www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 22, 2016

တင်းမာမှုများ မြင့်တက်နေသည့် တောင်တရုတ်ပင်လယ်၌ အမေရိကန်က ရေအောက်စက်ရုပ်တပ်ဖွဲ့ကို တပ်ဖြန့်ချထားရန်စီစဉ်


US Navy’s new drone warship looks like a Philippine fishing boat


( အာကာ )

ပြီးခဲ့သည့်နှစ်မှ စတင်ကာ အမေရိကန်- တရုတ် တင်းမာမှုများ မြင့်တက်စေသည့် တောင်တရုတ် ပင်လယ်အရေးနှင့် စပ်လျဉ်း၍ အမေရိကန် က နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိသည့် အပြင် အဆိုပါ တောင်တရုတ် ပင်လယ် အတွင်းရှိ စပရတ်တလီ ကျွန်းစုအနီး ၌ ရေအောက် စက်ရုပ်ဟု ခေါ်တွင်နိုင်သော ရေအောက် မောင်းသူမဲ့ ရေငုပ်သင်္ဘော ရေယာဉ်စု တစ်ခုကို စေလွှတ်ရန် စီစဉ်နေပြီ ဖြစ်သည်။

အမေရိကန် အစိုးရအနေဖြင့် တောင်တရုတ် ပင်လယ်အတွင်း မြေနေရာ ကျူးကျော်မှုများ ဆက်တိုက် ပြုလုပ်လာသည့် တရုတ်နိုင်ငံ ၏ လုပ်ရပ်များ အပေါ် ၂ဝ၁၅ ခုနှစ်မှစ၍ ပြစ်တင် ပြောကြားမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် အမေရိကန်က အဆိုပါ အငြင်းပွား ကျွန်းစုများ၏ နယ်နိမိတ်အနီး ရေကြောင်း ကင်းလှည့်မှု များနှင့် တရုတ်နိုင်ငံ၏ ဝေဟင်ပိုင်နက် ကို ဖြတ်သန်း၍ လေကြောင်း ကင်းထောက်မှုများ အပါအဝင် ဒေသတွင်း အငြင်းပွားမှုများ မြင့်တက် စေသည့် လုပ်ရပ်များကို ဆက်တိုက် ဆိုသလို လုပ်ဆောင် ခဲ့သည်။

ဆက်လက်၍ အာရှ-ပစိဖိတ် ဒေသ တစ်လျှောက်ရှိ နိုင်ငံများ အနေဖြင့် တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်အတွင်း မြေနေရာ ကျူးကျော်မှု များနှင့် ယင်း ပင်လယ်ကို စစ်ရေးအရ ပုံဖော်နေမှု များနှင့် ပတ်သက်ကာ စိုးရိမ်သည့် အသံများ ထွက်ပေါ် လာကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာ က တောင်တရုတ် ပင်လယ် အတွင်းရှိ USS Stenmis လေယာဉ်တင် သင်္ဘောပေါ်သို့ သွားရောက်စဉ် ပြောကြားသည်။

ထိုသို့ အမေရိကန်နှင့် တရုတ်နိုင်ငံ တို့အကြား တင်းမာနေသော တောင်တရုတ် ပင်လယ် အရေးနှင့် စပ်လျဉ်း၍ အလောတကြီး လုပ်ဆောင်ခြင်း မပြုရန် တရုတ်နိုင်ငံ က ထပ်တလဲလဲ တိုက်တွန်းထား သော်လည်း
အမေရိကန်က ၄င်း၏ စစ်ရေး နည်းဗျူဟာကို မြှင့်တင်သည့် အနေဖြင့် အဆိုပါ ပင်လယ်ပြင် အတွင်း မောင်းသူမဲ့ ရေငုပ်သင်္ဘော ရေယာဉ်စု တစ်ခုကို တပ်ဖြန့် ချထားရန် စီစဉ် နေပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပင်တဂွန် စစ်ဌာနချုပ် အနေဖြင့် အလေးချိန် အမျိုးမျိုးရှိသော ဝန်စည်များကို သယ်ဆောင် နိုင်သည့် ရေအောက် မောင်းသူမဲ့ ရေယာဉ် အရွယ်အစား မျိုးစုံကို ထုတ်လုပ် ထားရှိပြီး ဖြစ်ကြောင်း၊ အဓိကအားဖြင့် ယင်း မောင်းသူမဲ့ ရေယာဉ်များသည် ရေငုပ် သင်္ဘောကြီးများ မစွမ်းဆောင် နိုင်သော ရေတိမ်ပိုင်း စစ်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ကာတာ က ပြောကြားသည်။

ထို့ပြင် ပင်တဂွန် စစ်ဌာနချုပ်သည် လာမည့်နှစ်အတွင်း ရေငုပ်သင်္ဘောများ ထုတ်လုပ်ရန် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့် အသုံးပြုသွားရန် လျာထားပြီး အဓိကအားဖြင့် လက်နက်တပ်ဆင် ထားသော မောင်းသူမဲ့ ရေငုပ်သင်္ဘောများ ထုတ်လုပ်မှုကို ဦးစားပေး လုပ်ဆောင်သွားဖွယ် ရှိသည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုသည် တောင်တရုတ် ပင်လယ်အတွင်း မတည်ငြိမ်မှု ဖြစ်စဉ်များအကြား အမေရိကန်က ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့်လည်း အမေရိကန် တို့၏ လုပ်ဆောင် နိုင်စွမ်းနှင့် ပတ်သက်၍ မည်သည့် အခါမျှ အတိအကျ သိရှိနိုင်မည် မဟုတ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ခြင်းဖြင့် တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်အတွင်း ကျူးကျော် နေသည့် လုပ်ရပ်များ ရပ်တန့်စေမည် ဖြစ်ကြောင်း အမေရိကန် လုံခြုံရေးရာ ဌာနမှ ရှောင်န်ဘရင်မ်လေ က Financial Times သတင်းဌာနသို့ ပြောကြား ထားသည်။

အဆိုပါ မောင်းသူမဲ့ ရေငုပ်သင်္ဘော များသည် မောင်းသူမဲ့ လေယာဉ်များနှင့် တူညီသော စွမ်းဆောင်ရည် အများအပြား ရှိသည်။ လူလိုက်ပါခြင်း မရှိသည့် အတွက် အရွယ်အစားကို လိုအပ်သလို တည်ဆောက် နိုင်ပြီး ကုန်ကျစရိတ် လည်း ပိုမိုသက်သာ စေသည်။ ထို့ပြင် ဆိုနာနှင့် တခြား ထောက်လှမ်းရေး စနစ်များမှလည်း အလွယ်တကူ ရှောင်ကွင်းနိုင်စွမ်း ရှိသောကြောင့် ပင်တဂွန် စစ်ဌာနချုပ် အနေဖြင့် ယင်းမောင်းသူမဲ့ ရေယာဉ် အများအပြားကို တပ်ဖြန့်ချရန် စီစဉ်ခြင်း ဖြစ်သည်။

ရေငုပ်သင်္ဘော အရွယ်အစား သေးငယ်လေ ရှာဖွေ ထောက်လှမ်းရန် ခက်ခဲလေ ဖြစ်သည့်အတွက် ထောက်လှမ်းခြင်း သို့မဟုတ် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အဆိုပါ မောင်းသူမဲ့ ရေငုပ်သင်္ဘော များကို ရန်သူ့ ရေပြင်ပိုင်နက် အတွင်းသို့ အလွယ်တကူ စေလွှတ်နိုင်မည် ဖြစ်ပြီး ထိုမောင်းသူမဲ့ ရေငုပ်သင်္ဘောများ အသုံးပြုခြင်းသည် အမေရိကန် ရေတပ်၏ ရောက်ရှိတပ်ဖြန့် နိုင်မှုစွမ်း ရည်ကို ပိုမိုတိုးမြှင့် ပေးရာလည်း ရောက်မည်ဖြစ်သည်။

ပင်တဂွန် စစ်ဌာနချုပ်သည် ရေငုပ်သင်္ဘော တိုးတက် ထုတ်လုပ်ရေး အတွက် ကာကွယ်ရေး အသုံးစရိတ် အများအပြားကို ပုံအော အသုံးပြုနေစဉ် တစ်ပြိုင်နက်တည်း မှာပင် ရေပေါ်သွား မောင်းသူမဲ့ စစ်ရေယာဉ်စုကို ထုတ်လုပ်နေပြီ ဖြစ်သည်။ လက်ရှိတွင် ကာကွယ်ရေး ဆိုင်ရာ တိုးတက်သော သုတေသန စီမံကိန်းများ အေဂျင်စီ DARPA က ထုတ်လုပ်ထားသည့် တစ္ဆေသင်္ဘောဟု နာမည်ပြောင် ရရှိထားသော Sea Hunter မောင်းသူမဲ့ ရေယာဉ်သည် ကမ္ဘာ့ သမုဒ္ဒရာကြီး များအတွင်းရှိ ရေငုပ် သင်္ဘောများကို အလိုအလျောက် လျှို့ဝှက်စွာ ရှာဖွေထောက်လှမ်း နိုင်စွမ်းရှိသည်။

အမေရိကန်က အဆိုပါ Sea Hunter မောင်းသူမဲ့ ရေယာဉ်ကို ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်နှင့်ရုရှား နိုင်ငံတို့ကို တန်ပြန်ရန်အတွက် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် တရုတ်နှင့်ရုရှား နိုင်ငံတို့သည် ထိုကဲ့သို့ ရေတပ်အား အဆင့်မြှင့်တင် မှုများ လုပ်ဆောင်နေခြင်း နှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရအနေဖြင့် စိုးရိမ် ပူပန်မှုများ အလွန်အမင်း မြင့်တက်လာ နေခြင်းကြောင့် ဖြစ်သည်။

တောင်တရုတ် ပင်လယ်သည် နိုင်ငံတကာ ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၅ ထရီလီယံ ရရှိသည့် ဒေသတစ်ခု ဖြစ်ပြီး ယင်းပင်လယ်ပြင် တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ၄င်းတို့ ပိုင်ဆိုင်ကြောင်း အတိအလင်း ပြောကြားထားသည့် အတွက် အဆိုပါ ပင်လယ်ပြင်နှင့် ထိစပ်နေသော ဒေသတွင်း နိုင်ငံများဖြစ်သည့် ဂျပန် ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ် (တိုင်ပေ)နှင့် ဘရူနိုင်းနိုင်ငံ တို့နှင့် ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ စပရတ်တလီ ကျွန်းစု၌ လူလုပ်ကျွန်းတုများ အပြင် လေယာဉ်ကွင်းနှင့် အဆောက်အအုံများ တည်ဆောက်လျက် ရှိသည်။

အဆိုပါ လုပ်ဆောင်မှုသည် နိုင်ငံတကာ ဆိုင်ရာ ကယ်ဆယ်ရေး ကိစ္စရပ်များ အတွက် ဖြစ်ကြောင်း တရုတ်နိုင်ငံက တွင်တွင် ပြောကြားထား သော်လည်း အမေရိကန်ကမူ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်တွင် စစ်ရေးအရ ပုံဖော်နေခြင်း ဖြစ်သည်ဟု ထပ်တလဲလဲ ပြောကြား ထားသည်။ တောင်တရုတ်ပင်လယ် အရေးတွင် အမေရိကန်နိုင်ငံ အနေဖြင့် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိသော်လည်း ၄င်း၏ဒေသတွင်း မဟာမိတ်နိုင်ငံများ ဖြစ်သော ဖိလစ်ပိုင်၊ တရုတ်(တိုင်ပေ) အစရှိသည့် နိုင်ငံများဘက်မှ နေ၍ ဝင်ရောက် ရပ်တည်ပေးခြင်း ဖြစ်သကဲ့သို့ ဒေသတွင်း အင်အားချိန်ခွင်လျှာ ညှိသည့် သဘောလည်း ပါဝင်ပေသည်။

ထို့ပြင် တရုတ်နိုင်ငံသည် အရှေ့တရုတ် ပင်လယ်အတွင်း ဂျပန်နိုင်ငံနှင့် ပိုင်နက် အငြင်းပွား နေသောကြောင့် ဂျပန်နိုင်ငံကလည်း ၄င်း၏ မဟာမိတ်ဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံသို့ ရေကြောင်း ကင်းထောက် လေယာဉ် ပေးအပ်ခြင်းအပါအဝင် နှစ်ပေါင်း ၁၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဖျက်သင်္ဘောနှစ်စင်း ခြံရံသည့် ရေငုပ်သင်္ဘော တစ်စင်းကိုလည်း စေလွှတ်ကာ တရုတ်နိုင်ငံကို အင်အားပြမှုများ လုပ်ဆောင် ခဲ့သည်။ ဆက်လက်ပြီး အမေရိကန်နှင့် ဒေသတွင်း မဟာမိတ်နိုင်ငံ တို့ကလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများ အဆက်မပြတ် ပြုလုပ်ကာ တရုတ်နိုင်ငံ၏ ကျူးကျော်မှုများကို ရင်ဆိုင်ရန် အသင့်ပြင်ဆင် ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံ ဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အကြား တင်းမာမှုသည် တောင်တရုတ် ပင်လယ် အရေးကို အကြောင်းပြု၍ တစ်စထက် တစ်စ မြင့်တက်လာ နေပြီ ဖြစ်ပေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger