တရုတ်သည် တရုတ် (တိုင်ပေ) ကို သူ့နိုင်ငံ၏ နိုင်ငံပိုင်နက် အဖြစ် ရှုမြင်သည်။

ထို့ကြောင့် အမေရိကန်၏ စစ်ရေး အကူအညီများ ပေးနေမှုကို ရပ်တန့်ရန် ရှီကျင့်ဖျင် က အိုဘားမား ကိုတိုက်တွန်း ခဲ့ပြီး အမေရိကန်၏ ယမန်နှစ်က ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိသည့် လက်နက်များကို တရုတ် (တိုင်ပေ) သို့ ရောင်းချခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် ယင်း ဆွေးနွေးပွဲတွင် ထူးခြားသည့် သဘောတူညီမှု တစ်ခု ရရှိခဲ့သည်။ အမေရိကန် နှင့် တရုတ်တို့ ကမ္ဘာ့  စီးပွားရေး တိုးတက်မှုနှုန်း မြန်ဆန်စေရေးနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး ဟူသည့် ကတိကဝတ် ဖြစ်သည်။

တရုတ်က Silk and Road ဟူသည့် သူ၏ဒေါ်လာ ဘီလီယံ ၄ဝ တန်ကြေးရှိသည့် ကုန်သွယ်ရေး လမ်းမကြီးကို တည်ဆောက်မည်။ အမေရိကန်၏ အကျိုးစီးပွား လုံးဝ မပါပေ။ ထို့အတူ အမေရိကန် ကလည်း ပစိဖိတ်ဖြတ်ကျော် စီးပွားရေး စီမံကိန်းရေးဆွဲ သည်။ တရုတ်၏ အကျိုးစီးပွား လုံးဝမပါ ဝင်ပေ။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမရှိဘဲ ကမ္ဘာ့  စီးပွားရေး တိုးတက်မှု မြန်ဆန်လာရန် မျှော်လင့်ချက်သည် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်သည်။

ထို့ကြောင့် အိုဘားမားနှင့် ရှီကျင့်ဖျင် တို့သည် နောက်ဆုံး အကျိုးတူ နှစ်ဖက် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်များချုပ်ဆို နိုင်ရန်အထိ အလျင်မြန်ဆုံး အကောင် အထည်ဖော်ရန် သဘော တူညီခဲ့ ကြသည်။ တရုတ်ကို အမေရိကန်တို့ စွပ်စွဲချက် တစ်ခုရှိသည်။ တရုတ်က သူ၏ ငွေကြေးတန်ဖိုး များကို လျှော့ချထားသည်။ ပို့ကုန်တန်ဖိုးကို အမြတ်အများဆုံး အထိ မြှင့်တင်နိုင်ရန် ဖြစ်သည်။ ထိုအချက် ကိုလည်း ရှီကျင့်ဖျင်က ငြင်းဆန်ခဲ့ပြီး အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု များကိုပင် ဖိတ်ခေါ်ကာ ကမ္ဘာ့ စီးပွားရေး လျင်မြန်စွာ တိုးတက်ရေး ၄င်းအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းရန် အဆင်သင့်ရှိ နေကြောင်း ဆိုခဲ့သည်။

ထို့ကြောင့် အမေရိကန်နှင့် တရုတ်တို့ တောင်တရုတ် ပင်လယ်ပြင် အရေးကြောင့် တင်းမာမှုများ မြင့်တက်လာသည့် ကြားမှပင် အပြုသဘော ဆောင်သည့် ရလဒ်များ ထွက်ပေါ်လာ စေရန် စွမ်းဆောင်နိုင်မှုမှာ အောင်မြင်မှုဟု ဆိုရမည်ဖြစ်သည်။ နဂိုက တင်းမာမှု များကြောင့် မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ အောင်မြင်နိုင်မည် လားဟု ထင်ထားခဲ့ကြသည့် အိုဘားမားနှင့် တရုတ်တို့အပေါ် ဝေဖန်ချက်များသည် အလွဲကြီး လွဲခဲ့ကြသည်။ လူတိုင်းက ၂ဝ၁၅ ခုနှစ်တွင် G 20 စက်မှုထိပ်သီး အစည်းအဝေး တူရကီ၌ ကျင်းပခဲ့စဉ် အိုဘားမားနှင့် ပူတင် တင်းမာသည့် မျက်နှာထားများ ရှိခဲ့ကြသည့် ပုံစံကိုကြည့်၍ သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ထင်မှတ်မထား နိုင်လောက်အောင် အိုဘားမားနှင့် ရှီကျင့်ဖျင် သည် သံတမန် ဆက်ဆံရေး အခြေအနေ မကဘဲ ရင်းနှီးသည့် မိတ်ဆွေများ သဖွယ်ဆက်ဆံ ခဲ့ကြပြီး မတူညီမှုများကို ဘေးဖယ်ကာ ကမ္ဘာကြီးအတွက် အကောင်းမွန်ဆုံး အပြုသဘော ဆောင်သည့် ဆုံးဖြတ်ချက် များကို ချမှတ်ခဲ့ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger